သတိပဋ္ဌာန်နှင့်နိဗ္ဗာန်(ကိုယ်တိုင်ဖတ်ရန်)
“ဟောသည်အမေးလွှာကတော့ ကသာမြို့၊ ဦးညွန့်လှိုင်ထံကဖြစ်ပါတယ် ဘုရား”
“ဦးညွန့်လှိုင်ရဲ့ အမေးလွှာကို ဖတ်စမ်းပါဦး”
“မှန်ပါ - တပည့်တော် ဖတ်လျှောက်ပါ့မယ်၊နေ့စွဲ - ၇-၃-၈၄၊ တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား -
(၁) သတိပဋ္ဌာန်ဆိုတာ အမှန်တရားလား၊ ပွားရမည့်တရားလားဆိုတာ ခွဲခြားသိချင်ပါသည် ဘုရား။
(၂) နောက်တစ်ခုက သိ ဆိုတာရယ်၊ မှတ် ဆိုတာရယ်၊ပွားများတယ် ဆိုတာရယ် ဘယ်လိုခြားနားပါသလဲ ဘုရား။
(၃) နောက်တစ်ခုက ထွက်လေဝင်လေမှတ်ရုံ၊ ဣတိယာပထ လေးပါး မှတ်ရုံနှင့်သစ္စာလေးပါးကို သိနိုင်ပါသလား ဘုရား။
(၄) နောက်တစ်ခုက ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ဂုဏ်တော်တွေပွားများနေတာ၊ ခန္ဓာ၊ အာယတန၊
ဓာတ်တရားတွေ ပွားများနေတာကို သမာဓိခေါ်ပါသလား ဘုရား။
(၅) နောက်တစ်ခုက သတိပဋ္ဌာန်တရား မှတ်တဲ့အခါသတိနှင့်ပညာ ဘယ်ဟာက ပိုပြီး အရေးကြီးပါသလဲဘုရား။
၎င်းအချက်များကိုသံသယကင်းရှင်းအောင်
ရှင်းလင်းပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။ (ဦးညွန့်လှိုင်-
ဘုရားသုံးဆူလမ်း၊ ရပ်ကွက် ၂၊ ကသာမြို့)
“ဦးညွန့်လှိုင်ရဲ့ အမေးက ခုန်ကျော်ကလေးဖြစ်နေတယ်၊ ဒါကြောင့် အခြေခံကစပြီး ဖြေကြစို့ရဲ့”
“မှန်ပါ၊ ဖြေတော်မူပါဘုရား”
“ဗုဒ္ဓဘာသာဝင်
ပုဂ္ဂိုလ်များရဲ့ နောက်ဆုံးပန်းတိုင်ဟာ(ဣဒံ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု)သည်
ကောင်းမှုဟာ နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေလို့ဆိုကြတဲ့အတိုင်း
နိဗ္ဗာန်တရားဖြစ်တယ်၊နိဗ္ဗာန်တရားဆိုတာ သစ္စာလေးပါးအနက်
နိရောဓသစ္စာကိုဆိုလိုရင်း ဖြစ်ပါတယ်၊ ဒါကြောင့် သဂြိုဟ်ကျမ်း
သမုစ္စည်းပိုင်းမှာ (နိရောဓော နာမ နိဗ္ဗာနံ)နိဗ္ဗာန်ဟာ နိရောဓသစ္စာဖြစ်တယ်လို့
ဆိုထားတယ်၊ သည်နေရာမှာ နိရောဓသစ္စာနှင့် ပတ်သက်ပြီးအယူအဆ နှစ်မျိုးကွဲ
နေတယ်ကွယ့်”
“ဘယ်လို ကွဲနေပါသလဲ ဘုရား”
“နိရုဇ္ဈန္တိ
ဧတ္ထာတိ နိရောဓော ဒုက္ခခပ်သိမ်းကင်းငြိမ်းရာဌာနဟာ နိရောဓဖြစ်တယ်၊ သည်နေရာမှာ
ဒုက္ခခပ်သိမ်းကို အရကောက်လိုက်လျှင် ရုပ်ခန္ဓာနာမ်ခန္ဓာကို ရတယ်၊ ဇာတိ၊ ဇရာ၊
မရဏ စသော ဒုက္ခများဟာလဲ ရုပ်ခန္ဓာ နာမ်ခန္ဓာပဲ၊ ရုပ်ခန္ဓာ
နာမ်ခန္ဓာဖြစ်ခြင်းကိုဇာတိ၊ ရင့်ရော်လာခြင်းကို ဇရာ၊ ပျက်စီးသွားခြင်းကို
မရဏလို့ခေါ်တာပဲ၊ ဒါကြောင့် ဒုက္ခကိုအရကောက်လိုက်တော့ ရုပ်ခန္ဓာ
နာမ်ခန္ဓာကိုရတယ်။
နိဗ္ဗာန်ဆိုတဲ့ နိရောဓတရားဟာ
ရုပ်ခန္ဓာ နာမ်ခန္ဓာတည်းဟူသောဒုက္ခတို့ရဲ့ ကင်းငြိမ်းရာဖြစ်တယ်၊ သည်နေရာထိ
ရောက်အောင် ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံကြတယ်၊ရုပ်နာမ်ကင်းငြိမ်းသွားခြင်းဆိုတာ
ဘယ်လိုကင်းငြိမ်းသွားတာတုန်း ဆိုတာနှင့် ပတ်သက်လို့တော့အယူအဆ
နှစ်မျိုးပြားလာကြသကွယ့်”
“မိန့်တော်မူပါဘုရား”
“အယူအဆတစ်မျိုးက
ရုပ်ခန္ဓာ နာမ်ခန္ဓာဟာနိရောဓတည်းဟူသော နိဗ္ဗာန်မှာ
ချုပ်ငြိမ်းတာတော့မှန်ပါရဲ့၊ သို့သော် ရုပ်နာမ်ချုပ်ငြိမ်းပြီးတဲ့နောက်
နိဗ္ဗာန်ဘုံမှာဘယ်သောအခါမျှ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊
ပျက်စီးခြင်းမရှိတဲ့ ရုပ်ထူး နာမ်ထူးဖြစ်ပြီးပရိနိဗ္ဗာန်ဝင်စံပြီး
ပုဂ္ဂိုလ်ဟာ အဲသည်နိဗ္ဗာန်ဘုံမှာ ခံစားပြီး နေရတယ်လို့ ယူဆတယ်၊
သည်အယူအဆကအတ္တစွဲလမ်းအားကြီးတဲ့ အယူအဆတစ်မျိုး ဖြစ်တယ်ကွယ့်”
“ဘယ်လို အတ္တစွဲလမ်း အားကြီးတာလဲ ဘုရား”
“ရုပ်ခန္ဓာ
နာမ်ခန္ဓာအပေါ် အတ္တအစွဲအလမ်းအားကြီးတဲ့ပုဂ္ဂိုလ်ဟာ ရုပ်နာမ်ချုပ်ငြိမ်းမှာကို
မလိုလားဘူး၊ ရုပ်နာမ်အပေါ် စွဲငြိနေတဲ့ဆင်းရဲငြိမ်းမှုမျှကိုသာ လိုလားတယ်၊
ရှင်းရှင်းပြောရရင် သည်ရုပ်ခန္ဓာ နာမ်ခန္ဓာဟာ ဘယ်တော့မှပျက်စီးခြင်း၊
ဆွေးရိခြင်း၊ နာကျင်ခြင်း မဖြစ်ဘဲ ချမ်းသာမှန်သမျှ တွေကို
တင်းပြည့်ကျပ်ပြည့်ခံစားနေချင်တယ်၊ အဲသည် အယူအဆနှင့် ဒါနစတဲ့
ကောင်းမှုပြုတဲ့အခါ ပရိနိဗ္ဗုတပုဂ္ဂိုလ်အဖြစ်ဖြင့်နိဗ္ဗာန်ဘုံမှာ
ခံစားစံစားရဖို့ မျှော်မှန်းခဲ့တယ်။
သည်အယူအဆဟာ မြောက်ဂိုဏ်း ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်များရဲ့အယူအဆလို့ ဆိုကြတယ်၊
ထိုပုဂ္ဂိုလ်တို့ရဲ့ အယူအဆအားဖြင့် နိဗ္ဗာန်ဘုံမှာ ပရိနိဗ္ဗာန်
ဝင်စံနေတဲ့ပရိနိဗ္ဗုတဘုရားအပြင် ပရိနိဗ္ဗတဘုရားနှင့် လောကီလူသားများအကြား
ဆက်သွယ်ဖို့ သက်တော်ထင်ရှားရှိတဲ့ဗောဓိသတ္တဘုရား တစ်မျိုး ရှိသေးကြောင်း
ပြဆိုကြသေးတယ်၊ သည်အယူအဆကို ထေရဝါဒတောင်ဂိုဏ်းဗုဒ္ဓသာသနာဝင်ပုဂ္ဂိုလ်များက
လက်မခံဘူး။
လက်မခံတာက ရုပ်နာမ်
ဖြစ်ပွားရာဘုံဟာ ကာမဘုံ၊ရူပဘုံ၊ အရူပဘုံရယ်လို့ သုံးဘုံသာရှိတယ်၊
နိဗ္ဗာန်တရားဟာ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံများလိုရုပ်နာမ်ရဲ့ ဖြစ်ပွားရာဌာန
မဟုတ်ဘူး၊ ကာမတဏှာ၊ ရူပတဏှာ၊ အရူပတဏှာ တို့ဖြင့်
ပိုင်းခြားမပိုင်းခြားအပ်တဲ့ အခိုက်အတံ့ကိုစွဲပြီး အဝတ္ထာဘုံလို့ ဆိုထားတယ်၊
သည်အကြောင်းကို မူလဋီကာ၊အဘိဓမ္မာဝတာရဋီကာတို့မှာ (အဝတ္ထာ ဘူမိနာမ ကာမတဏှာဒီဟိပရိစ္ဆိန္နာဘာဝေါ) “အဝတ္ထာဘူမိ နာမ- အဝတ္ထာဘုံမည်သည်၊ ကာမတဏှာဒီဟိ - ကာမစသောတဏှာတို့ဖြင့်၊ ပရိစ္ဆိန္နာပရိစ္ဆိန္နာ ဘာဝေါ - ပိုင်းခြားအပ်သည်၏အဖြစ်၊ မပိုင်းခြားအပ်သည်အဖြစ်တည်း”လို့ ပြဆိုထားတယ်၊ ဒါကြောင့် နိဗ္ဗာန်ဘုံမှာပကတိရုပ်နာမ်လည်းမရှိ၊ ရုပ်ထူး နာမ်ထူးလည်း မရှိလို့ ထေရဝါဒပုဂ္ဂိုလ်များက ယူဆတော်မူကြတယ်။
အကယ်၍ ထိုပုဂ္ဂိုလ်များရဲ့ အယူအဆအတိုင်း
နိဗ္ဗာန်ဘုံမှာရုပ်ထူးနာမ်မထူးရှိနေကြတဲ့ ပရိနိဗ္ဗုတပုဂ္ဂိုလ်များ
ရှိခဲ့လျှင်လည်း (သဗ္ဗေ သင်္ခါရာ အနိစ္စာ၊သဗ္ဗေ သင်္ခါရာ ဒုက္ခာ) လို့
ဘုရားရှင်ဟောတော်မူတဲ့အတိုင်း အနိစ္စနယ်၊ ဒုက္ခနယ်က
မလွတ်တဲ့အတွက်နိဗ္ဗာန်ဟာပျက်စီးခြင်းမရှိဘူး၊ ဆင်းရဲခြင်း မရှိဘူးဆိုတဲ့
တရားနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေတယ်၊ ဒါကြောင့် နိဗ္ဗာန်ဘုံမှာ ရုပ်ထူး
နာမ်ထူးရှိတဲ့ ပရိနိဗ္ဗုတပုဂ္ဂိုလ်ဆိုတာကိုထေရဝါဒပုဂ္ဂိုလ်များက
မယုံကြည်ကြခြင်း ဖြစ်တယ်။
နိရောဓသစ္စာ
ထေရဝါဒ
အယူအဆအားဖြင့် နိဗ္ဗာန်ဟာ နိရောဓသစ္စာပဲကွယ့်၊ပုထုဇဉ်သေက္ခပုဂ္ဂိုလ်များဟာ
ရုပ်နာမ်အပေါ် တပ်မက်တဲ့ သမုဒယသစ္စာ ရှိနေတဲ့ အတွက်
ဒုက္ခသစ္စာဖြစ်တဲ့ရုပ်နာမ်ကို ဒုက္ခအဖြစ် မမြင်ကြဘူး၊ မြင်ပင်မြင်သောလည်း
အစဉ်အမြဲ မမြင်ကြဘူး၊ ခဏမျှသာမြင်တက်ကြတယ်၊ များသောအားဖြင့် သုခမျှသာ
မြင်တယ်၊ သုခအဖြစ် အမြင်များလို့ ရုပ်နာမ်အပေါ်တပ်မက်တဲ့ တဏှာကြောင့် ယခုဘဝ
ကွယ်လွန်ပြီးတဲ့နောက် ဒုတိယဘဝမှာ ရုပ်သစ်နာမ်သစ် ဖြစ်ကြရတယ်၊သည်ရုပ်သစ်
နာမ်သစ်က ဘယ်သူကြောင့် ဖြစ်လာတုန်းဆိုတော့ ရုပ်နာမ်ပေါ်
တပ်မက်တဲ့တဏှာကြောင့်ဖြစ်တယ်၊ သည်အကြောင်းကို သဂါထာ၊ သံ၊ ပါ၊ ၃၄-မှာ ကိံသု ဇနေတိ ပုရိသံ = သတ္တဝါ (ရုပ်နာမ်) ဘာကြောင့် ဖြစ်တာလဲဘုရား လို့နာတ်သားက မေးလျှောက်တော့ ဘုရားရှင်က တဏှာ ဇနေတိပုရိသံ=သတ္တဝါ (ရုပ်-နာမ်)ဟာ တဏှာကြောင့် ဖြစ်တာ လို့
ဖြေဆိုတော်မူတယ်၊ သည်တဏှာက ရုပ်နာမ်အပေါ်
ဘာကြောင့်တပ်မက်ရတာလဲဆိုတော့ရုပ်နာမ်ရဲ့ သဘာဝအမှန်ကို မမြင်တဲ့
(အဝိဇ္ဇာ)ကြောင့် တပ်မက်တာတဲ့၊ ရုပ်နာမ်ရဲ့ သဘာဝအမှန်ကဖြစ်ပြီး
ပျက်တက်တဲ့အတွက် အနိစ္စဖြစ်တယ်၊ ဖြစ်ပျက်ဟူသော ဘေးဆိုးကြီးရဲ့ အစားကို
မပြတ်ခံနေရလို့ဒုက္ခတရားဖြစ်တယ်၊ နိစ္စသာရ, ဓုဝသာရ, အတ္တသာရ, သုဝသာရ ဆိုတဲ့
အနှစ်သာရ လုံးဝမရှိတဲ့အတွက်အနတ္တတရားဖြစ်တယ်၊ သည်အနိစ္စအချက် ဒုက္ခအချက်
အနတ္တအချက်ကို မမြင်အောင် အဝိဇ္ဇာက ဖုံးကွယ်ထားတယ်၊အဝိဇ္ဇာရဲ့ လှည့်စားမှု
ဖုံးကွယ်မှုကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘအစစ် ဖြစ်တဲ့ ရုပ်နာမ်ကိုနိစ္စ၊
သုခ၊ အတ္တ၊ သုဘ လို့ အမြင် ဖောက်ပြန်လာတယ်၊အဲသည်လို
အမြင်ဖောက်ပြန်မှုကြောင့် ရုပ်နာမ်အပေါ် တပ်မက်တဲ့တဏှာ တရား ဖြစ်ပေါ်လာတဲ့၊
သည်တပ်မက်တက်တဲ့တဏှာတရားကြောင့် ရုပ်သစ်၊ နာမ်သစ်များ တဖွားဖွား
ဖြစ်ပေါ်နေတာတဲ့။
ရဟန္တာ ပုဂ္ဂိုလ်ကတော့
အဝိဇ္ဇာအမှောင်ထုကြီးကျသွားပြီဖြစ်လို့ ရုပ်နာမ်ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊
အနတ္တအချက်၊ အသုဘအချက်တွေကိုကွက်ကွက်ကွင်းကွင်း မြင်နေပြီ၊ အမှန်အတိုင်း
မြင်နေပြီဖြစ်တဲ့အတွက် ရုပ်နာမ်အပေါ် ငြီးငွေ့နေပြီ၊ရုပ်နာမ်အပေါ်
တပ်မက်တဲ့တဏှာ မရှိတော့ဘူး၊ ကိလေသာက လွတ်လပ်သွားပြီ၊ ရုပ်သစ်နာမ်သစ်
ဖြစ်လိုတဲ့စိတ်လည်းမရှိဘူး၊ ဖြစ်လည်း မဖြစ်တော့ဘူး၊ အဲသည်လို ရုပ်ခန္ဓာ
နာမ်ခန္ဓာ ဒုက္ခသစ္စာတို့ရဲ့ အပြီးအပြတ်ချုပ်ငြိမ်းရာဖြစ်လို့ နိဗ္ဗာန်ကို
နိရောဓသစ္စာလို့ ခေါ်ရတယ်။
ဒုက္ခသစ္စာထင်အောင်
နိရောဓသစ္စာဆိုတဲ့
နိဗ္ဗာန်ကို မျက်မှောက်ပြုလိုပါကရုပ်ခန္ဓာ နာမ်ခန္ဓာတို့ဟာ ငါတို့ထင်သလို
ချမ်းသာတဲ့ တရားမဟုတ်၊ ဆင်းရဲတဲ့ တရားပါကလားလို့ဉာဏ်ထဲမှာ ထင်မြင်အောင်
ရှုဆင်ခြင်ရတယ်၊ ဆင်းရဲတဲ့ တရားကို ဆင်းရဲမှန်း တကယ်သိခဲ့လျှင်ဆင်းရဲကို
မလိုချင်တော့ဘူး၊ ဆင်းရဲခြင်း ချုပ်ငြိမ်းရာကိုသာ အမှန်
အလိုရှိမှာပေါ့၊ဥပမာအားဖြင့် ကိုယ်ကို မီးလောင် ခံနေရလျှင်
မီးငြိမ်းမှုကိုသာ အလိုရှိသလိုပေါ့။
ဒါကြောင့် နိဗ္ဗာန်ကို အလိုရှိပါတယ်ဆိုတဲ့ပုဂ္ဂိုလ်အတွက် ဘာတရားများ
အားထုတ်ရမှာလဲ မေးခဲ့လျှင် ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ရဲ့
ဆင်းရဲအစစ်ဖြစ်ပုံကိုမြင်အောင်ကြည့်ပါလို့ ဖြေဆိုရလိမ့်မယ်ကွယ့်၊ သည်အဖြေက
မဟာဝဂ္ဂသံယုတ်က လာတဲ့ အဖြေပဲ
“မှန်ပါ မဟာဝဂ္ဂသံယုတ်က လာတဲ့အဖြေကိုအကျယ် မိန့်ဆိုတော်မူပါဦး ဘုရား”
“ဘုရားသခင် သာဝတ္တိပြည်မွန် ဇေတဝန်ရွှေကျောင်းကိန်းအောင်းစံပျော်တော်မူစဉ်ကာလက ပရိဗိုဇ်ရဟန်းများက ရဟန်းတော်များထံ ချဉ်းကပ်ပြီး“ငါ့ရှင်တို့ သင်တို့ဟာ ဘာအကျိုးကိုလိုလားတဲ့အတွက်ရဟန်းဂေါတမထံမှာ မြတ်သောအကျင့် ကျင့်သုံးကြပါသလဲ”
လို့ မေးကြသတဲ့၊ အမေးခံကြရတဲ့ ရဟန်းများငငါတို့ဟာ ရုပ်နာမ်တို့ရဲ့
ဆင်းရဲအစစ်ဖြစ်ပုံကို မြင်လိုတဲ့အတွက် မြတ်သောအကျင့်ကိုကျင့်ကြခြင်း
ဖြစ်တယ် လို့ ပြန်ပြောတယ်၊ အဲသည်လိုပြောပြီး ငါတို့ရဲ့ အဖြေဟာ
ဟုတ်များမှဟုတ်ပါရဲ့လားလို့ သံသယဝင်လာကြတဲ့ အတွက် ဘုရားရှင်ထံ ဝင်ရောက်ပြီး
“အရှင်ဘုရား၊ အယူတစ်ပါးရှိကြတဲ့ ပရိဗိုဇ်များဟာတပည့်တော်တို့ကို
ဘာအကျိုးရှိလို့ အရှင်ဂေါတမထံ မြတ်သောအကျင့် ကျင့်ကြပါသလဲလို့
မေးကြပါတယ်၊တပည့်တော်များက ဆင်းရဲကို ပိုင်းခြားထင်ထင် သိမြင်ချင်လို့
မြတ်သောအကျင့် ကျင့်ကြပါတယ်လို့ပြန်ဖြေကြပါတယ်၊ တပည့်တော်များရဲ့ အဖြေများ
ဟုတ်များမှ ဟုတ်ပါရဲ့လား” ဘုရား လို့ လျှောက်ထားကြသတဲ့။
သည်အခါဘုရားသခင်က “ရဟန်းတို့
သည်လိုမေးလို့ သည်လို ဖြေဆိုခြင်းဟာမှန်ကန်သော ဖြေဆိုခြင်းဖြစ်တယ်၊
တရားအားလျော်စွာ ဖြေဆိုခြင်းဖြစ်တယ်၊ သင်တို့ဟာ ဒုက္ခကိုပိုင်းခြားထင်ထင်
သိမြင်အောင် ငါ့ထံမှာ မြတ်သောအကျင့်ကို ကျင့်သုံးကြခြင်းဖြစ်တယ်၊ရဟန်းတို့ -
အကယ်၍ အယူတစ်ပါးရှိကြတဲ့ ပရိဗိုဇ်တို့က - ငါ့ရှင်တို့ ဤဆင်းရဲဒုက္ခကို
ပိုင်းခြားသိဖို့လမ်းစဉ်ရှိပါသလား၊ အကျင့်ရှိပါသလားလို့ ထပ်ပြီး
မေးမြန်းခဲ့လျှင် ဆင်းရဲ ဒုက္ခကို ပိုင်းခြားသိဖို့လမ်စဉ်ရှိကြောင်း၊
အကျင့်ရှိကြောင်း ဖြေဆိုကြရမယ်၊ အဲသည်လမ်းစဉ်၊ အဲသည်အကျင့်ဟာ
ဘာလဲလို့တစ်ဖန်မေးခဲ့လျှင် အင်္ဂါရှစ်ပါးရှိတဲ့ အရိယာမဂ်လို့ ဖြေဆိုကြရမယ်”လို့ တိမတ္ထိယသုတ်မှာ ဘုရားရှင် ဟောတော်မူတယ်ကွယ့်။
ပွားများခြင်းဆိုသည်မှာ
ဘုရားရှင်ဟောတော်မူတဲ့
သည်ကိမတ္ထိယသုတ်ကိုသစ္စာလေးချက်နှင့်တွက်ရမယ်ဆိုလျှင် ရုပ်ခန္ဓာ နာမ်ခန္ဓာ
ဒုက္ခသစ္စာတို့ငြိမ်းရာကို နိရောဓသစ္စာလို့ခေါ်တယ်၊ နိရောဓသစ္စာကို
မျက်မှောက်ပြုလိုလျှင် ဒုက္ခကိုမြင်အောင် ကြည့်ရမယ်၊
ဒုက္ခကိုမြင်အောင်မကြည့်တက်လျှင် ဒုက္ခကို သုခထင်ပြီး တပ်မက်မှုတဏှာဆိုတဲ့
သမုဒယသစ္စာ အားကောင်းလာလိမ့်မယ်၊သမုဒယသစ္စာ တဏှာတရား အားကောင်းလာလျှင်
ရုပ်နာမ်အပေါ် အထင်အမြင်တွေ ကြီးလာတဲ့အတွက်
ရုပ်နာမ်ချုပ်ငြိမ်းမှာကိုမလိုချင်တော့ဘူး၊ ရုပ်နာမ်ချုပ်ငြိမ်းတာကို
မလိုချင်သမျှ သံသရာကာလပတ်လုံး ရုပ်ခန္ဓာနာမ်ခန္ဓာဆိုတဲ့ ဒုက္ခသစ္စာတရားဟာ
မပြတ်မစဲ ထပ်တလဲလဲ ဖြစ်နေဦးမှာပဲကွယ့်။
အကြင်အခါမှာ ရုပ်ခန္ဓာ နာမ်ခန္ဓာကို ဒုက္ခအဖြစ်မြင်တက်ပြီးဒုက္ခအဖြစ်
မြင်သည်နှင့် တစ်ပြိုင်နက် ဒုက္ခအစစ်ဖြစ်တဲ့ ရုပ်ခန္ဓာ နာမ်ခန္ဓာကို
မလိုချင်တော့ဘူး၊ရုပ်ခန္ဓာ နာမ်ခန္ဓာကို မလိုချင်တော့ ရုပ်ခန္ဓာနာမ်ခန္ဓာ
ထပ်မဖြစ်တော့ဘူးပေါ့၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်မှန်သမျှဟာ ရုပ်ခန္ဓာ
နာမ်ခန္ဓာအပေါ် ဒုက္ခအဖြစ်သိအောင် အားထုတ်နေကြတယ်၊ဒီလို အားထုတ်ရာမှာ
အားထုတ်ရမယ့် လမ်းစဉ်က မဂ်လမ်းစဉ်လို့ ဆိုလိုတယ်။
မဂ်လမ်းစဉ် အားထုတ်တာကို (မဂ္ဂသစ္စာ ဘာဝနာဝသေန) လို့
ဆိုထားတယ်၊ မဂ္ဂသစ္စာကိုပွားများတယ်လို့ သာဘာပြန်ကြတယ်၊ ပွားများတယ်ဆိုတာ
မိမိသန္တာန်မှာ မဂ္ဂင်တရားဖြစ်ပွားစေတာကိုဆိုလိုတယ်တဲ့၊ ဒါကြောင့်
မဂ္ဂင်တရားတော် ပွားများတယ်ဆိုတာနှင့် မဂ္ဂင်တရား
ဖြစ်ပွားစေတယ်ဆိုတာအသံကွဲသော်လည်း အဓိပ္ပာယ်တူတယ်လို့ မှတ်ရမယ်ကွယ့်”
“မဂ္ဂင်ပွားတယ်၊ မိမိသန္တာန်မှာ မဂ္ဂင်ဖြစ်စေတယ်ဆိုတာကိုလဲအကျယ်အမိန့်ရှိပါဦးဘုရား”
“မဂ္ဂင်ပွားတယ်၊
မိမိသန္တာန်မှာ မဂ္ဂင်ဖြစ်စေတယ်ဆိုတာသမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပစတဲ့ မဂ္ဂင်ရှစ်ပါး၊
မိမိသန္တာန်မှာ ဖြစ်ပွားစေတာကို ဆိုလိုတာပဲကွယ့်”
“မှန်ပါ၊ သည်မျှနဲ့တော့ နားမရှင်းသေးပါဘူး၊နားရှင်းအောင် အမိန့်ရှိပါဦး”
နားရှင်းအောင်ပြောရမယ်ဆိုလျှင် မဂ္ဂင်ရှစ်ပါးဟာ-
(၁) သမ္မာဒိဋ္ဌိ = အမြင်မှန်ခြင်း၊
(၂) သမ္မာသင်္ကပ္ပ = အကြံစည်မှန်ခြင်း၊
(၃) သမ္မာဝါစာ = အပြောမှန်ခြင်း၊
(၄) သမ္မာကမ္မန္တ = အလုပ်မှန်ခြင်း၊
(၅) သမ္မာအာဇီဝ = အသက်မွေးမှုမှန်ခြင်း၊
(၆) သမ္မာဝါယာမ = အားထုတ်မှုမှန်ခြင်း၊
(၇) သမ္မာသတိ = အောက်မေ့မှုမှန်ခြင်း၊
(၈) သမ္မာသမာဓိ = တည်ကြည်မှုမှန်ခြင်း၊
ရယ်လို့ ရှစ်ပါးရှိတယ်၊သည်ရှစ်ပါးသော မဂ္ဂင်တရားမိမိသန္တာန်မှာ ဖြစ်ပွား အောင် သိက္ခာ သုံးပါးနှင့် ခွဲရတယ်ကွယ့်”
“သိက္ခာသုံးပါးဆိုတာက ဘာလဲ ဘုရား”
“သိက္ခာဆိုတာ
အကျင့်ကိုဆိုလိုတယ်ကွယ့်၊မဂ္ဂင်ရှစ်ပါးကို မိမိသန္တာန်မှာ ဖြစ်ပွားအောင်
ကျင့်လိုလျှင် သိက္ခာသုံးပါးနှင့် ကျင့်ပါလို့ဆိုလိုတယ်ကွယ့်”
“သိက္ခာသုံးပါးကို အမိန့်ရှိပါဦး ဘုရား”
“သိက္ခာသုံးပါးက -
(၁) သီလသိက္ခာ = သီလအကျင့်
(၂) သမာဓိသိက္ခာ = သမာဓိအကျင့်
(၃) ပညာသိက္ခာ = ပညာအကျင့်တို့ ဖြစ်ကြတယ်”
“မဂ္ဂင်နဲ့ သိက္ခာသုံးပါး ဘယ်လိုဆက်စပ်ပါသလဲဘုရား”
“မဂ္ဂင်နဲ့ သိက္ခာသုံးပါး ဆက်စပ်ပုံက-
(၁) သမ္မာဒိဋ္ဌိ နှင့် သမ္မာသင်္ကပ္ပမဂ္ဂင်နှစ်ပါးကိုပညာသိက္ခာဖွဲ့ရတယ်။
(၂) သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ မဂ္ဂင်သုံးပါးကိုသီလသိက္ခာ ဖွဲ့ရတယ်၊
(၃) သမ္မာဝါစာ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်သုံးပါးကိုသမာဓိသိက္ခာဖွဲ့ရတယ်ကွယ့် ကျင့်သုံးတဲ့အခါအမှာတော့ -
(၁) သီလဟာ - အာဒိကလျာ၊
(၂) သမထ ဝိပဿနာ မဂ်ဖိုလ်က - မဇ္ဈေကလျာဏ၊
(၃) နိဗ္ဗာန်က - ပရိယောသာန ကလျာဏ (သာရတ္ထ၊ပ၊ ၃၀၈) ဖြစ်တဲ့အတွက် သီလကို
ဦးစွာဆောက်တည်၊ ထို့နောက် သမထလုပ်၊ ထို့နောက်မှ ပညာကိုအားထုတ်ရတယ်။
“မှန်ပါ၊ သီလကို ဦးစွာအားမထုတ်ဘဲ သမထဝိပဿာနာကို ကျော်ပြီး အားထုတ်လို့ကော မဖြစ်ဘူးလားဘုရား”
“မဖြစ်ဘူးတော
့မဟုတ်ပါဘူး၊ ဖြစ်တော့ဖြစ်ပါတယ်၊ သို့သော်လဲ ဖားခုန်သလို ခုန်ကျော်ပြီး
ကျင့်ခဲ့လျှင် စိတ်ထင်သလောက် မပေါက်မြောက်ဘူး၊ဒါ့ကြောင့် သီလ သမထ ဝိပသနာကို
အစဉ်အတိုင်း အားထုတ်ရတယ်”
“ခုန်ကျော်အားထုတ်လို့ စိတ်ထင်သလို မပေါက်မြောက်တာဘာကြောင့်လဲ ဘုရား”
“သည်အကြောင်းကို (အံ၊ ဒသ၊ ပါ၊ ၂၅၇)ကထုတ်နုတ်ပြီး ပြောရမှာပဲ”
“မှန်ပါ အမိန့်ရှိပါဘုရား”
“အခါတစ်ပါးမှာ
ဘုရားရှင်ဟာ သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတယ်၊
အဲသည်တုန်းက အရှင်အာနန္ဒာဟာ ဘုရားရှင်ထံဝင်ရောက်ရှိခိုးပြီး
သည်လိုလျှောက်ထားတယ်၊
“အရှင်ဘုရား၊ သီလစောင့်ရှောက်ရတဲ့အတွက်ဘာအကျိုး ရှိပါသလဲ”၊
“အာနန္ဒာ-သီလစောင့်ရှောက်ရတဲ့အတွက် စိတ်နှလုံးကြည်ရွှင်ခြင်းအကျိုးရှိတယ်”၊
“စိတ်နှလုံးကြည်ရွှင်တော့ ဘာအကျိုးရှိပါသလဲဘုရား”၊
“စိတ်နှလုံးကြည်ရွှင်တဲ့အတွက် ဝမ်းမြောက်မှု(ပါမောဇ္ဇ)အကျိုးရှိတယ်”၊
“ဝမ်းမြောက်တော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“ဝမ်းမြောက်တော့ နှစ်သက်မှု(ပီတိ)အကျိုးရှိတယ်”၊
“နှစ်သက်တော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“နှစ်သက်တော့ ငြိမ်းချမ်းမှု(ပဿဒ္ဓိ) အကျိုးရှိတယ်”၊
“ငြိမ်းချမ်းတော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“ ငြိမ်းချမ်းတော့ ချမ်းသာမှု(သုခ) အကျိုးရှိတယ်”၊
“ချမ်းသာတော့ ဘာအကျိုးရှိပါသလဲ”၊
“ချမ်းသာတော့ တည်ကြည်မှု(သမာဓိ)အကျိုးရှိတယ်”၊
“တည်ကြည်တော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“တည်ကြည်တော့ အမြင်မှန်မှု(ယထာဘူတ ဥဏဒဿန)အကျိုးရှိတယ်”၊
“အမြင်မှန်တော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“အမြင်မှန်တော့ ရုပ်နာမ်အပေါ်ငြီးငွေ့မှု(နိဗ္ဗိဒါဉာဏ်)ဖြစ်တယ်”၊
“ငြီးငွေ့မှုဖြစ်တော့ ဘာအကျိုးရှိပါသလဲဘုရား”၊
“ရုပ်နာမ်အပေါ်ငြီးငွေ့တော့ တပ်မက်ခြင်းကင်းတဲ့ဝိရာဂ အကျိုးရှိတယ်”၊
“တပ်မက်ခြင်းကင်းတော့ ဘာအကျိုးရှိပါသလဲဘုရား”၊
“တပ်မက်ခြင်းကင်းတော့ ကိလေသာမှ လွတ်မြောက်မှုဝိမုတ္တိ အကျိုးရှိတယ်”၊
“ကိလေသာကလွတ်မြောက်တော့ ဘာအကျိုးရှိပါသလဲဘုရား”၊
“ကိလေသာကလွတ်မြောက်တော့ လွတ်မြောက်မှုကိုသတိတဲ့ဉာဏ်အမြင်(ဝိမုတ္တိဉာဏဒဿန) အကျိုးရှိတယ်”၊
“အာနန္ဒာ - အပြစ်ကင်းတဲ့ သီလကို ဖြည့်ကျင့်ခဲ့လျှင်အစဉ်အတိုင်း အရဟတ္တဖိုလ်ကို ရောက်နိုင်တယ်” လို့ မိန့်တော်မူတယ်။
ဒါကြောင့် မဂ္ဂင်ရှစ်ပါးလမ်းစဉ်မှာ သီလ, သမာဓိ,ပညာ အစဉ်အတိုင်း
ကျင့်ရမယ်လို့ ဦးစွာ မှတ်ထားရမယ်၊ အဲသည်လိုမှတ်ထားပြီး
ဦးညွန့်လှိုင်ရဲ့အမေးကို အစဉ်အတိုင်း ဖြေကြစို့ရဲ့နော်”
“မှန်ပါ၊ ဖြေတော်မူပါ”
(၁) သတိပဋ္ဌာန်ဆိုတာ သတိ(အမှတ်)ပြဋ္ဌာန်းတဲ့အတွက်အမှတ် တရားဆိုတာလဲ မှန်တယ်၊
သတိတရားဟာ မဂ္ဂင်မှာ ပါတဲ့အတွက် ပွားများရမည့်တရား
(မိမိသန္တာန်မှာဖြစ်စေရမည့်တရား) လဲ ဟုတ်တယ်။
(၂) သိ - ဆိုတာက သညာ, ဝိညာဉ်, ပညာသုံးမျိုးကို ဆိုလိုတယ်၊ မှတ် - ဆိုတာကသတိ ကို ဆိုလိုတယ်။
ပွားများတယ်- ဆိုတာက မိမိသန္တာန်၌ ဖြစ်စေခြင်းကို ဆိုလိုတယ်၊
(၃) ထွက်လေ ဝင်လေ မှတ်ရုံ, မဟာဘုတ်မှတ်ရုံမျှနှင့်တော့သစ္စာလေးပါးကို
မသိနိုင်သေးပါဘူး၊ ဒါပေမယ့် အခြေခံဖြစ်ကြောင်း အထက်က ပြခဲ့ပြီ။
(၄) ဂုဏ်တော်ပွားများတာဟာ သမာဓိတရား ထူထောင်တာပဲ၊ခန္ဓာ၊ အာယတန၊ ဓာတ်ပွားများတာကတော့ ပညာနယ်ထဲ ရောက်နေပါပြီ။
(၅) သတိပဋ္ဌာန်မှတ်တဲ့အခါ သတိက ပိုအရေးကြီးပါတယ်၊သတိအားကောင်းပြီး သမာဓိရဲ့နောက်မှ ပညာပေါ်လာပါတယ်။
ကိုင်း -သည်လောက်ဆို ဦးညွန့်လှိုင် အမေးရဲ့ အဖြေဟာ ပြည့်စုံလောက်ပါပြီ နော်”
“မှန်ပါ ပြည့်စုံပါပြီ ဘုရား”
“သာဓု - သာဓု - သာဓု”
***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၀၆) - အမေးသုံးပါး (၁) ရှင်ရာဟုလာ ရဟန်းခံ မခံ
***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၃) (စာမျက်နှာ ၁၀၅- ၁၁၅) မှ ကောက်နုတ်ပူဇော်ပါသည်။
"ထေရဝါဒ ရနံ့" မှ ပြန်လည်ရေးသားပူဇော်ပါသည်။
No comments:
Post a Comment