Thursday, July 3, 2014

ဘာကြောင့် ပင်ပန်းရတာလဲ

ဘာကြောင့် ပင်ပန်းရတာလဲ
===================
သူများတွေနဲ့ယှဉ်ရင် ပင်ပန်းနွမ်းနယ်လွယ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေပါ သလား။ သင်ခံစားနေရတဲ့ ပင်ပန်းနွမ်းနယ်မှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာကြည့်ပြီး ပင်ပန်းမှုကင်းဝေးအောင် လုပ်ဆောင်သင့်တဲ့ နည်းလမ်းကိုပါ ဖော်ပြပေးလိုက်ပါတယ်။
၁။ အိပ်ချိန်အပြည့်အ၀ မရတာကြောင့်ပါ---
အိပ်ချိန်နည်းလွန်းတာကြောင့် ပင်ပန်းလွယ်ပါတယ်။ အိပ်ရေးမ၀တာဟာ စူးစိုက်အားနဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရွယ်ရောက်တဲ့သူတွေဟာ တညကို ၇-နာရီလောက် အိပ်ချိန်ရှိသင့်ပါတယ်။
ပင်ပန်းမှု ကင်းဝေးအောင်---
ညဘက်မှာ အိပ်စက်မှုကို ဦးစားပေးပြီး ပုံမှန် အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန် သတ်မှတ်ထားပါ။ အိပ်ခန်းထဲမှာ လက်ကိုင်ဖုန်း၊ ကွန်ပျူတာ၊ တီဗီတွေ မထားရှိပါနဲ့၊ မီးမှိန်မှိန် ထွန်းပြီး အနားယူကာ အိပ်ပါ။
၂။ အိပ်ပျော်နေချိန် မကြာခဏ အသက်ရှူရပ်တာကြောင့်ပါ---
တချို့လူတွေက အိပ်ချိန်အလုံအလောက်ပေးပြီး အိပ်တာပဲ။ ဒါပေမဲ့ ပင်ပန်းနေတုန်းပဲလို့ ပြောတတ်ကြပါတယ်။ ဒါဟာ ညမှာ အသက်ရှူရပ်တတ်တဲ့ အလေ့အထရှိလို့ပါ။ အိပ်ရင်း မကြာခဏ အသက်ရှူရပ်တာဟာ ခဏတာလန့်နိုးစေပေမယ့် သင်ကတော့ သတိမူမိမှာ မဟုတ်ပါဘူး။
ပင်ပန်းမှု ကင်းဝေးအောင်---
အ၀လွန်နေရင် ကိုယ်အလေးချိန်လျှော့ပါ။ ဆေးလိပ်ဖြတ်ပါ။ အသက်ရှူလမ်းကြောင်း ပွင့်စေတဲ့ ကိရိယာတပ်ပြီး အိပ်ပါ။
၃။ သွေးအားနည်းနေတာကြောင့်ပါ---
သွေးအားနည်းရောဂါဟာ အမျိုးသမီးတွေမှာ ပင်ပန်းခြင်းဖြစ်စေတဲ့ အဓိကအကြောင်းရင်းပါ။ လစဉ် ရာသီသွေးဆင်းတာဟာ သံဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ သွေးနီဥတွေဟာ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်သျှူးတွေဆီ အောက်ဆီဂျင်ပို့ဆောင်ပေးတာကြောင့် လိုအပ်လှပါတယ်။
ပင်ပန်းမှု ကင်းဝေးအောင်---
သံဓာတ်ချို့တဲ့တာကြောင့် ဖြစ်ရတဲ့ သွေးအားနည်းရောဂါအတွက် သံဓာတ်အားဖြင့် ဆေးတွေနဲ့ သံဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။ သံဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေ အဆီနည်းအသား၊ အသည်း၊ အမြစ် ကလီစာများ၊ ပဲအမျိုးမျိုးနဲ့ ကွေကာ စတာတွေဖြစ်ပါတယ်။
၎။ စိတ်ဓာတ်ကျတာကြောင့်ပါ---
စိတ်ဓာတ်ကျတာကို စိတ်ပိုင်းဆိုင်ရာ ပြဿနာအဖြစ် ထင်မြင်ကြပေမယ့် ဒါဟာ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာနဲ့ ဆက်စပ်နေပါတယ်။ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အစာစားချင်စိတ် လျော့နည်းခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဟာ စိတ်ဓာတ်ကျခြင်းရဲ့ အဓိကလက္ခဏာတွေပါ။ တကယ်လို့ သင်ဟာ နှစ်ပတ်ကျော်ကြာ ပင်ပန်းပြီး စိတ်ဓာတ်ကျနေရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။
ပင်ပန်းမှုကင်းဝေးအောင်---
စိတ်ဓာတ်ကျရင် ဆေးကုသမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်တောင်းခံမှုတွေ ပြုလုပ်ပါ။
၅။ ကော်ဖီသောက်တာ များသွားလို့ပါ---
ကော်ဖီကို အသင့်အတင့် သောက်ရင် စိတ်ဓာတ်ကြွပြီး စူစိုက်အားကောင်းစေနိုင်ပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ပမာဏ များလွန်းရင်တော့ နှလုံးခုန်နှုန်း မြန်စေခြင်း၊ သွေးတိုးစေခြင်းနဲ့ ကတုန်ကယင်ဖြစ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ သုတေသနတွေအရ တချို့လူတွေမှာ ကဖင်းဓာတ်ပမာဏများတာဟာ ပင်ပန်းနွန်းနယ်တတ်ကြောင်း သိရပါတယ်။
ပင်ပန်းမှု ကင်းဝေးအောင်---
ကဖင်းဓာတ်ပမာဏများပြားတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အချိုရည်နဲ့ ဆေးဝါးတချို့ကို တတ်နိုင်သမျှ ရှောင်ပါ။ ကဖင်းဓာတ်ကို ချက်ချင်းရပ်ပစ်လိုက်ရင်တော့ ပိုမိုပင်ပန်းတတ်တဲ့အတွက် မလုပ်သင့်ပါဘူး။
၆။ သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှု အားနည်းတာကြောင့်ပါ---
သိုင်းရွိုက်ဟာ လည်ပင်းအခြေမှာရှိတဲ့ ဂလင်းငယ်တခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိန်းချုပ်ပါတယ်။ သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှုအားနည်းပြီး ဇီဝရုပ်ဖြစ်ပျက်မှုနှေးရင် ကိုယ်အလေးချိန်တက်ပြီး ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။
ပင်ပန်းမှု ကင်းဝေးအောင်---
သိုင်းရွိုက်ဟော်မုန်း နည်းနေသလားဆိုတာ သိနိုင်ဖို့ သွေးစစ်ဆေးမှု ခံယူသင့်၊ မသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။
၇။ ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့်ပါ---
ဆီးလမ်းကြောင်း ပိုးဝင်နေရင် ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ဆီးသွားချင်စိတ် မကြာခဏ ဖြစ်ပေါ်ခြင်းတွေ ခံစားရတတ်ပါတယ်။ အဲဒီအခါ ပင်ပန်းနွမ်းနယ်မှု ခံစားရတတ်ပါတယ်။
ပင်ပန်းမှု ကင်းဝေးအောင်---
ဆီးလမ်းကြောင်း ပိုးဝင်နေသလားဆိုတာ သိနိုင်ဖို့ ဆီးစစ်ဆေးမှုခံယူပါ။ ဆီးလမ်းကြောင်း ပိုးဝင်မှု ကုသဖို့ရာအတွက် ပဋိဇီဝပိုးသတ်ဆေး သောက်ပေးရင် ရက်သတ္တ တပတ်အတွင်း သက်သာသွားပါ လိမ့်မယ်။
၈။ ဆီးချိုသွေးချိုရောဂါ ရှိတာကြောင့်ပါ---
ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ သွေးကြောထဲ သကြားဓာတ် ပုံမှန်မဟုတ်ဘဲ မြင့်မားနေနိုင်ပါတယ်။ ဆီးချိုရောဂါကို ကုသမှုမခံယူရင် ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။
ပင်ပန်းမှု ကင်းဝေးအောင်---
ဆီးချိုသွေးချိုရောဂါအတွက် ကုသမှုမှာ အစားအသောက်၊ အားကစား၊ အင်ဆူလင် ကုသမှုစတာတွေ ပါဝင်နေပါတယ်။ ဆရာဝန်နဲ့ တွေ့ဆုံကာ ကုသမှုနည်းလမ်းတွေကို စနစ်တကျ ခံယူပါ။
၉။ ရေဓာတ်ခန်းခြောက်နေတာကြောင့်ပါ---
သင်ဟာ အပြင်ထွက် အလုပ်လုပ်လို့ပဲ ဖြစ်ဖြစ်၊ အလုပ်စားပွဲမှာ လုပ်ရလို့ပဲ ဖြစ်ဖြစ် ကောင်းကောင်းအလုပ် လုပ်နိုင်ဖို့ ခန္ဓာကိုယ်က ရေဓာတ်လိုအပ်နေပါတယ်။ ရေဆာနေရင် ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်ကာ ပင်ပန်းနွမ်းနယ်နေနိုင်ပါတယ်။
ပင်ပန်းမှု ကင်းဝေးအောင်---
ဆီးအရောင် ဖျော့နေအောင် ရေကို တနေ့လုံးသောက်ပါ။ ချွေးထွက်များတဲ့နေ့တွေမှာ ရေကို ခါတိုင်းထက် ပိုသောက်ပါ။
၁၀။ အလုပ်ချိန်ပြောင်းတာကြောင့်ပါ---
နေ့ဘက် အလုပ်လုပ်ရာက ညဘက်အလုပ် ပြောင်းလုပ်ရခြင်း၊ အလုပ်ချိန်ပြောင်းပြီး အိပ်စက်တဲ့ အလေ့အထ ပြောင်းလဲခြင်းတွေဟာ ဇီဝနရီကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲဒီအခါ အိပ်ရေးမ၀ တော့ဘဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။
ပင်ပန်းမှု ကင်းဝေးအောင်---
အိပ်တော့မယ်ဆိုရင် အလင်းရောင်နဲ့ ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချပါ။ အခန်းဟာ မှောင်ပြီး တိတ်ဆိတ်ကာ အေးမြနေမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာပါ။
ဇွန်ခိုင်ဦး (ဆေးဝါးကျွမ်းကျင်မှုတက္ကသိုလ်)
Good Health

No comments:

Post a Comment