အမှား
လူဆိုသောသတ္တ၀ါမှာ
နေ့စဉ်နဲ့အမျှ လှုပ်ရှားရုန်းကန်နေသောသတ္တ၀ါပင်ဖြစ်သည်။ နေ့စဉ်လုပ်ရှားနေသော အချိန်တိုင်း
နေရာတိုင်းတွင် လုပ်ဆောင်ချက်တိုင်းသည် အမှန်ချည်းပင်ဖြစ်ရန် ခက်ခဲသည်။`လူမှန်လျှင်အမှားတော့ရှိမှာပဲ´
ဟုစကားကိုလက်ကိုင်ထားသူများလည်း ဒုနဲ့ဒေး.
`မမှားသောရှေ့နေ
အသေသောဆေးဆရာ´ စသည်ဆောင်ပုဒ်များသည် လူများ၏အမှားနှင့်ပတ်သတ်သော လူအများသုံးနှုန်းသော
ဆောင်ပုဒ်များဖြစ်သည်။ အမှားဟုဆိုရာတွင် ပြုပြင်ရန်လွယ်ကူသော အမှားနှင့် ပြုပြင်ရန်ခက်ခဲသောအမှားဟု
၂ မျိုးခွဲခြားနိုင်သည်။ ဥပမာ လမ်းလျှောက်သင်စကလေးတစ်ယောက် လဲကျခြင်းသည် အမှားဖြစ်လျှင်
စက်ဘီးသင်စ လူငယ်တစ်ယောက် လဲကျခြင်းသည်လည်း အမှားတစ်ခုဖြစ်သည်။ကားမောင်းသင်စလူတစ်ယောက်
မတော်တဆဖြစ်သည်လည်း အမှားတစ်ခုပင်ဖြစ်သည်။
ထိုသို့သင်စအမှား
၃ ခုတွင်ပင် ဆုံးရှုံးမှုအနည်းနှင့်အများကွာခြားသွားသည်။ လူတိုင်းအမှားနှင့်မကင်းသူတွေချည်းဖြစ်သည်။
တစ်ကြိမ်တစ်ခါမျှမမှားဘူး ဟုဆိုသူသည် မည်သည့်အလုပ်ကိုမျှမလုပ်ဘူးသူဟု အဓိပ္ပယ်သက်ရောက်စေသည်။
ပုဂံဆေးသူသည် ပုဂံကျကွဲဘူးသည်။ လမ်းလျှောက်သူသည် ချော်လဲဘူးသည်။ နေ့စဉ်နှင့်အမျှ များများလုပ်သူသည်
များများမှားနိုင်ချေရှိသည်။ သို့သော် အမှားတစ်ခုတည်းကို အကြိမ်ကြိမ်မှားနေခြင်းသည်
လွန်စွာဥာဏ်နည်းသူပင်ဖြစ်သည်။ တစ်ကြိမ်မှားဘူးလျှင် ထိုအမှားအတွက် နောင်တရနေစေရန်မလို
ပြုပြင်ရန်နှင့် နောက်တစ်ကြိမ် မဖြစ်စေရန်ဆင်ခြင်ရန်သာလိုသည်။ သို့သော်ပို၍ဥာဏ်နည်းသူမှာ
အပြစ်ပြောသူပင်ဖြစ်သည်။ စေတနာနှင့်ဖြစ်ဖြစ် ဂရုဏာကြောင်ဖြစ်ဖြစ် မည်သည့်နည်းနှင့်မျှ
အမှားလုပ်သူကို အပြစ်မပြောသင့်ပေ။ အပြစ်ပြောမည့်အစား အဘယ့်ကြောင့်ဖြစ်သနည်း စဉ်းစားရန်အချိန်ပေးသင့်သည်။
ဖြေရှင်းခွင့်ပေးသင့်သည်။(ဆင်ခြေပေးခိုင်းသည်မဟုတ်ပါ အကျိုးသင့်အကြောင်းသင့်ရှင်းပြခွင့်ပေးသင့်သည်။)
ပြင်ဆင်ခွင့်ဖန်တီးပေးသင့်သည်။
သို့မှသာ ပို၍ကောင်းမွန်သော အခြေအနေတစ်ခု ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ လူတစ်ယောက်အမှားတစ်ခုကျူးလွန်မိသည်ဆိုပါဆို့..
တစ်ခြားလူတစ်ယောက်က ဒါကအမှားကြီးပဲ အသုံးမှမကျတာ ဖြစ်မှာပေါ့ ပေါ့လျှော့တာကိုး စသည်ဖြင့်
အပြစ်ပြောဆိုပါက အမှားကျူးလွန်သူသည် သူမည်မျှမှန်ကန်ကြောင်းကို မျက်ရည်ဝိုင်းဝိုင်းဖြင့်ပြောပြပါလိမ့်မည်။
သို့သော် ထိုပြောပြချက်များသည်လည်း အမှားပြုသူ၏ ပင်ကိုယ်စိတ်ဆန္ဒမဟုတ်ပေ။ အမှားပြုပြီး
အပြစ်ဖြစ်မှာစိုးရိမ်၍ ပြောဆိုခြင်းသာဖြစ်သည်။အပြစ်တင်ပြောဆိုခြင်းသည် ထိုသို့ဆင်ခြေများကိုသာ
ဖြစ်ပေါ်ရန်တွန်းအားပေးသည်။
ထိုသို့မဟုတ်ပဲ
ဘယ်လိုဖြစ်ရတာတုန်း မတော်တဆဖြစ်တာပဲ ဖြစ်တတ်ပါတယ်ဟု အပြုသဘောဆောင်မေးခွန်းများမေးပါက
အမှားပြုလုပ်သူသည် ၀န်ခံလိုစိတ် တာဝန်ယူလိုစိတ် ဖြစ်ပေါ်ကာ သူ့အမှားမည်ကဲ့သို့ဖြစ်ရပုံ
သေချာပြောပြပါလိမ့်မည်။ ထိုအချိန်မှစ၍ ထိုကဲ့သို့အမှားမျိုးဖြစ်ပေါ်စေရန် ဆောင်ရန်ရှောင်ရန်များကို
သူ့သဘောနှင့်သူ ပြုပြင်သွားပါလိမ့်မည်။
ဆက်ရန်ရှိပါသေးသည်...
ကျော်စံလင်း
No comments:
Post a Comment