Thursday, July 31, 2014

ဗုဒ္ဓဘာသာဆိုတာ

ဗုဒ္ဓဘာသာဆိုတာ
--------------------
ဗုဒ္ဓ
ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင် ဒီစကားလုံး အဖွင့်အတိုင်း “သိသူ”လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။ သိတယ်ဆိုတော့ ဘာကိုသိတာလဲ ဆိုရင် သစ္စာလေးပါး အပါအဝင် သိစရာမှန်သမျှ အားလုံးကို သိတာလို့ ဖြေရမှာပေါ့။ အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊ သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့ ထပ်ပြီးမေးခွန်း ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ သစ္စာလေးပါး တရားတော်ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ သိရှိတော်မူတာဖြစ်ပြီး ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူတဲ့သူလို့ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဗုဒ္ဓဆိုတော့ ဒီနေရာမှာ
၁။ သမ္မာသမ္ဗုဒ္ဓ
၂။ ပစ္စေကဗုဒ္ဓ ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။
သမ္မာသမ္ဗုဒ္ဓဆိုတာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို လိုက်ပြီး ကွဲပြားမှုရှိ) ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ သိစရာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင်ကို သိတော်မူနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူနိုင်တဲ့ ဘုရားမျိုး ဖြစ်ပါတယ်။
ပစ္စေကဗုဒ္ဓဆိုတာ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဒါန၊ သီလစတဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကာ ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး သစ္စာလေးပါး တရားတော်ကို ဆရာမကူ ကိုယ်တော်တိုင် သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို သိရှိအောင် ဟောတော်မမူနိုင်တဲ့၊ သာသနာပကာလမှာ ပွင့်တော်မူတဲ့ ဘုရားငယ်မျိုး ဖြစ်ပါတယ်။
ဒီဗုဒ္ဓနှစ်မျိုးမှာ အခုကြုံတွေ့နေရတဲ့ သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ပဲ ဖြစ်ပါတယ်။ ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ ကာလကို သာသနာတွင်းကာလို့ခေါ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော် မမူတဲ့ကာလကိုတော့ သာသနာပ ကာလလို့ခေါ်ကာ အဲဒီသာသနာပ ကာလမှာပဲ ပစ္စေကဗုဒ္ဓ အရှင်မြတ်များ ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ လူငယ်တွေအတွက် မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ
ဗုဒ္ဓအကြောင်းကို အနည်းငယ် မိတ်ဆက်အနေနဲ့ သိထားပြီးရင်တော့ ဗုဒ္ဓဘာသာဆိုတာနဲ့ ပတ်သက်ပြီး သိထားဖို့ လိုပါတယ်။ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဟောကြားချက်၊ ဗုဒ္ဓဘာသာဆိုတော့ ဘုရားရှင်ရဲ့ အယူဝါဒ၊ ဟောကြားချက်လို့ပဲ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဟောကြားချက်ဆိုတာ ဘုရားဖြစ်တော်မူပြီးနောက် ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီဟောကြားချက်ကိုပဲ ဒီနေ့ခေတ် အသုံးအနှုန်းတွေနဲ့ ပြောတော့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အခေါ်အဝေါ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအခေါ်တွေဟာ အမျိုးမျိုး ဖြစ်နေပေမယ့် ရည်ညွန်းချက်ကတော့ ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုပဲ ရည်ညွန်းတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အကျဉ်းဆုံး စကားလုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ သီလ၊ သမာဓိ၊ ပညာ ဒီသုံးမျိုးကိုပဲ တိုက်ရိုက်ပြောရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ ဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ရဲ့ ဝါဒဟာ ကံကံရဲ့အကျိုးအပြစ်ကို ဟောကြားတော်မူတဲ့ ကမ္မဝါဒ၊ အကြောင်းအကျိုးကို ထောက်ပြတဲ့ ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ အမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့ ဝိဘဇ္ဇဝါဒ၊ အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးတဲ့ မဇ္ဈိမပဋိပဒါ ဝါဒ၊ အရာအားလုံးမှာ အတ္တဆိုတာ မရှိဘဲ အစိုးမရခြင်း အနတ္တသဘောသာ ရှိတယ်ဆိုတဲ့ အနတ္တဝါဒ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြောကြားနိုင်ပေမယ့် အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ ဘုရားရှင်ရဲ့ ဟောပြောပို့ချချက် အယူဝါဒဟာ တကယ့်အမှန်တရားဖြစ်တဲ့ အမှန်တကယ်ဝါဒ (Realism)ပဲ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ အမှန်တရားအစစ်တွေပဲ ဖြစ်ပါတယ်။ ဒီအမှန်တရားဟာလည်း ဘုရားဟောလိုက်လို့ မှန်တာမဟုတ်ပါဘူး။ မှန်လို့ ဘုရားဟောတာပဲ ဖြစ်ပါတယ်။ အဲဒါကို စာလိုပြောတော့ သစ္စာတရားလို့ ပြောကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ဗုဒ္ဓဘာသာကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာလို့ ဆိုခြင်းဖြစ်ပါတယ်။
ဘာကြောင့် ဘုရားရှင်ရဲ့ဟောကြားချက်ဟာ အမှန်တကယ်ဝါဒလို့ ဆိုရတာလဲဆိုရင် ရုပ်နာမ်များနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဆိုတာ မရှိပါဘူး။ နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးမှာ အကုန်မှန်နေတာ ဖြစ်ပါတယ်။
ဆိုကြပါစို့။ ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က “ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနဲ့ အတူယှဉ်တွဲနေရာတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် ဒုက္ခ”လို့ ဖွင့်ဆိုဟောပြောပြပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေတဲ့သူမှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါမှာ မဆို ဒီဒုက္ခက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီဒုက္ခဟာဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းတရားကိုရှာတော့ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓက သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနဲ့ ထပ်ပြီးရှင်းတော်မူပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗုဒ္ဓဘုရားရှင်က နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ကိုဆိုက်ရင် ဒီဒုက္ခလည်း ချုပ်ပြီလို့ဆိုကာ နိရောဓသစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီဒုက္ခချုပ်ရာကို သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့် လမ်းလည်းရှိဖို့ လိုလာပြန်ပြီဖြစ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။
ဒီသစ္စာလေးပါး အဖွင့်ကိုကြည့်ရင် အားလုံးအတွက် အမှန်တွေပဲ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခန္ဓာရှိနေတဲ့ သတ္တဝါမှန်သမျှ ဒီသစ္စာတရားအတိုင်း လွဲမှားခြင်းမရှိ မှန်ကန်နေတဲ့အတွက် ဘုရားဟော တရားတော်၊ ဘုရားရှင်ရဲ့ အယူအဆတော်၊ ဗုဒ္ဓရဲ့ဝါဒတော်ကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာ၊ အမှန်သစ္စာတရားလို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာခေါ် ဗုဒ္ဓရဲ့အဆုံးအမနဲ့ ပတ်သက်ပြီး ဒီလောက်လေး သိထားရင်ကိုပဲ မဆိုဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်
ဆက်လက်ပြီးတော့ ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့ ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” လို့ဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။
ဆိုတော့ကား ကိုယ်ကိုယ်တိုင် ရတနာသုံးပါးကို ကိုးကွယ်ပါ၏လို့ သရဏဂုံကို ခံယူဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘာကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သရဏလို့ ဆိုတာလဲ၊ ဘာကြောင့် ရတနာသုံးပါးဟာ ကိုးကွယ်ခံထိုက်တာလဲလို့ မေးလာခဲ့မယ်ဆိုရင် “သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်တဲ့ အတွက်ကြောင့် ရတနာသုံးပါးဟာ သရဏ အမည်ရကြောင်း၊ ရတနာသုံးပါးကို ကိုးကွယ်တာနဲ့ ပတ်သက်လို့ ဘုရားရှင်ဟာ သတ္တဝါတွေကို ကြီးပွားချမ်းသာကြောင်း နည်းလမ်းကို ဖြစ်စေ၊ မကြီးပွား မချမ်းသာကြောင်း မကောင်းတဲ့ နည်းလမ်းတွေကနေ ပယ်ခွါစေ၊ အပြစ်ကင်းပြီး ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်စုံစေတဲ့အတွက် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ တရားတော်ဟာလည်း ကျင့်ကြံလိုက်နာသူတွေကို ဘဝသံသရာ ခရီးမှ ဆွဲထုတ်ကယ်တင်နိုင်ခြင်း၊ ကျင့်စဲအခိုက်နှင့် ကျင့်ပြီးနောက်မှာလည်း သက်သာငြိမ်းချမ်းမှုကို ဖြစ်စေခြင်းနှင့် သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီး စေနိုင်ခြင်း စတာတွေကြောင့် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ သံဃာတော်ဟာလည်း ကောင်းမှုကုသိုလ်ကို ကြီးကျယ်များပြာစေ၊ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေတဲ့ အတွက်ကြောင့် ကိုးကွယ်ခြင်း ဖြစ်ကြောင်း” စသဖြင့် ရတနာသုံးပါးကို ကိုးကွယ်ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ဒီလောက်တော့ သိထားဖို့ လိုပါတယ်။
နောက် သရဏဂုံကို ခံယူပြီး ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်လာတဲ့ သူတစ်ယောက်အတွက် မှန်ကန်တဲ့အယူဝါဒ သမ္မာဒိဋ္ဌိ ရှိနေဖို့လည်း လိုပါတယ်။ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါး၊ ကံကံရဲ့ အကျိုးတရား၊ အကြောင်းအကျိုး ဆက်စပ်မှုနဲ့ မျက်မှောက်လောက တမလွန်လောက စတာတွေအပေါ်မှာ သံသယမရှိ အမှန်သိပြီး ယုံကြည်လက်ခံဖို့ လိုပါတယ်။ ဒါမှလည်း ဗုဒ္ဓအလိုကျ မှန်ကန်တဲ့ အယူရှိသူ ဖြစ်နေမှာ ဖြစ်ပါတယ်။
ဒီတော့ကား သရဏဂုံကို ခံယူထားပြီး ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဒီသရဏဂုံ တည်မြဲဖို့အရေး၊ မပျက်စီးရေးအတွက်လည်း ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ စာပေမှာကတော့ သရဏဂုံ ပျက်စီးတတ်တဲ့ အကြောင်း (၂)မျိုးရှိတယ်လို့ ဖွင့်ပြပါတယ်။
၁။ သေသွားရင် သရဏဂုံပျက်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် သေသူကို သရဏဂုံတင်တယ်ဆိုတဲ့ အသုံးဟာ ဒီမှာ အကြုံးမဝင်ပါဘူး။ သေသူကို သရဏဂုံ တင်လို့လည်း မရပါဘူး။ သေရင် သရဏဂုံဟာ အလိုလိုကို ပျက်သွားပါတယ်။
၂။ မသေသေးပေမယ့် သရဏဂုံကို ခံယူထားတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါးထက် ပိုပြီး တစ်ခြားအယူဝါဒတွေကို လက်ခံယုံကြည်မယ်၊ ဗုဒ္ဓဘာသာကိုပစ်ပြီး တစ်ခြားအယူဝါဒကို လက်ခံသွားမယ်ဆိုရင် ဒါလည်း သရဏဂုံ ပျက်တဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ကတော့ အသက်ရှင်နေတဲ့ အချိန်မှာကို သရဏဂုံ ပျက်စရာအကြောင်း ရှိတဲ့အတွက် သတိပြုဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဘေးဒုက္ခတစ်ခုခု၊ အကြောက်တရား တစ်ခုခုကြောင့် စိတ်မပါဘဲ တစ်ခြားအယူဝါဒတွေကို လက်ခံလိုက်နာ လုပ်နေရတာတွေ ရှိတတ်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်က ရတနာသုံးပါးကို တကယ်ပစ်လိုတဲ့ သဘောမဟုတ်တဲ့အတွက် သရဏဂုံကတော့ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိပြု ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
ကံကံရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ဖို့ လိုပါတယ်။ မကောင်းမှုဒုစရိုက်အမှုကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး ကောင်းမှုသုစရိုက်ကို လုပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ မကောင်းမှု ဒုစရိုက်ကို ရှောင်ဖို့အတွက် သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမယ်။ အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းထားတဲ့ သူဟာ မကောင်းမှု ဒုစရိုက်ကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်ပါတယ်။ ကောင်းမှုဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာတွေရဲ့ ကောင်းမှုလုပ်ခြင်း ရည်ရွယ်ချက်က နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးနဲ့ နိဗ္ဗာန်မရခင် သံသရာလည်ရတဲ့ အခါမှာလည်း သံသရာခရီးမှာ ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီလို ပန်းတိုင်တွေကို လှမ်းကိုင်ဖို့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သီလကို အခြေခံတဲ့ ဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်ရမှာဖြစ်ပြီး နိဗ္ဗာန် မရခင် သံသရာလည်တဲ့ အခါမှာလည်း ကောင်းတဲ့သုဂတိ ဘဝတွေမှာဖြစ်ဖို့ သီလကုသိုလ်ကို ကောင်းကောင်းထိန်းသိမ်းပြီး ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းများနဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ယုံကြည်မှုနဲ့ ကျင့်ကြံမှုကို လက်တွေ့လိုက်နာ ကျင့်ကြံပြီး ကိုယ်လုပ်ရင် ကိုယ်ရမယ်၊ ကိုဖြစ်ရင် ကိုခံရမယ်ဆိုတဲ့ မှန်ကန်ပြီး အကြောင်းအကျိုးသင့်တဲ့ အယူဝါဒကို သဘောပေါက် နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်နားလည်ချင်ရင်တော့ ဒီထက်ပိုပြီး လေ့လာကျင့်ကြံကြည့်ရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေကို မိတ်ဆက်သဘောလောက် သိနိုင်မယ်လို့ ထင်ပါတယ်။ အလွန်လေးနက်ပြီး ကျယ်ပြန့်လှတဲ့ ဗုဒ္ဓအဆုံးအမတွေကို စာမျက်နှာ တစ်ခုနှစ်ခုလောက်နဲ့တော့ ပြည့်စုံအောင် တင်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခု တင်ပြခဲ့တာလေးတွေကိုပဲ သေသေချာချာ လေးလေးနက်နက် ဖတ်မှတ်ထားမယ်ဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် ဘာမှမသိတာထက်စာရင် သိသလောက်တော့ ဖြေကြားပေးနိုင်ကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဗုဒ္ဓဘာသာအဖြစ် ခံယူထားပြီး ဘာတစ်လုံးမှ မသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်တော့ အများကြီး အထောက်အကူဖြစ်တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မသိဘဲ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုရား၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ယုံကြည်မှု တရားတွေကို နည်းနည်းလေးပဲ ဖြစ်ဖြစ် အသိတစ်ခု ရရှိစေဖို့ အခုတင်ပြခဲ့တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးကို လေ့လာပြီး သိသင့်သိထိုက်တဲ့ အချက်တွေကို သိအောင်ကြိုးစားရင်း ဗုဒ္ဓဘာသာဝင် ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အသိအကျင့် ထပ်တူဖြစ်အောင်သာ လေ့လာကျင့်ကြံ အားထုတ်ကြပါလို့ စေတနာကောင်းနဲ့ တိုက်တွန်းလိုက်ရပါတယ်။
Credit - ဓမ္မနန်းတော်

သန်းကြွယ်သူဌေးဖြစ်အောင်

အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဒီလိုလုပ်မယ် ..
---------------------------------------------------------------------------
ဘာပဲပြောပြော ဒီအချက်တွေက အခြေခံတကယ်ကျပါတယ်........

စာဖတ်ပရိသတ်များအတွက် ကျွန်တော် Mr. Guy မှအကျိုးရှိအားတတ်စေမယ့် သတင်းဆောင်းပါးလေးကို ဆီလျှော်အောင်ဘာသာပြန်ကာပြန်လည်မျှဝေလိုက်ပါတယ်။

အသက်သုံးဆယ် အရွယ်မှာသန်းကြွယ်သူဌေးဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်ရာကျတယ်လို့ ထင်ရက်နိုင်စရာရှိပေမဲ့ မဖြစ်နိုင်စရာမရှိ။ ကြိုးစားရင်ဘာမဆိုဖြစ်တယ်။ ကျွန်တော် အသက် ၂၁နှစ်အရွယ်မှာ ကျောင်းကထွက်ပြီး အကြွေးပတ်လည်ဝိုင်းကာ အလွန်တရာမွဲနေခဲ့ပါတယ်။ ဒါပေမဲ့အသက်သုံးဆယ်မှာတော့ သန်းကြွယ်သူဌေးဖြစ်ခဲ့ပါတယ်

အောက်ပါ အချက် (၁၀)ချက်ကိုလိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သင်သန်းကြွယ်သူဌေးဖြစ်ရန် အာမခံပါတယ်။

၁) ငွေနောက်ကိုလိုက်ပါ- လက်ရှိစီးပွားရေး အခြေအနေရ ပတ်ဝန်းကျင်တွင်သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့ဆိုတာ အလွန်ကိုခက်ခဲပါတယ်။ ပထမဦးဆုံး ခြေလှမ်းအနေဖြင့် နှစ်စဉ်ဝင်ငွေတိုးပွားအောင်လုပ်ပါ။ ထပ်ခါတလဲလဲလုပ်ဆောင်ပါ။ ကျွန်တော်ဝင်ငွေ အစပိုင်းမှာ တလကိုဒေါ်လာ ၃၀၀၀ဆိုပင်မဲ့ ကိုးနှစ်ကြာပြီးတဲ့နောက်မှာ တလကို ဒေါ်လာ ၂၀၀၀၀ ဖြစ်လာခဲ့ပါတယ်။ ငွေနောက်ကိုလိုက်နေရင်းနှင့် ၀င်ငွေတိုးပွားလာသလို တဆက်တည်းမှာပင် အခွင့်ရေးများစွာကိုရရှိလာပါလိမ့်မယ်။

၂) မကြွားဝါပါနှင့်၊ လက်တွေ့လုပ်ဆောင်ပြပါ- ကျွန်တော်ရဲ့ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုများ လုံလောက်သော အခြေအနေမရောက်ခင်အချိန်အထိ ကျွန်တော်သည်အကောင်းစားနာရီ၊ ဇိမ်ခံကား အစရှိသည်တို့ကိုဝယ်ယူအသုံးပြုခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်ချမ်းသာလာသည့်အချိန်အထိ သာမန်တိုယိုတာ ကန်မရီကိုသာမောင်းနှင်ခဲ့တာပါ။ သင်ဝယ်ယူ၍ရသော လက်ဝတ်တန်ဆာများဖြင့်ထင်ပေါ်အောင်မလုပ်ပါနှင့်။ သင့်ရဲ့အလုပ် လုပ်ကိုင်ပုံနှင့်ကျော်ဇောနိုင်အောင် လုပ်ပြပါ။

၃) ပိုက်ဆံကိုရင်းနှီးမြုပ်နှံရန်စုပါ၊ သိမ်းထားရန်မစုပါနဲ့- ပိုက်စံစုရခြင်း၏တခုသောရည်မှန်းချက်မှာ ရင်းနှီးမြုပ်နှံရန်သာဖြစ်သည်။ လုံခြုံသောနေရာနှင့် ထိတွေ့မရသောနေရာတွင် ၀င်ငွေတိုးပွားရန်အပ်နှံထားပါ။ ဘယ်လိုအကြောင်းမျိုးနဲ့မှ မထုတ်ပြစ်ပါနဲ့ အရေးပေါ်ဖြစ်လာရင်တောင်မသုံးပါနှင့်။ ဒီကနေ့ အချိန်ထိကျွန်တော်ဟာ တနှစ်မှာ အနည်းဆုံးနှစ်ကြိမ် မွဲလေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပိုဝင်ငွေတွေကို စီးပွားရေးလုပ်ငန်းတွေမှာပြန်လည်မြုပ်နှံလို့ ဖြစ်ပါတယ်။

၎) ကိုယ့်အတွက်ပိုက်ဆံမရနိုင်မဲ့ အကြွေးယူခြင်းကိုမလုပ်ပါနဲ့- စည်းကမ်းချမှတ်ထားပါ။ ပိုက်ဆံမ၀င်နိုင်မယ့်အကြွေးယူခြင်းကိုမလုပ်ပါနဲ့။ ကျွန်တော်ကားဝယ်ရန်ငွေတခါချေးဖူးပါတယ် ဒါပေမဲ့ကျွန်တော်ချေးယူခြင်းဟာ ၀င်ငွေတိုးပွာစေခဲ့ပါတယ်။ ချမ်းသာသူများဟာ အကြွေးယူသည့်အခါ ရင်းနှီးမြုပ်နှံ မှုနှင့်စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ကြပေမယ့် ဆင်းရဲသူများဟာချမ်းသာသူများ ပိုပြီးချမ်းသာသထက် ချမ်းသာလာအောင်အကြွေးများဖြင့်ဝယ်ယူကြတယ်။

၅) ပိုက်ဆံကိုသ၀န်တိုတတ်သူရည်းစားတဦးလိုဆက်ဆံပါ- သန်းပေါင်းများစွာ ရယူနိုင်ရန်နံပါတ်တစ်ဦးစားပေးထားရှိရန်လိုအပ်သည်။ ချမ်းသာကြွယ်ဝဖို့နှင့် အမြဲတမ်းချမ်းသာနေနိုင်ဖို့ ဦးစားပေးရန်လိုအပ်ပါတယ်။ သ၀န်တိုတတ်တဲ့ချစ်သူလိုပေါ့။ သူတို့ကိုဦးစားမပေးရင် ရန်လိုပြီး ဦးစားပေးနိုင်သူနောက်ကိုပဲပါသွားမှာပေါ့။ ပိုက်ဆံလည်းထိုနည်း၎င်းပါပဲ။

၆) ပိုက်ဆံသည်အိပ်မနေတတ်ပါ- ပိုက်ဆံသည် အချိန်၊နာရီ၊အားလပ်ရက် ဘာကိုမှမသိ သင်လည်းပဲထိုသို့သာဖြစ်သင့်သည်။ အလုပ်ကြိုးစားသူတိုင်းကို ပိုက်ဆံကချစ်သည်။ ကျွန်တော်အသက် ၂၆နှစ်အရွယ်မှာ လက်လီဆိုင်တခုတွင်အလုပ် လုပ်ကိုင်ခဲ့ပါတယ်။ ဆိုင်မှာညနေ ၇နာရီမှာပိတ်ပင်မယ့်လည်း ကျွန်တော်ည ၁၁နာရီအထိအလုပ်ဆင်းကာ အပိုဝင်ငွေရရန်ဈေးရောင်းခဲ့သည်။ ဘယ်တော့မှာ သူများထက်ပိုလည်၊ ပိုကံကောင်းတဲ့ပုံစံမျိုးများမလုပ်ဆောင် ပါနဲ့။ သာလွန်အောင်ပဲလုပ်ပါ။

၇) ဆင်းရဲခြင်းကိုနားမလည်နိုင်ပါ- ကျွန်တော်ဆင်းရဲဖူးခဲ့ပါတယ်။ တကယ်ကိုဆိုးဝါးပါတယ်။ အဲဒီ့ဘ၀မျိုးဘယ်တော့မှာပြန်မလိုချင်ပါ။ Bill Gates ပြောခဲ့သလိုပေါ့ “သင်ဟာဆင်းရဲသော ဘ၀ဖြင့်မွေးဖွားလာခဲ့လျှင် သင့်ရဲ့အမှားမဟုတ်ပါ၊ ဒါပေမဲ့ဆင်းရဲသော ဘ၀ဖြင့်သေဆုံးသွားခဲ့ရင်တော့ သင့်ရဲ့အမှားပါ”။

၈) ညွန်ပြပေးနိုင်မဲ့သန်းကြွယ်သူဌေးကိုရှာပါ- ကျွန်တော်တို့တွေဟာ ဆင်းရဲသော၊ အလယ်အလတ်အတန်းအစား ဘ၀များပတ်ဝန်းကျင်များဖြင့် ရုန်းကန်လုပ်ရှား
ခဲ့ခြင်းများဟာ အတွေးအခေါ်များကိုကန့်သတ်ထားသလိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်သန်းကြွယ်သူဌေးပေါင်းများစွာကို လေ့လာပြီး အတုယူနိုင်ခဲ့ပါတယ်။ သင်တို့ကိုလည်းထိုနည်း၎င်းလုပ်ဆာင်ရန်တိုက်တွန်းလိုပါတယ်။ ရှေ့ ဆောင်လမ်းညွန်ပေးမယ့်သန်းကြွယ်သူဌေးကိုရှာပါ။ ချမ်းသာကြွယ်ဝသူအများစုဟာ သဘောထားပြည့်ဝသူများလည်းဖြစ်ကြပါတယ်။

၉) သင့်ရဲ့ပိုက်ဆံများကို လေးလံသောအရာများကိုသယ်ဆောင်ခိုင်းပါ- ရင်းနှီးမြုပ်နှံခြင်းဟာ သင်အလုပ် လုပ်လို့ရတဲ့ဝင်ငွေများစွာထက် သင့်ကိုပိုက်ဆံပိုမိုရှာပေး
နိုင်ပါတယ်။ ပိုက်ဆံအပိုအလျှံမရှိလျှင် ရင်းနှီးမြုပ်နှံရန် မဖြစ်နိုင်ပေ။ ကျွန်တော်ရဲ့ဒုတိယလုပ်ငန်းဖြစ်တဲ့ လုပ်ငန်းကို ဒေါ်လာ ၅၀,၀၀၀ မတည်ခဲ့ပြီး ကုန်ဆုံးသွားသော ၁၀နှစ်တာ ကာလမှာ တစ်လကို ဒေါ်လာ၅၀,၀၀၀ပြန်ရှာပေးခဲ့ပါတယ်။ အလားတူတတိယလုပ်ငန်းဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ၃၅၀,၀၀၀ နဲ့စတင်ခဲ့ပြီး အခုချိန်ထိဝင်ငွေပေါင်းများစွာကိုရှာဖွေပေးနေတုန်းပါပဲ။ ရင်းနှီးမြုပ်နှံခြင်းသာ တခုတည်းသောအခြားနည်းလမ်းဖြစ်သင့်ပြီး ကိုယ့်အတွက်ပိုက်ဆံကို အလုပ်လုပ်ခိုင်းပြီး လေးလံသောအရာများကိုသယ်ဆောင်နိုင်ရန် သူတို့ကိုပင် တာဝန်ပေးပါ။

၁၀) ဒေါ်လာ၁၀သန်း ရရန်ပစ်မှတ်ထားပါ၊ ၁သန်းမဟုတ်ပါ- ငွေကြေးနှင့်ပတ်သတ်၍တခါတည်းသော ကျွန်တော်ရဲ့အမှားမှာ ကြီးကြီးမားမားမတွေးခဲ့လို့ပါ။ ခင်ဗျားတို့အားလုံးကို ဒေါ်လာ၁သန်းထက်ပိုသောလုပ်ဆောင်မှုကို လုပ်ကိုင်ရန်တိုက်တွန်းလိုပါတယ်။ ပိုက်ဆံပြတ်လတ်သွားသည် ဆိုမှာဒီစင်္ကြာဝဠာ မှာမရှိပါ
လူအနည်းစုသာလျှင်ကြီးကြီးမားမားတွေးခေါ်မှုကိုပြုလုပ်ကြလို့ပါ။

အဆိုပါ(၁၀)ချက်ကိုလုပ်ဆောင်ပါက ငွေကြေးချမ်းသာသောဘ၀ကိုပိုင်ဆိုင်ပါလိမ့်မယ်။ ဖြတ်လမ်းကိုမလိုက်ပါနှင့်။ အများထက်အလုပ်ကိုကြိုးစားပါ။ ဘယ်တော့မှဇွဲမလျှော့ပါနှင့်။ သင်ဟာသန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့အချိန်ကျရင်လည်း အများကိုသင့်လိုဖြစ်လာနိုင်ရန် လိုလိုလားလား ကူညီဖေးမပါ။
http://www.searchmyanmar.com/link/frame/cid/39591
Credit:World-Myanmar News

ပရော်ဖက်ရှင်နယ်ဆိုတာ (အရမ်းကောင်းလို့ပါဗျာ)

ပရော်ဖက်ရှင်နယ်ဆိုတာ
----------------------------
ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။
"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။ အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။
".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်..............."
ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောမိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."
"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ" လို့သူကပြောတယ်..။
ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။
သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး" လို့ပြန်ပြောတယ်.။
ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊
အင်္ကျီအ၀တ်အစားတွေ စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေဘူး.။
သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို ရွံကြတယ်ဗျ၊ ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော်
တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။"
ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။
" ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ
ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ"
"ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို
လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။
ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။
ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့ လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော် ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential
customers ဆိုတာပေါ့ဗျာ"
သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက ၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့
၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့ အချိန်မလောက်လို့""အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ" ကျွန်တော် မေးလိုက်မိတယ်..။
"အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။ ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊
ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က
ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း
ဝင်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း
အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး"
"အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်.။
"Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ဒေါ်လာ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊ တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ"
"အဲလောက်တောင် များများ ရလား"
ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။ "ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊
စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ဒေါ်လာ ၁ကျပ်နှုန်းနဲ့ရတယ်။
၈နာရီဆိုတော့ဒေါ်လာ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂ နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင်
အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။
အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ
မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။"
ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။
ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လားကျနေတာပဲ..။
"ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။
"တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ
အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။
"ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊ သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ
သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။"
"ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊
သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော်
လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို
ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့
အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီး ထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။"
ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။
"သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား
သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။
ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ"
"တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့ အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင်
ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။
ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။"
"ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ဒေါ်လာ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။
ကံကောင်းရင်တော့ ဒေါ်လာ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ ၁၀ယောက်လောက်ပဲ ၁လကို ဒေါ်လာ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ
၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး အတက်အကျမရှိဘူး။"
မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။
"ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။ အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ ၀င်လို့ပျော်တာလို့ ပြောကြတာပေါ့။
ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့ စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။"
အပြောကောင်းချက်ဗျာ
"တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို
ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့
အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့
ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။
အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကိုကိုယ် ပြန်မြင်နေသလိုပေါ့"
"ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။
လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။
"ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။ ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။
၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေးကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး ကျွန်တော့်ထက်သာတဲ့
သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။"
"လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ဒေါ်လာ၅၀၀၀နဲ့ပေါ့..။
အဲချိန်တုန်းက ၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို ၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့
အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။
ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. "
သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကို
တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...."
Credit to Serein Ma Yu Hninn

Tuesday, July 29, 2014

ထူးကဲသောအရသာဖြစ်စေသည့်ဟင်းလျာ၏ လျို့ ၀ှက်ချက်

ထူးကဲသောအရသာဖြစ်စေသည့်ဟင်းလျာ၏ လျို့ ၀ှက်ချက်
------------------------------------------------------------------
ဟင်းမျိုးစုံတို့ကို ချက်ပြုတ်ကြရာတွင် ချက်နည်းနှင့် ထည့်ချက်သည့် အမျိုးအစားပေါ်တွင် မူတည်ပြီး ဟင်း၏အရသာမှာလည်း ကွဲပြားသွားကြပါသည်။
ဟင်းလျှာမျိုးစုံတို့ကို ပိုမိုထူးကဲသော အရသာကို ပိုင်ဆိုင်လိုပါက အောက်ပါနည်းတို့ကို အသုံးပြုနိုင်ကြပါသည်။
၁။ ကြက်သားဟင်းသည် အာလူးနှင့် အလိုက်ဖက်ဆုံးဖြစ်ပါသည်။ ကြက်သားကို ချက်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ အာလူးနှင့်တွဲစားပါက အရသာပိုမိုထူးကဲပါသည်။ ကမ္ဘာကျော်အစားအစာတစ်ခုဖြစ်သည့် KFC ကြက်ကြော်ကို အာလူးချောင်းကြော်များနှင့် တွဲစားကြသည်မှာ သက်သေဖြစ်ပါသည်။
၂။ ဘဲသားကို ပေါင်းစားသည်ဖြစ်စေ၊ ဘဲစတူးလုပ်စားသည်ဖြစ်စေ မှိုအမည်းနှင့် ဂျပန်တို့ဟူးကို ထည့်ပေးပါ။ ပိုမိုထူးကဲသော အရသာကို ပိုင်စေပါမည်။ (နာမည်ကြီးပြီး လူအများကြီးစားသုံးနေတဲ့ ဆိုင်အချို့မှာ နည်းစနစ်ကို လူသိမှာစိုး၍ မှိုနှင့် တို့ဟူးပါမှန်းမသိအောင် အဖတ်ကို ဆည်ထားတတ်ကြပါသည်)
၃။ ဆိတ်သားကို မချက်ခင်မှာ ဒိန်ချဉ်နှင့် သံပရာသီးကိုညှစ်ထည့်ပြီး အရင်နှပ်ထားရပါမည်။ ပြီးမှ ချက်လျှင် အညီနံ့လည်းပျောက်သလို အသားလည်းနူးပြီး ပိုစားကောင်းပါသည်။
၎။ ဂဏန်းကို အရသာပိုရှိအောင် ချက်စားရသည့်လှို့ဝှက်ချက်သည် ကြက်ဥဖြစ်ပါသည်။ ချက်စား၊ ပေါင်းစားသည်ဖြစ်စေ ကြက်ဥတစ်လုံးကိုတော့ ပါအောင် ထည့်ပေးပါ။
၅။ အကြော် ကြော်စားတော့မည်ဆိုလျှင် ဘူးသီးကြော်၊ ကြက်သွန်ကြော်စသည့် မည်သည့်အကြော်မဆို အကြော်ကြော်မည့် မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီး ထည့်လိုက်ပါ။ ရွှေကြည်မှုန့်အနည်းငယ်ကိုထည့်ပေးပါ။ အကြော်များ ဖောင်းဖောင်းလေးဖြစ်ပြီး ပိုမိုကြွတ်ရွစေကာ အရသာလည်း ပိုကောင်းစေပါမည်။
၆။ ခေါက်ဆွဲကို တရုတ်ဆိုင်ကခေါက်ဆွဲကြော်ငြာကဲ့သို့ မွှေးကြိုင်နေအောင် ကြော်စားချင်လျှင် အကြော်အိုးကို သီးသန့်ထားပါ။ ဆီဝနေသည့် အကြော်သီးသန့်အိုးသည် အနံ့နှင့် အရသာကိုပါ ကွာခြားစေပါသည်။
၇။ နာမည်ကြီး Chinese Restaurant များ၏ ဟင်းလျှာအရသာလျှို့ ဝှက်ချက်မှာ ကြက်ရိုးပြုတ်ရည် ဖြစ်ပါသည်။ မိုးလင်းကတည်းက ပြုတ်ထားသည့် ကြက်ရိုးပြုတ်ရည်ကို မည်သည့်ဟင်းကိုမဆို အနည်းငယ်စီ ခပ်ပေးပါက အရသာပိုမို ထူးကဲစေပါမည်။
၈။ ၀က်သားကို အချိုချက်ကလေး စားချင်လျှင် သကြားအနည်းငယ် ထည့်လိုက်ပါ။ ၀က်သားတရုတ်ချက်အရသာ ပေါ်လာစေမည်။
၉။ ရိုးဒယားနာမည်ကြီး တုံယမ်းဟင်းရည်ချက်စားမည်ဆိုလျှင် ထည့်ရမည့် ရှောက်ရွက်သည် ရှောက်ဘီလူးရွက် ဖြစ်ပါသည်။ ရိုးရိုးရှောက်ရွက်ထည့်လိုက်လို့ အရသာခါးသက်သက်ဖြစ်သွားကြသူများ သတိထားစရာပါ။
၁၀။ ကန်စွန်းရွက်ကြော်ကို အရောင်မမည်းသွားစေအောင် ကြက်သွန်နှင့် ဆားကို အုပ်ပေးလိုက်ပါ။ သို့ မဟုတ် မကြော်ခင်မှာ ရေခဲရေထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။
၁၁။ ထမင်းကို ဖြူဖြူဖွေးဖွေးလေးနဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီးအရည်လေး အနည်းငယ်ညစ်ထည့်ပေးပါ။
၁၂။ မုန့်ဟင်းခါးအရသာထူးကဲစေခြင်း၏ လျှို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည်ဖြစ်ပါသည်။
၁၃။ အညာတို့ဟူးသုပ်၏ ထူးကဲသောအရသာလျှို့ဝှက်ချက်မှာ စဥ့်အင်တုံထဲမှာ ဖျော်ထားသည့်ဆားရည်သည် အဓိက ဖြစ်ပါသည်။
Credit to Royal Sai (ပူတာအို)
K.K(ကနောင်)

Monday, July 28, 2014

သွားပိုးချသည်ကို ဖြေရှင်းခြင်း

***ကျွန်တော်နှင့် သွားပိုးချသည်ကို ဖြေရှင်းခြင်း***
==============================
ကျွန်တော်တို့ မြန်မာသွားနှင့်ခံတွင်း ဆေးပညာလောကသားများ နိစ္စ ဓူဝကြုံတွေ့နေကြရတဲ့ ပြဿနာများထဲမှာ ယနေ့အချိန်ထိမြန်မာပြည်သူအများ ယုံကြည်နေကြတဲ့သွားပိုးချခြင်းဆိုတာလည်းပါပါတယ်။ ဒီကနေ့အချိန်အထိ သွားနှင့်ခံတွင်းဆေးခန်းများသို့ လာရောက်ပြသကြတဲ့လူနာများထဲမှာ
သွားပိုး ချချင်လို့၊ သွားပိုးသတ်ချင်လို့ဆိုပြီးလာတဲ့လူနာတွေ အများကြီး ရှိပါသေးတယ်။
ကျွန်တော်တို့မှာလည်း သာမန်ပြည်သူများ ဗဟုသုတလည်းရသွားအောင် သွားပိုးစားတယ်ဆိုတာကိုလည်း သေချာနားလည်သွားအောင် ရှင်းပြရတာ အမောပါ။ သွားနှင့်ခံတွင်း ဆေးပညာရယ်လို့ စနစ်တကျမပေါ်ထွန်းခင်အချိန်၊ သွားနှင့်ခံတွင်းဆရာဝန်များ မပေါ်ခင်အချိန်ကတည်းက မြန်မာပြည်မှာ လူတချို့ဟာ လူအများသွားကိုက်သွားနာဝေဒနာခံစားရတဲ့အခါ သွားပိုးချ ခြင်း ဆိုတဲ့အလုပ်တစ်ခုကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့ကြပါတယ်။
အထူးသဖြင့် အများစုတွေ့ရတတ်တာတွေက ဆံပင်ဝယ်တဲ့သူတွေ၊ အခြား တိုလီမုတ်စရမ်းကုနေတဲ့သူတွေဟာ လူစည်ကားရာနေရာများဖြစ်တဲ့ ဈေး၊ ဘတ်စ်ကားဂိတ်စတဲ့နေရာတွေမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဝေဒနာခံစားနေကြရတဲ့ လူနာများကတော့ ပျောက်ကောင်းပျောက်နိုးနဲ့ သွားရောက်ပြုလုပ်ကြရင်း ယနေ့အချိန်အခါအထိ လူတွေကြားထဲမှာ သွားပိုးချခြင်းဆိုတာ စွဲလို့နေခဲ့ ပါတယ်။
ကျန်းမာရေးဗဟုသုတလေ့လာလိုက်စားမှုအားနည်းသူများ အထူးသဖြင့် ပြုလုပ်တတ်ကြပြီး တချို့မှာ ၎င်းလူတွေပြောပြတဲ့ သွားပိုးဆိုတာကိုတောင် အမှန်တကယ် အရှိထင်နေကြပါတယ်။
ကျွန်တော်တို့ဆရာကြီးများနဲ့ ကျွန်တော့်အဘိုးတို့ပြောပြခဲ့ဖူးတာတော့ အဲဒီသွားပိုးချတယ်ဆိုတဲ့သူတွေဟာ သွားနာသွားကိုက်လို့ ရောက်လာတဲ့ လူတွေကို ရေနဲ့အရင် ပလုတ်ကျင်းခိုင်းပါတယ်။
ပြီးမှဆေးရေလိုလို ဘာလိုလို အရည်တွေကို ငုံထားခိုင်း ကာ ပြန်ထွေးထုတ်ခိုင်းပြီး ပါးစပ်က ပြန်ထွက်လာတဲ့ ရေထဲမှာ ပိုးကောင်လေးတွေ ပါတယ်ဆိုတာကိုပြပြီးရင် ပျောက်သွားမယ်ဆို ပြီးသွားပိုးချခ ပိုက်ဆံယူကာပြန်လွှတ်လေ့ရှိပါတယ်။
ပြီးရင်မပျောက် ပြန်ကိုက်လို့ ပြန်လာရင် တစ်ခါရေထပ်ငုံခိုင်း ပြန်ထွေးထုတ်ခိုင်း ပိုးကောင်လေး တွေ ပါလာတာကိုပြပြီး ပိုက်ဆံယူ ပြန်လွှတ်ဒီလိုနဲ့ပဲ နောက်ဆုံးတော့သွား တွေဆွေးကုန်ပြီး ပျက်စီးကုန်ပါတော့တယ်။ အမှန်တော့ ယုံယုံကြည်ကြည်နဲ့ သွားပြကြတဲ့သူများဟာ ၄င်းသူတွေရဲ့လှည့်စားမှုကို ခံနေရတယ် ဆိုတာကို တောင်မသိကြရှာပါဘူး။ သူတို့ငုံခိုင်းပလုတ်ကျင်းခိုင်းတဲ့ရေ သွားထဲကိုထည့်တဲ့အရာတွေထဲမှာ ဆန်ပိုးတို့လို မျက်စိနဲ့မြင်ရတဲ့ ပိုးကောင်လေးတွေကို ထည့်ထားပြီးသားပါ။
လူတွေတော်တော်များများက သတိမထားမိလိုက်ဘဲ လှည့်ပတ်ခံလိုက်ကြရပါတယ်။ ဒါနဲ့ပဲ မဆုံးရှုံးသင့်တဲ့ သွားတွေ ဆုံးရှုံးခဲ့ရတာ တွေ မနည်းပါဘူး။ ဒါကြောင့် သွားပိုးချတယ်ဆိုတာနဲ့ သွားပိုးသတ်တယ်ဆိုတာ မိမိကိုလှည့်စားနေပါတယ်ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါအပြင် သိပ္ပံ နည်းကျတဲ့သွားနှင့်ခံတွင်း ဆိုင်ရာဗဟုသုတတွေလည်း သိထားဖို့လိုပါတယ်။ ဒါမှသာ မိမိခံတွင်းကျန်းမာရေးအတွက် မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်မျိုးကို ရှောင်ရှားနိုင်မှာပါ။
သွားပိုးစားခြင်းဆိုတဲ့ အသုံးအနှုန်းက ရှေးယခင်နှစ်များစွာကတည်းက အသုံးပြုခဲ့တဲ့အသုံးဖြစ်တာကြောင့် လူတွေက သွားကို ပိုးကကိုက်စားတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။ သွားပိုးစားခြင်းထက် ပိုသင့်တော်တဲ့ အသုံးအနှုန်းကတော့ သွားဆွေးမြည့်ခြင်းပါပဲ။
သွားဆိုတဲ့ကိုယ်ခန္ဓာအစိတ် အပိုင်းဟာ လူတစ်ကိုယ်လုံးမှာ အမာဆုံးအစိတ်အပိုင်းပါ။ သွားမှာ အဓိက အလွှာကြီးများဖြစ်တဲ့
ကြွေသွားလွှာ (Enamel) ၊ ဆင်စွယ်နှစ်လွှာ(Dentine)နဲ့ မွသွားလွှာ (Pulp) ဆိုတဲ့အလွှာသုံးလွှာနဲ့ ဖွဲ့စည်းထားပြီး ကြွေသွားလွှာလို့ ခေါ်တဲ့ (Enamel) ဟာ လူတစ်ကိုယ်လုံးမှာအမာဆုံးပါ။
အရိုးတွေထက် တောင်ပိုမာပါတယ်။ ဒီလောက်မာတဲ့သွားအလွှာတွေကို ဘယ်ပိုးကောင်ကမှ မကိုက်စားနိုင် မဖောက်နိုင်ပါဘူး။ သိပ္ပံနည်းကျရှာဖွေတွေ့ရှိထားတဲ့ သွား ပိုးစားခြင်း (ဝါ) သွားဆွေးမြည့်ခြင်းဆိုတာ ဒီလိုပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ တွယ်ကပ်မှီခိုနေတဲ့ ဗက်တီးရီးယားပိုးဆိုတာအများကြီးရှိပါတယ်။ ၎င်းဗက်တီးရီးယားပိုးမွှားများဟာ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင် သေးငယ်ပြီး အဆပေါင်းသန်းချီပြီး ချဲ့ကြည့်ရတဲ့ မိုက်ခရိုစကုပ်ခေါ်အဏု ကြည့်မှန်ပြောင်း များဖြင့်ကြည့်မှသာမြင်တွေ့နိုင်ပါတယ်။
ကျွန်ုပ်တို့ခံတွင်းထဲ မှာလည်းအခြားခန္ဓာကိုယ်အစိတ်အပိုင်းများလိုပဲ မှီတင်းနေထိုင်တဲ့ဗက်တီးရီးယားပိုးမွှားမျိုးစိတ်ပေါင်း ရာနဲ့ ချီရှိပါတယ်။ အဲဒီဗက်တီးရီးယားပိုးမွှားများဟာ ကျွန်တော်တို့နေ့စဉ်နေ့တိုင်းစားသုံးပြီးခံတွင်းထဲမှာ တွယ်ကပ်ကျန်ငြိနေတဲ့ စားကြွင်းစားကျန်များကိုစားသုံးပြီး ပေါက်ပွားရှင်သန်ကြပါတယ်။
၎င်းဖြစ်စဉ်ကို အချဉ်ဖောက်ခြင်းလို့ခေါ်ပါတယ်။ ဒီနေရာမှာ သိထားဖို့တစ်ခုက ၎င်းပိုးမွှား ဟာလည်း သွားကိုကိုက်စားတာမဟုတ်ပါ။ ၎င်းဗက်တီးရီးယားများ စွန့်ထုတ်လိုက်တဲ့ toxin လို့ခေါ်တဲ့ အဆိပ်ဓာတ်တစ်မျိုးဟာ ငရဲမီးလို့ မြန်မာလိုခေါ်တဲ့ အက်စစ်နဲ့ဆင်တူပါတယ်။
အချဉ်ဖောက်ပြီး ချဉ်တဲ့အရသာရှိတဲ့အခြေအနေ အဖြစ်သို့ ပြောင်းသွားပါတယ်။ အထူးသဖြင့် တစ်နေကုန်စားထားတဲ့ စားကြွင်း စားကျန်များနဲ့ ညဘက်သွားမတိုက်ဘဲ အိပ်မိတဲ့အခါ နံနက်မိုးလင်းအိပ်ယာထရင် ခံတွင်းထဲမှာ ချဉ်တင်တင်နဲ့ နံတဲ့တံတွေးရည်တွေထွက်ကျလာတာသတိပြုမိ ကြမှာပါ။
ဒါ့အပြင် ထမင်းစားပြီး အစာတစ်ခုခုစားပြီး ခံတွင်းချဉ်တယ်လို့ ပြောလေ့ရှိပါတယ်။ အဲ့သလိုဖြစ်တာတွေဟာလည်း အချဉ်ဖောက်ပြီး အက်စစ်ဓာတ်တွေဖြစ်လာပါတယ်။ ၎င်းအက်စစ်ဓာတ်နှင့်တူတဲ့ အဆိပ်အတောက်တွေကသာ သွားအတွင်းဖွဲ့စည်းထားတဲ့ အလွှာတွေကို ဆွေးမြည့်ပျက်စီးစေပြီး သွားအပေါက်တွေဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။
ထိုမှ ပိုမိုဆိုးရွားလာပြီး သွားအတွင်းပိုင်း မွသွားလွှာသို့ရောက်ရှိပါက သွားကိုက်ခြင်း၊ သွားနာခြင်းများ ဆက်လက်ဖြစ်ပေါ်ကာ သွားရောဂါဝေဒနာများကို ခံစားရစေပါတယ်။ ဒါကြောင့် သွားဆေးခန်းများတွင် စက်၊ တံစဉ်းတို့နှင့်တောင် အတော်တိုက်ယူရတဲ့ သွားအလွှာများကို ဘယ်လိုပိုးမွှားများကမှ မကိုက်စားနိုင်ပါ။
၎င်းးပိုးမွှားများကိုလည်း မိမိတို့ခံတွင်းများကိုသေချာအချိန်ပေပြီး ရှာဖွေကြည့်စေချင်ပါသည်။
အမှန်တကယ်ရှိသည်ဆိုသော ဗက်တီးရီးယား ပိုးမွှားများမှာ သွားကြို သွားကြားသွားဖုံးများတွင် မှီခိုနေပေမယ့်၎င်းတို့မှထုတ် လွှတ်သော အဆိပ်အတောက်များကသာ သွားရဲ့ဇီဝဖွဲ့စည်းပုံတွေကို ပျက်စီးစေပြီး သွားဆွေးမြည့်ခြင်းများဖြစ်စေပါတယ်။
ထိုမှတစ်ဆင့် သွားနာ သွားကိုက်ဝေဒနာများဆက်လက်ခံစား ရရှိကြတာဖြစ်ပါတယ်။ ဒီနေရာမှာ လည်း ဗဟုသုတအဖြစ် ဖော်ပြလိုတာ ရှိပါသေးတယ်။ လူအများစုက အချို စားမှ၊ ချိုတဲ့အစားအစာတွေစားမှ သွားပိုးစားတယ်လို့ ထင်နေကြပါတယ်။ ဒါလည်း လွဲမှားနေတဲ့ ယုံကြည်မှုပါပဲ။
ကျွန်တော်တို့ စားသုံးနေတဲ့ အစား အစာအများစုဟာ ကာဗွန်ဟိုက်ဒရိတ်ခေါ် ကစီဓာတ်များဖြစ်ကြပါတယ်။ ချိုတဲ့အစားအစာအပြင် အခြားကာဗွန်ဟိုက်ဒရိတ်များတဲ့ အစားအစာများကို လည်း ဗက်တီးရီးယားပိုး စားသုံးနိုင်လို့ဖြစ်ပါတယ်။ ဗက်တီးရီးယားပိုးမွှားများ စားသုံးနိုင်တဲ့ အစာမှန်သမျှဟာ ဗက်တီးရီးယားပိုးများကို ပိုမိုပေါက်ပွား နိုင်စေပြီး သွားတွေကို ဆွေးမြည့် ပျက်စီးစေနိုင်တဲ့ အက်စစ်အဆိပ် အတောက်များကို ပိုမိုစွန့်ထုတ်စေနိုင်တာမို့ မည်သည့်စားကြွင်းစားကျန်မျှ မိမိခံတွင်းထဲမှာ မကျန်အောင် ဂရုတစိုက်သန့်ရှင်းရေးလုပ်ကြရပါလိမ့်မယ်။
ဒါကြောင့် မည်သို့သော အစားအစာမျိုးပင်ဖြစ်ပါစေ ခံတွင်းထဲမှာ စားကြွင်း စားကျန်များ မကျန်အောင်ဂရုတစိုက် သန့်ရှင်းရေးပြုလုပ်ဖို့ လိုပါတယ်။ ဘာပဲစားစား ဘာပဲသောက်သောက် စားပြီးသောက်ပြီးတာနဲ့ ရေဖြင့်ဖြစ်စေ ပလုတ်ကျင်းဆေးရေများဖြင့်ဖြစ်စေ အမြဲဖယ်ရှားရှင်းလင်းပြီး ခံတွင်းသန့် အောင်ထားခြင်းဖြင့် ဗက်တီးရီးယား ပိုးများ ပေါက်ဖွားနှုန်းကို လျော့ကျစေသလို အချဉ်ဖောက်ပြီး အက်စစ်ဓာတ်ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။ အခြားကျန်သည့်အချိန်များတွင်လည်း မကြာခဏ ပလုတ်ကျင်းပေးခြင်းဖြင့် မိမိခံတွင်းကိုသန့်ရှင်းအောင် ထိန်းထားနိုင်ပြီး သွားပိုးစားခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။
သွားတိုက်ရာတွင်လည်း စနစ်တကျနဲ့ အချိန်မှန်မှန် သန့်ရှင်းရေး လုပ်ဖို့ လိုပါမယ်။ ယနေ့အထိလူအများစုဟာ မနက်အိပ်ရာထချိန်သာ သွားတိုက် တတ်ကြပြီး ညဘက်တိုက်တဲ့အလေ့အကျင့်များမရှိသေးတာတွေ့ရပါတယ်။
အမှန်တော့တစ်နေ့တစ်ကြိမ်တိုက်ရင်တောင် ညအိပ်ရာမဝင်ခင် အချိန်ကို မဖြစ်မနေ တိုက်ပေးရပါမယ်။ တစ်နေကုန်စားထားတဲ့အစာမျိုးစုံရဲ့ စားကြွင်း စားကျန်တွေနဲ့ ညအိပ်ချိန်နာရီများစွာမှာ ဗက်တီးရီးယားပိုးများ အများကြီး ပေါက်ပွားနိုင်ပြီး အက်စစ်အဆိပ်အတောက်များလည်း အများကြီး စွန့်ထုတ် နိုင်တာမို့ သွားဆွေးမြည့်ပျက်စီးနိုင်ခြေပိုများပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင် အစာနောက်ဆုံးစားပြီးတဲ့အချိန်မှာ သွားကိုမဖြစ်မနေတိုက်ရပါမယ်။ နောက်မှားနေတာတစ်ခုက နံနက်စာမစားခင်သွားတိုက်တာပါ။ သွားတိုက်ပြီးမှ နံနက်စာစားတော့ သန့်ပြီးသား သွားတွေမှာ အစာတွေပြန်ကပ်ကုန်ပါတယ်။
ဒါကြောင့် ညအိပ်ရာမဝင်ခင် အချိန်နဲ့ နံနက်စာစားပြီးချိန်ကို တာဝန်တစ်ခု လိုသတ်မှတ်ပြီး မဖြစ်မနေလုပ်ကြရပါမယ်။ ကျန်တဲ့အချိန်တွေမှာလည်း ဘာပဲစားစား ဘာပဲသောက်သောက် ရေဖြင့်ပလုတ်ကျင်းပြီး ခံတွင်းကို သန့် နေအောင်ဂရုစိုက်ရပါမယ်။ သွားပွတ်ကြိုး၊ သွားကြားထိုးတံစတာတွေနဲ့လည်း သွားကြိုသွားကြားတွေထဲမှာ စားကြွင်းစားကျန်တွေ မကျန်အောင်သန့်ရှင်း ရေးပြုလုပ်ရပါမယ်။ ခြောက်လတစ်ခါ သွားနှင့်ခံတွင်း ဆရာဝန်များမှာ စစ် ဆေးမှုခံယူပြီးသွားပိုးပေါက်များမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့လိုပါတယ်။ ၎င်းသွားပိုးချခြင်း လုပ်တဲ့နေရာများ ယနေ့တိုင်တွေ့ရှိနေရသေးတာကြောင့် ပြည်သူများအနေနဲ့ မိမိကျန်းမာရေးကိုဂရုစိုက်ပြီးမှန်ကန်တဲ့ ဆေးကုသမှုစနစ်များနဲ့ နေထိုင်ပါမှ မိမိခံတွင်းကျန်းမာရေးကိုစောင့်ရှောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် သွားပိုးချခြင်းဆိုတဲ့ လိမ်ညာလှည့်စားမှုများကင်းပြီး သွားနှင့် ခံတွင်း ဗဟုသုတတိုးပွားစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။ ။
ဒေါက်တာမျိုးမင်းသိန်း
(ACTION Study)
The Mirror Daily

Thursday, July 24, 2014

မိန်းကလေးများ သိမှတ်ဖွယ်

မိန်းကလေးများ သိမှတ်ဖွယ်
24.7.2014

(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။
ခေတ်နဲ့မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေ ဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။
Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေး မတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေ ဖြစ်တယ်။

(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။
ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။
တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူ မဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။

(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။
ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု.....စတဲ့စာအုပ်တွေ။ ဘုရားသခင်က သင့်ကို လှပတဲ့ မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။
ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်က ပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူး ဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

(၆) ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။
အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေ အတွက် ကျေးဇူးတရားကို ရင်ထဲ အမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမှန်၊ သာမန်စိတ်ကိုမွေးပါ။

(၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။
ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။ အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်သောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။

(၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။
ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။
သင့်မှာ ဗဟုသုတ မရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။ အမြင်မတူ၊ အသွင်ကွဲလို့ ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။ ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။ ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။

(၉) သင်ဟာ တကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။
အရေးကြီးတာက တစ်ပါးသူကို မှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ပဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကို အားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်း လခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာရှိသေးတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်ယူစရာဖြစ်တယ်။

(၁ဝ) ဘဝကပေးတဲ့ အရာတိုင်းကို တန်းဖိုးထားမြတ်နိုးပါ၊ သင်ယူပါ။
အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။ သူတစ်ပါးကိုချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။ တကယ်လို့ သင့်ကို သူခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့ တောင်းဆုတွေပေးပါ။

အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင် ချစ်နေရတာထက်စာရင် ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ သူ့တစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် .. စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့ မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။

my book

သင် မည်သည့် ဘ၀ တွင် ရှိသနည်း

သင် မည်သည့် ဘ၀ တွင် ရှိသနည်း
24.7.2014

ဘုရားသခင်က ပထမဆုံးအဖြစ် တိရစ္ဆာန် တစ်ကောင်အား ဖန်ဆင်းတော်မူသည်။ ထို့နောက် ထိုသတ္တ၀ါအား “သင်ဟာအခုချိန် မှစ၍ မြက်ပင်တို့ကို စားသောက်ကာ သင်ဧ။်ကျောပေါ်တွင် ၀န်စည်စလယ်များ တင်ဆောင်ပြီး နေ၀င်မိုးချုပ် အလုပ်လုပ်စေခါ ထုံထိုင်းသော မြည်းအဖြစ်နှင့် သက်တမ်း နှစ် ၅၀ အထိ ရှင်သန်နေထိုင်စေ။”

ဒီအခါမှာ မြည်းပုလေးက “ အရှင်....ကျွန်ုပ်က မြည်းတစ်ကောင်အဖြစ် နှစ်ပေါင်း ၅၀ အထိ နေထိုင်ရတာ များလွန်းပါတယ်။ ဒါကြောင့် ကျွန်ုပ်အား နှစ်၂၀ ပဲပေးပါ” လို့ အသနားခံ လျှောက်လိုက်တယ်။

ဒီအခါမှာ ဘုရားသခင်က သဘောတူ ခွင့်ပြုလိုက်လေသည်။

အဲ့ဒီနောက် ဘုရားသခင်က ဒုတိယအကြိမ် ခွေးတစ်ကောင်ကို ဖန်ဆင်းတော် မူလေသည်။ “သင်ဟာ အခုချိန်မှစ၍ လူသားတွေရဲ့ မိတ်ဆွေသူငယ်ချင်း အဖြစ်နှင့် နေထိုင်ရမည် ဖြစ်ပြီး ထိုသူတို့ဧ။် အိုးအိမ်ကို စောင့်ရှောက်ခါ လူသားတို့ ကျွေးသော စားကျွန်းစားကျန်များကို စားသောက်၍ ခွေးအဖြစ်နှင့် သက်တမ်းနှစ်ပေါင်း (၃၀) အထိ နေထိုင်စေ” လို့ပြောဆို လိုက်ပါတယ်။

အဲဒီအခါမှာ ခွေးက “အရှင် ကျွန်ုပ်က ခွေးတစ်ကောင်အဖြစ် နှစ်ပေါင်း (၃၀) အထိ နေထိုင်ရ မယ်ဆိုတာ များလွန်းပါတယ်။ ဒါကြောင့် ကျွန်ုပ်ကို (၁၅) နှစ်ပဲ နေထိုင်ခွင့် ပေးပါ” လို့တောင်းဆို လိုက်ပါတယ်။ ဘုရားသခင်ကလည်း ခွေးဆန္ဒကို လိုက်လျှောသဘောတူ ပေးလိုက်ပါတယ်။

ဘုရားသခင်က တတိယ အကြိမ်အဖြစ် မျောက်တစ်ကောင်ကို ဖန်ဆင်းတော် မူပြန်လေသည်။ “သင်ဟာအခုချိန် မှစ၍ သစ်ကိုင်းတစ်ကိုင်းမှ တစ်ကိုင်းသို့ ဒီကိုင်းသို့ လွှဲယမ်းလှုပ်ရှား ကူးပြောင်း၍ ပျော်ရွှင်စွာ နေထိုင်စေပြီး မျောက်အဖြစ်နှင့် သက်တမ်း (၂၀) အထိ နေထိုင်စေ ”

ဒီအခါမှာ မျောက်က “အရှင် မျောက်တစ်ကောင်အတွက် နှစ်ပေါင်း(၂၀) ဆိုတာများ လွန်းပါတယ်။ ကျွန်ုပ်ကို (၁၀) နှစ်ပဲ ပေးပါ ” လို့ တောင်းဆိုလိုက်ပါတယ်။ ဘုရားသခင်ကလဲ မျောက်ဧ။်ဆန္ဒအား သဘောတူ ခွင့်ပြုခဲ့လေသည်။

နောက်ဆုံး အနေနဲ့ ဘုရားသခင်က လူသားကို ဖန်ဆင်းတော် မူလေသည်။ သင်ဟာ အခုချိန်မှစ၍ ကိုယ်ပိုင်ဥာဏ်စွမ်းဖြင့် အကျိုးအကြောင်းကို ဝေဖန်ပိုင်းခြားနိုင်ခါ ဆင်ခြင်တုံ တရားနှင့် ပြည့်စုံ၍ တိရစ္ဆာန် အားလုံးတို့ အပေါ်တွင် ဆရာတစ်ဆူဖြစ်ပြီး တစ်ကမ္ဘာလုံးကို ပိုင်စိုးသော လူသားအဖြစ်နှင့် သက်တမ်း (၂၀) အထိ အသက်ရှင် နေထိုင်စေ ”

ဒီအခါမှာ လူသားကလည်း “အရှင်...လူသားအဖြစ် နေထိုင်ရပြီး သက်တမ်း (၂၀)အထိပဲ နေခွင့်ရတာ ကျွန်တော်မျိုးအတွက် အင်မတန် နည်းပါးလွန်းပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးအား မြည်းပုလေး ငြင်းပယ်ခဲ့သော နှစ်ပေါင်း (၃၀) ရယ် ၊ ထိုခွေး မယူချင်သော နှစ်ပေါင်း (၁၅)နှစ်ရယ် ၊ ထိုမျောက် ငြင်းပယ်ခဲ့သော နှစ်ပေါင်း (၁၀) နှစ်ရယ်ကို ကျွန်တော့ကို ပေးသနားပါ” လို့ မြည်းပု ၊ ခွေး ၊ မျောက် တို့ကို လက်ညိုးညွှန်၍ တောင်းဆိုလေသည်။ ဘုရားသခင်မှလည်း သဘောတူ ခွင့်ပြုလေသည်။

ထိုအချိန်မှ စ၍ လူသားသည် သူရရှိထားသော နှစ်(၂၀)အထိ လူငယ်ဘ၀ဖြင့် နေထိုင်ရပြီး ထိုမှတဖန် အိမ်ထောင်ပြု၍ ကိုယ်ပိုင် မိသားစု ဘ၀သို့ ရောက်ရှိသွား သောအခါ မြည်းတစ်ကောင်ဧ။် ဘ၀ကဲ့သို့ တာဝန်နှင့် ၀တ္တရား မြောက်များစွာကို သယ်ဆောင်၍ ပင်ပန်းဆင်းရဲစွာဖြင့် နှစ်ပေါင်း (၃၀) အားနေထိုင် ဖြတ်သန်းရလေသည်။

ထို့နောက် အသက်ကြီးလာ၍ သားသမီးများ အရွယ်ရောက်လာကြ သောအခါ အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရင်း သားသမီးတို့ဧ။် ပေးကမ်း ကျွေးမွေးမှုနှင့် နေစားသောက်ရခါ ခွေးတစ်ကောင်ဧ။် ဘ၀ကဲ့သို့ နှစ်ပေါင်း (၁၅) နှစ်အား ဖြတ်ကျော် နေထိုင်ရလေသည်။

အဲဒီနောက် အိုမင်းမစွမ်းနှင့် အသက်အရွယ် ရလာသောအခါ သားသမီးများဧ။် အိမ်များသို့ တစ်အိမ်မှ တစ်အိမ်ဆီ ကူးသန်းသွားလာ၍ သားသမီး ၊မြေးမြစ်များအား ထိန်းကျောင်းကြည့်ရှု့ စောင့်ရှောက်ရင်း ပျော်ပျော်ပါးပါး နေထိုင်ရင်းဖြင့် မျောက်တစ်ကောင်ဧ။် ဘ၀ကဲ့သို့ နှစ်ပေါင်း(၁၀) နှစ်တိုင်အောင် နေထိုင်ရလေသည်။

ထိုအရာများသည် လူသားတို့ဧ။် ဘ၀ပင် ဖြစ်လေသည်။

လူ့ဘ၀ဧ။် ဖြစ်စဉ် အစအဆုံးတွင် ပထမအရွယ်၌ ပျိုတုန်းရွယ်တုန်း အချိန်တွင် လွတ်လပ်ပျော်ရွှင်စွာဖြင့် မိမိတို့ဧ။် ကိုယ်ပိုင် လူငယ်ဘ၀အား ဖြတ်သန်းနေထိုင်ခွင့် ရကြလေသည်။

ဒုတိယ အရွယ်၌ အိမ်ထောင့်တာဝန်များနှင့် ၀န်ထုတ်ဝန်ပိုးများကို ကျောပိုး၍ မြည်းတစ်ကောင်အလား ပင်ပန်းဆင်းရဲ စီးပွားရှာရင်း မိသားစု ဘ၀ကို ဖြတ်သန်းခွင့် ရလေသည်။

တတိယ အရွယ်၌ မိမိမွေးဖွားလိုက်သော သားသမီးတို့ အရွယ်ရောက်လာကြစဉ်တွင် မိမိတို့မှာ အနားရ၍ အိမ်စောင့်ဘ၀ဖြင့် ထိုသားသမီးတို့က တဖန်ကြည့်ရှု့ကျွေးမွေးမှုဖြင့် စားသောက်ရပြီး အိမ်တစ်အိမ်အား စောင့်ခွင့်ရနေသော ခွေးတစ်ကောင်ဧ။် ဘ၀ကဲ့သို့ မိမိတို့ ဘ၀အား ရှင်သန်ဖြတ်သန်း ရလေသည်။

စတုတ္ထ အရွယ်၌ အိုမင်းလာသော အခါ မိမိတို့ သားသမီးများမှ မွေးဖွားလာသော မြေးမြစ်များကို ထိန်းကျောင်းရင်းဖြင့် တစ်အိမ်မှ တစ်အိမ်သို့ သွားကာ မြေးမြစ်များနှင့် ပျော်ပါးစွာ နေထိုင်ရင်း တစ်ပင်မှ တစ်ပင်သို့ ကူးပြောင်း၍ ပျော်ရွှင်စွာ ဆော့ကစားတတ်သော မျောက်တစ်ကောင်ဧ။် ဘ၀ကဲ့သို့ မိမိတို့ ဘ၀ကို နေထိုင်ရှင်သန်ခွင့် ရလေသည်။

မိတ်ဆွေ ယခုစာဖတ်နေသည့် အချိန်တွင် သင့်ကိုယ်သင် မည်သည့်ဘ၀ဖြင့် ရှင်သန်နေထိုင် သနည်းကို သင်ဂရုပြု မိလေပြီလား?

ထိုဂရုပြုမိသော သင်သည် လူငယ်လူရွယ် အဖြစ်မှ ကျော်လွန်၍ မြည်းတစ်ကောင် သို့မဟုတ် ခွေးတစ်ကောင် သို့မဟုတ် မျောက်တစ်ကောင် ဧ။် ဘ၀၌ ဖြစ်နေပြီလား?

dream

Wednesday, July 23, 2014

အရစ္စတိုတယ်ပြောတဲ့ပညာရေး

အရစ္စတိုတယ်ပြောတဲ့ပညာရေး
တစ်နေ့မှာ အရစ္စတိုတယ်ရဲ့ တပည့်တစ်ယောက် ရောက်လာပြီးတော့ သူ့ကိုမေးပါတယ်။ဘာလို့ ကျွန်တော်တို့ ပင်ပင်ပန်းပန်းနဲ့ ပိုက်ဆံအကုန်ခံပြီး ပညာသင်ယူနေကြရတာလဲ။ တကယ်လို့ ပညာမသင်ဘဲ ဆိပ်ကမ်းမှာ ကုန်ထမ်းရင်တောင် အခုလောက်ဆို ငွေကြေးတော်တော် စုမိဆောင်းမိနေလောက်ပြီလို့ပေါ့
အရစ္စတိုတယ်ကတော့ "ကောင်းပြီတပည့် မင်းစပြစ်ပင်တွေကို ကြည့်လိုက်စမ်း။ စပြစ်ပင်တွေဟာ ခက်ခက်ခဲခဲနဲ့ မြေကြီးထဲကို အမြစ်တွေ ထိုးဖောက်ကုပ်ယူပြီးတော့ နေရတယ်။ အချိန်ကြာလာတော့ အသီးတွေ ထွက်လာတဲ့အခါမှာလဲ အသီးတွေက အလွန်ချိုလှတယ်။
ပညာဆိုတာလဲ အဲဒီလိုပဲ။ သင်ယူတဲ့အချိန်မှာ ခက်ခဲသလောက် ပြန်လည်အသုံးချတဲ့အချိန်မှာ များစွာသော အကျိုးစီးပွားကို ခံစားရပါလိမ့်မယ်။
ပညာမဲ့တဲ့သူကတော့ မြက်ပင်လိုဘဲ။ မြက်ပင်တွေဟာ အမြစ်ကလေး သေးသေးလေးနဲ့လဲ ရှင်သန်နိုင်တယ်။ ဒါပေမယ့် မြက်ပင်ကြီးထွားလာပြီး အလွန် ထိုးထိုးထောင်ထောင်ဖြစ်လာရင်တော့ အဲဒီမြက်ပင်ကို နှုတ်ပြစ်ကြမှာပဲ။
ပညာမဲ့တဲ့လူကလဲ သူသိတဲ့ အပိုင်းအစလေးတွေနဲ့ ဆက်လက်ရှင်သန်ပြီးတော့ လူ့အောက်မှာပဲ နေရတယ်။ တကယ်လို့ ထောင်ထလာရင်တောင်မှ အခြားသူတွေရဲ့ နှိပ်ကွပ်ခြင်းကို ခံရနိုင်တယ် " လို့ သူ့တပည့်ကို ဆုံးမလိုက်သတဲ့
မောင်စိုင်း

အကောင်းဆုံး အစားအသောက်များ၊

အမျိုးသမီးများ စားသုံးသင့်သော အကောင်းဆုံး အစားအသောက်များ၊
---------------------------
(HAPPY MOM ကိုယ်ဝန်ဆောင်ခေါင်းအုံးအားဝယ်ယူလိုပါက 01-683372 /
09-73235636 တွင်ဆက်သွယ်ဝယ်ယူနိုင်ပါသည်။)
( ၁ ) ဥမျိုးမျိုး
( ၂ ) ဒိန်ချည်
( ၃ ) အဆီထုတ်ထားသောနို့ အမျိုးမျိုး
( ၄ ) salmon ငါး
( ၅ ) အမဲသား
( ၆ ) ပရိုတိန်းဓါတ်ပါသော ပဲအမျိုးမျိုး
( ၇ ) မြေပဲ
( ၈ ) တို့ ဖူ
( ၉ ) olive ဆီ
( ၁၀ ) သစ်တော်သီး
( ၁၁ ) ထောပါတ်သီး
( ၁၂ ) လိုက်ချိးသီး
( ၁၃ ) ပန်းသီး
( ၁၄ ) မကလာသီး
( ၁၅ ) သလဲသီး
( ၁၆ ) ငှက်ပျောသီး
( ၁၇ ) ဟင်းနုနယ်ရွက် နှင့် အစိမ်းရောင်အရွက်များ
( ၁၈ ) ဘယ်ရီသီးအမျိုးမျိုး
( ၁၉ ) ကြက်ရင်အုံ
( ၂၀ ) မှို
( ၂၁ ) အမဲရောင်ချောကလက်
( ၂၂ ) အစိမ်းရောင်မုန်လာထုပ် ( Broccoli )
( ၂၃ ) ကြက်သွန်ဖြူ
( ၂၄ ) ကြက်သွန်နီ
( ၂၅ ) ကစွန်းဥ
( ၂၆ ) ဗီတာမင်စီပြည့်ဝသောချဉ်သောအသီးများ
( ၂၇ ) ၀ိုင်အမျိုးမျိုး
( ၂၈ ) ပေါက်ပေါက်ဆုပ်
( ၂၉ ) ပင်လယ်စာ
( ၃၀ ) ရွှေဖရုံသီး
( ၃၁ ) ကော်ဖီထုပ်
( ၃၂ ) လဖ္ဘက်ရည်ကြမ်း ( ဂရင်းတီး၊ ရိုးရိုးလဖ္ဘက်ခြောက် )
( ၃၃ ) ဆန်အညို
( ၃၄ ) အယ်လ်မွန်စေ့ ( almonds )
( ၃၅ ) မုန်လာဥနီ
( ၃၆ ) ကော်ဖီ
( ၃၈ ) ငါးသေးသေးများ
( ၃၉ ) ဘယ်ရီသီးအမျိုးမျိုး
( ၄၀ ) flax seeds

Tuesday, July 22, 2014

တခုခုခံစားမိတယ်ဗျာ ဘာမှန်းတော့မသိဘူး

တခုခုခံစားမိတယ်ဗျာ ဘာမှန်းတော့မသိဘူး

နိုဘယ်ဆုရ ဒိန်းမတ်နာမည်ကျော် ဒေါက်တာတယောက်က သူ့လုပ်ငန်းကိုဆက်ခံဖို့ လူငယ်ဆရာဝန်တယောက်ရွေးချင်တယ်။ ဒါပေမယ့် ဒီလိုအရမ်းပျင်းစရာကောင်းတဲ့လုပ်ငန်းကို ဇွဲရှိရှိလုပ်နိုင်ပါ့မလားလို့ သံသယရှိတဲ့အတွက် သူ့ရဲ့လက်ထောက်က အကြံတခုပေးတာက အခြား တယောက်တယောက်ကနေ လွယ်ကူတဲ့အလုပ်တခုအတွက် ဒီလူငယ်ဆရာဝန်ကို လစာမြင့်မြင့်ပေးပြီး အစမ်းခေါ်ခန့်ကြည့်ခိုင်း လိုက်ပါ။ ဒီလိုခေါ်တဲ့ဘက်ကို သူသွားမလားစောင့်ကြည့်လိုက်ပါ။ ဆရာကြီးက ဒီအကြံကိုမသုံးလိုက်ပဲ ပြောပြတာက … လူတယောက်ရဲ့ကိုယ်ကျင့်တရားကို သွားမစမ်းသပ်ပါနဲ့ ။ ဒီလူငယ်က အရမ်းဆင်းရဲတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့အတွက် ငွေကြေးရဲ့စွဲဆောင်မှုကို သူဘယ်ငြင်းနိုင်မလဲ။ ကျွန်တော်တို့အားလုံးက သာမန်လူတွေပါပဲ။
နောက်ဆုံးမှာ ဒီလူငယ်လေးက သူ့လုပ်ငန်းကို ဆက်ခံပြီး အရမ်းအောင်မြင်ကျော်ကြားတဲ့ ဆရာဝန်တယောက်ဖြစ်သွားတယ်။ ဒီဇာတ်လမ်းကို ဆရာဝန်လူငယ်ပြန်သိလိုက်ရတဲ့အချိန်မှာ မျက်ရည်ကျပြီးပြောတာက … အကယ်၍ ကျွန်တော်ရဲ့ကျေးဇူးရှင်ဆရာကြီးက အဲဒီလိုမျိုးစမ်းသပ်ခဲ့မယ်ဆိုရင် ကျွန်တော်ကသေချာပေါက် လစာမြင့်တဲ့အလုပ်ကိုလက်ခံလိုက်မှာပဲ။အခုလို ကြီးကျယ်တဲ့အောင်မြင်မှုကို ရလာစရာအကြောင်းမရှိဘူး ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်တုန်းက ကျွန်တော်အမေက အိပ်ရာထဲမှာ လဲနေပြီးဆေးကုဖို့ ငွေလိုနေတယ် ၊ ကျန်တဲ့မောင်နှမတွေလည်း ကျောင်းတက်ဖို့ ကျွန်တော့်လစာကိုစောင့်နေကြတယ် တဲ့ ။
ကျွန်တော်တို့တွေအားလုံးက သာမန်လူတွေပါ ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရားအ၇မ်းကောင်းတယ်ဆိုပြီး အထင်နဲ့ သူများရဲ့ကိုယ်ကျင့်တရားကိုစောင့်ကြည့်တာမျိုးမလုပ်ပါနဲ့ ။ နည်းစနစ် ၊ စည်းမျဉ်းစည်းကမ်း ၊ ဥပဒေကို သေချာတည်ထောင်ပြီး တိုင်းပြည်ကိုအုပ်ချုပ်တာမျိုး မဟုတ်ပဲ ပြီးပြည့်စုံတဲ့ သူရဲကောင်းတွေပေါ်ထွက်လာပြီး အုပ်ချုပ်ဖို့ မျှော်နေတာမျိုးက တကယ်တမ်းပြောရရင် ဒီမိုကရေစီမကျတဲ့အတွေးတမျိုးပါ။ အာဏာရှင်တယောက်ကိုမွေးထုတ်နေသလိုပဲ။

ကျော်စံလင်း
ပြန်ရှဲတာပါဗျာ

သတိပဋ္ဌာန်နှင့်နိဗ္ဗာန်(ကိုယ်တိုင်ဖတ်ရန်)

  သတိပဋ္ဌာန်နှင့်နိဗ္ဗာန်(ကိုယ်တိုင်ဖတ်ရန်)

          ဟောသည်အမေးလွှာကတော့ ကသာမြို့၊ ဦးညွန့်လှိုင်ထံကဖြစ်ပါတယ် ဘုရား

          ဦးညွန့်လှိုင်ရဲ့ အမေးလွှာကို ဖတ်စမ်းပါဦး

          မှန်ပါ - တပည့်တော် ဖတ်လျှောက်ပါ့မယ်၊နေ့စွဲ - ၇-၃-၈၄၊ တပည့်တော် ရိုသေစွာ  လျှောက်ထားအပ်ပါသည်ဘုရား -

          (၁) သတိပဋ္ဌာန်ဆိုတာ အမှန်တရားလား၊ ပွားရမည့်တရားလားဆိုတာ ခွဲခြားသိချင်ပါသည် ဘုရား။

          (၂) နောက်တစ်ခုက သိ ဆိုတာရယ်၊ မှတ် ဆိုတာရယ်၊ပွားများတယ် ဆိုတာရယ်   ဘယ်လိုခြားနားပါသလဲ ဘုရား။

          (၃) နောက်တစ်ခုက  ထွက်လေဝင်လေမှတ်ရုံ၊ ဣတိယာပထ လေးပါး မှတ်ရုံနှင့်သစ္စာလေးပါးကို သိနိုင်ပါသလား ဘုရား။

          (၄) နောက်တစ်ခုက ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ဂုဏ်တော်တွေပွားများနေတာ၊ ခန္ဓာ၊ အာယတန၊ ဓာတ်တရားတွေ ပွားများနေတာကို သမာဓိခေါ်ပါသလား ဘုရား။

          (၅) နောက်တစ်ခုက သတိပဋ္ဌာန်တရား မှတ်တဲ့အခါသတိနှင့်ပညာ ဘယ်ဟာက ပိုပြီး အရေးကြီးပါသလဲဘုရား။

၎င်းအချက်များကိုသံသယကင်းရှင်းအောင် ရှင်းလင်းပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။ (ဦးညွန့်လှိုင်- ဘုရားသုံးဆူလမ်း၊ ရပ်ကွက် ၂၊ ကသာမြို့)
          ဦးညွန့်လှိုင်ရဲ့ အမေးက ခုန်ကျော်ကလေးဖြစ်နေတယ်၊ ဒါကြောင့် အခြေခံကစပြီး ဖြေကြစို့ရဲ့

          မှန်ပါ၊ ဖြေတော်မူပါဘုရား

          ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်များရဲ့ နောက်ဆုံးပန်းတိုင်ဟာ(ဣဒံ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု)သည် ကောင်းမှုဟာ နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေလို့ဆိုကြတဲ့အတိုင်း နိဗ္ဗာန်တရားဖြစ်တယ်၊နိဗ္ဗာန်တရားဆိုတာ သစ္စာလေးပါးအနက် နိရောဓသစ္စာကိုဆိုလိုရင်း ဖြစ်ပါတယ်၊ ဒါကြောင့် သဂြိုဟ်ကျမ်း သမုစ္စည်းပိုင်းမှာ (နိရောဓော နာမ နိဗ္ဗာနံ)နိဗ္ဗာန်ဟာ နိရောဓသစ္စာဖြစ်တယ်လို့ ဆိုထားတယ်၊ သည်နေရာမှာ နိရောဓသစ္စာနှင့် ပတ်သက်ပြီးအယူအဆ နှစ်မျိုးကွဲ နေတယ်ကွယ့်

          ဘယ်လို ကွဲနေပါသလဲ ဘုရား

          နိရုဇ္ဈန္တိ ဧတ္ထာတိ နိရောဓော ဒုက္ခခပ်သိမ်းကင်းငြိမ်းရာဌာနဟာ နိရောဓဖြစ်တယ်၊ သည်နေရာမှာ ဒုက္ခခပ်သိမ်းကို အရကောက်လိုက်လျှင် ရုပ်ခန္ဓာနာမ်ခန္ဓာကို ရတယ်၊ ဇာတိ၊ ဇရာ၊ မရဏ စသော ဒုက္ခများဟာလဲ ရုပ်ခန္ဓာ နာမ်ခန္ဓာပဲ၊ ရုပ်ခန္ဓာ နာမ်ခန္ဓာဖြစ်ခြင်းကိုဇာတိ၊ ရင့်ရော်လာခြင်းကို ဇရာ၊ ပျက်စီးသွားခြင်းကို မရဏလို့ခေါ်တာပဲ၊ ဒါကြောင့် ဒုက္ခကိုအရကောက်လိုက်တော့ ရုပ်ခန္ဓာ နာမ်ခန္ဓာကိုရတယ်။

          နိဗ္ဗာန်ဆိုတဲ့ နိရောဓတရားဟာ ရုပ်ခန္ဓာ နာမ်ခန္ဓာတည်းဟူသောဒုက္ခတို့ရဲ့ ကင်းငြိမ်းရာဖြစ်တယ်၊ သည်နေရာထိ ရောက်အောင် ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံကြတယ်၊ရုပ်နာမ်ကင်းငြိမ်းသွားခြင်းဆိုတာ ဘယ်လိုကင်းငြိမ်းသွားတာတုန်း ဆိုတာနှင့် ပတ်သက်လို့တော့အယူအဆ နှစ်မျိုးပြားလာကြသကွယ့်

          မိန့်တော်မူပါဘုရား

          အယူအဆတစ်မျိုးက ရုပ်ခန္ဓာ နာမ်ခန္ဓာဟာနိရောဓတည်းဟူသော နိဗ္ဗာန်မှာ ချုပ်ငြိမ်းတာတော့မှန်ပါရဲ့၊  သို့သော် ရုပ်နာမ်ချုပ်ငြိမ်းပြီးတဲ့နောက် နိဗ္ဗာန်ဘုံမှာဘယ်သောအခါမျှ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ ပျက်စီးခြင်းမရှိတဲ့ ရုပ်ထူး နာမ်ထူးဖြစ်ပြီးပရိနိဗ္ဗာန်ဝင်စံပြီး ပုဂ္ဂိုလ်ဟာ အဲသည်နိဗ္ဗာန်ဘုံမှာ ခံစားပြီး နေရတယ်လို့ ယူဆတယ်၊ သည်အယူအဆကအတ္တစွဲလမ်းအားကြီးတဲ့ အယူအဆတစ်မျိုး ဖြစ်တယ်ကွယ့်

          ဘယ်လို အတ္တစွဲလမ်း အားကြီးတာလဲ ဘုရား

          ရုပ်ခန္ဓာ နာမ်ခန္ဓာအပေါ် အတ္တအစွဲအလမ်းအားကြီးတဲ့ပုဂ္ဂိုလ်ဟာ ရုပ်နာမ်ချုပ်ငြိမ်းမှာကို မလိုလားဘူး၊ ရုပ်နာမ်အပေါ် စွဲငြိနေတဲ့ဆင်းရဲငြိမ်းမှုမျှကိုသာ လိုလားတယ်၊ ရှင်းရှင်းပြောရရင် သည်ရုပ်ခန္ဓာ နာမ်ခန္ဓာဟာ ဘယ်တော့မှပျက်စီးခြင်း၊ ဆွေးရိခြင်း၊ နာကျင်ခြင်း မဖြစ်ဘဲ ချမ်းသာမှန်သမျှ တွေကို တင်းပြည့်ကျပ်ပြည့်ခံစားနေချင်တယ်၊ အဲသည် အယူအဆနှင့် ဒါနစတဲ့ ကောင်းမှုပြုတဲ့အခါ ပရိနိဗ္ဗုတပုဂ္ဂိုလ်အဖြစ်ဖြင့်နိဗ္ဗာန်ဘုံမှာ ခံစားစံစားရဖို့ မျှော်မှန်းခဲ့တယ်။

          သည်အယူအဆဟာ မြောက်ဂိုဏ်း ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်များရဲ့အယူအဆလို့ ဆိုကြတယ်၊ ထိုပုဂ္ဂိုလ်တို့ရဲ့ အယူအဆအားဖြင့် နိဗ္ဗာန်ဘုံမှာ ပရိနိဗ္ဗာန် ဝင်စံနေတဲ့ပရိနိဗ္ဗုတဘုရားအပြင် ပရိနိဗ္ဗတဘုရားနှင့် လောကီလူသားများအကြား ဆက်သွယ်ဖို့ သက်တော်ထင်ရှားရှိတဲ့ဗောဓိသတ္တဘုရား တစ်မျိုး ရှိသေးကြောင်း ပြဆိုကြသေးတယ်၊ သည်အယူအဆကို ထေရဝါဒတောင်ဂိုဏ်းဗုဒ္ဓသာသနာဝင်ပုဂ္ဂိုလ်များက လက်မခံဘူး။

          လက်မခံတာက ရုပ်နာမ် ဖြစ်ပွားရာဘုံဟာ ကာမဘုံ၊ရူပဘုံ၊ အရူပဘုံရယ်လို့ သုံးဘုံသာရှိတယ်၊ နိဗ္ဗာန်တရားဟာ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံများလိုရုပ်နာမ်ရဲ့ ဖြစ်ပွားရာဌာန မဟုတ်ဘူး၊ ကာမတဏှာ၊ ရူပတဏှာ၊ အရူပတဏှာ တို့ဖြင့် ပိုင်းခြားမပိုင်းခြားအပ်တဲ့ အခိုက်အတံ့ကိုစွဲပြီး အဝတ္ထာဘုံလို့ ဆိုထားတယ်၊ သည်အကြောင်းကို မူလဋီကာ၊အဘိဓမ္မာဝတာရဋီကာတို့မှာ (အဝတ္ထာ ဘူမိနာမ ကာမတဏှာဒီဟိပရိစ္ဆိန္နာဘာဝေါ) အဝတ္ထာဘူမိ နာမ- အဝတ္ထာဘုံမည်သည်၊ ကာမတဏှာဒီဟိ - ကာမစသောတဏှာတို့ဖြင့်၊ ပရိစ္ဆိန္နာပရိစ္ဆိန္နာ ဘာဝေါ - ပိုင်းခြားအပ်သည်၏အဖြစ်၊ မပိုင်းခြားအပ်သည်အဖြစ်တည်းလို့ ပြဆိုထားတယ်၊ ဒါကြောင့် နိဗ္ဗာန်ဘုံမှာပကတိရုပ်နာမ်လည်းမရှိ၊ ရုပ်ထူး နာမ်ထူးလည်း မရှိလို့ ထေရဝါဒပုဂ္ဂိုလ်များက ယူဆတော်မူကြတယ်။

          အကယ်၍ ထိုပုဂ္ဂိုလ်များရဲ့ အယူအဆအတိုင်း နိဗ္ဗာန်ဘုံမှာရုပ်ထူးနာမ်မထူးရှိနေကြတဲ့ ပရိနိဗ္ဗုတပုဂ္ဂိုလ်များ ရှိခဲ့လျှင်လည်း (သဗ္ဗေ သင်္ခါရာ အနိစ္စာ၊သဗ္ဗေ သင်္ခါရာ ဒုက္ခာ) လို့ ဘုရားရှင်ဟောတော်မူတဲ့အတိုင်း အနိစ္စနယ်၊ ဒုက္ခနယ်က မလွတ်တဲ့အတွက်နိဗ္ဗာန်ဟာပျက်စီးခြင်းမရှိဘူး၊ ဆင်းရဲခြင်း မရှိဘူးဆိုတဲ့ တရားနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေတယ်၊ ဒါကြောင့် နိဗ္ဗာန်ဘုံမှာ ရုပ်ထူး နာမ်ထူးရှိတဲ့ ပရိနိဗ္ဗုတပုဂ္ဂိုလ်ဆိုတာကိုထေရဝါဒပုဂ္ဂိုလ်များက မယုံကြည်ကြခြင်း ဖြစ်တယ်။


                                                နိရောဓသစ္စာ
        ထေရဝါဒ အယူအဆအားဖြင့် နိဗ္ဗာန်ဟာ နိရောဓသစ္စာပဲကွယ့်၊ပုထုဇဉ်သေက္ခပုဂ္ဂိုလ်များဟာ ရုပ်နာမ်အပေါ် တပ်မက်တဲ့ သမုဒယသစ္စာ ရှိနေတဲ့ အတွက် ဒုက္ခသစ္စာဖြစ်တဲ့ရုပ်နာမ်ကို ဒုက္ခအဖြစ် မမြင်ကြဘူး၊ မြင်ပင်မြင်သောလည်း အစဉ်အမြဲ မမြင်ကြဘူး၊ ခဏမျှသာမြင်တက်ကြတယ်၊ များသောအားဖြင့် သုခမျှသာ မြင်တယ်၊ သုခအဖြစ် အမြင်များလို့ ရုပ်နာမ်အပေါ်တပ်မက်တဲ့ တဏှာကြောင့် ယခုဘဝ ကွယ်လွန်ပြီးတဲ့နောက် ဒုတိယဘဝမှာ ရုပ်သစ်နာမ်သစ် ဖြစ်ကြရတယ်၊သည်ရုပ်သစ် နာမ်သစ်က ဘယ်သူကြောင့် ဖြစ်လာတုန်းဆိုတော့ ရုပ်နာမ်ပေါ် တပ်မက်တဲ့တဏှာကြောင့်ဖြစ်တယ်၊ သည်အကြောင်းကို သဂါထာ၊ သံ၊ ပါ၊ ၃၄-မှာ ကိံသု ဇနေတိ ပုရိသံ = သတ္တဝါ (ရုပ်နာမ်) ဘာကြောင့် ဖြစ်တာလဲဘုရား လို့နာတ်သားက မေးလျှောက်တော့ ဘုရားရှင်က တဏှာ ဇနေတိပုရိသံ=သတ္တဝါ (ရုပ်-နာမ်)ဟာ တဏှာကြောင့် ဖြစ်တာ  လို့ ဖြေဆိုတော်မူတယ်၊ သည်တဏှာက ရုပ်နာမ်အပေါ် ဘာကြောင့်တပ်မက်ရတာလဲဆိုတော့ရုပ်နာမ်ရဲ့ သဘာဝအမှန်ကို မမြင်တဲ့ (အဝိဇ္ဇာ)ကြောင့် တပ်မက်တာတဲ့၊ ရုပ်နာမ်ရဲ့ သဘာဝအမှန်ကဖြစ်ပြီး ပျက်တက်တဲ့အတွက် အနိစ္စဖြစ်တယ်၊ ဖြစ်ပျက်ဟူသော ဘေးဆိုးကြီးရဲ့ အစားကို မပြတ်ခံနေရလို့ဒုက္ခတရားဖြစ်တယ်၊ နိစ္စသာရ, ဓုဝသာရ, အတ္တသာရ, သုဝသာရ ဆိုတဲ့ အနှစ်သာရ လုံးဝမရှိတဲ့အတွက်အနတ္တတရားဖြစ်တယ်၊ သည်အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်ကို မမြင်အောင် အဝိဇ္ဇာက ဖုံးကွယ်ထားတယ်၊အဝိဇ္ဇာရဲ့ လှည့်စားမှု ဖုံးကွယ်မှုကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘအစစ် ဖြစ်တဲ့ ရုပ်နာမ်ကိုနိစ္စ၊ သုခ၊ အတ္တ၊  သုဘ လို့ အမြင် ဖောက်ပြန်လာတယ်၊အဲသည်လို အမြင်ဖောက်ပြန်မှုကြောင့် ရုပ်နာမ်အပေါ် တပ်မက်တဲ့တဏှာ တရား ဖြစ်ပေါ်လာတဲ့၊ သည်တပ်မက်တက်တဲ့တဏှာတရားကြောင့် ရုပ်သစ်၊ နာမ်သစ်များ တဖွားဖွား ဖြစ်ပေါ်နေတာတဲ့။

          ရဟန္တာ ပုဂ္ဂိုလ်ကတော့ အဝိဇ္ဇာအမှောင်ထုကြီးကျသွားပြီဖြစ်လို့ ရုပ်နာမ်ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်၊ အသုဘအချက်တွေကိုကွက်ကွက်ကွင်းကွင်း မြင်နေပြီ၊ အမှန်အတိုင်း မြင်နေပြီဖြစ်တဲ့အတွက် ရုပ်နာမ်အပေါ် ငြီးငွေ့နေပြီ၊ရုပ်နာမ်အပေါ် တပ်မက်တဲ့တဏှာ မရှိတော့ဘူး၊ ကိလေသာက လွတ်လပ်သွားပြီ၊ ရုပ်သစ်နာမ်သစ် ဖြစ်လိုတဲ့စိတ်လည်းမရှိဘူး၊ ဖြစ်လည်း မဖြစ်တော့ဘူး၊ အဲသည်လို ရုပ်ခန္ဓာ နာမ်ခန္ဓာ ဒုက္ခသစ္စာတို့ရဲ့ အပြီးအပြတ်ချုပ်ငြိမ်းရာဖြစ်လို့ နိဗ္ဗာန်ကို နိရောဓသစ္စာလို့ ခေါ်ရတယ်။


                                      ဒုက္ခသစ္စာထင်အောင်

        နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုပါကရုပ်ခန္ဓာ နာမ်ခန္ဓာတို့ဟာ ငါတို့ထင်သလို ချမ်းသာတဲ့ တရားမဟုတ်၊ ဆင်းရဲတဲ့ တရားပါကလားလို့ဉာဏ်ထဲမှာ ထင်မြင်အောင် ရှုဆင်ခြင်ရတယ်၊ ဆင်းရဲတဲ့ တရားကို ဆင်းရဲမှန်း တကယ်သိခဲ့လျှင်ဆင်းရဲကို မလိုချင်တော့ဘူး၊ ဆင်းရဲခြင်း ချုပ်ငြိမ်းရာကိုသာ အမှန် အလိုရှိမှာပေါ့၊ဥပမာအားဖြင့် ကိုယ်ကို မီးလောင် ခံနေရလျှင် မီးငြိမ်းမှုကိုသာ အလိုရှိသလိုပေါ့။

          ဒါကြောင့် နိဗ္ဗာန်ကို အလိုရှိပါတယ်ဆိုတဲ့ပုဂ္ဂိုလ်အတွက် ဘာတရားများ အားထုတ်ရမှာလဲ မေးခဲ့လျှင် ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ရဲ့ ဆင်းရဲအစစ်ဖြစ်ပုံကိုမြင်အောင်ကြည့်ပါလို့ ဖြေဆိုရလိမ့်မယ်ကွယ့်၊ သည်အဖြေက မဟာဝဂ္ဂသံယုတ်က လာတဲ့ အဖြေပဲ

          မှန်ပါ မဟာဝဂ္ဂသံယုတ်က လာတဲ့အဖြေကိုအကျယ် မိန့်ဆိုတော်မူပါဦး ဘုရား

          ဘုရားသခင် သာဝတ္တိပြည်မွန် ဇေတဝန်ရွှေကျောင်းကိန်းအောင်းစံပျော်တော်မူစဉ်ကာလက ပရိဗိုဇ်ရဟန်းများက ရဟန်းတော်များထံ ချဉ်းကပ်ပြီးငါ့ရှင်တို့ သင်တို့ဟာ ဘာအကျိုးကိုလိုလားတဲ့အတွက်ရဟန်းဂေါတမထံမှာ မြတ်သောအကျင့် ကျင့်သုံးကြပါသလဲ လို့ မေးကြသတဲ့၊ အမေးခံကြရတဲ့ ရဟန်းများငငါတို့ဟာ ရုပ်နာမ်တို့ရဲ့ ဆင်းရဲအစစ်ဖြစ်ပုံကို မြင်လိုတဲ့အတွက် မြတ်သောအကျင့်ကိုကျင့်ကြခြင်း ဖြစ်တယ် လို့ ပြန်ပြောတယ်၊ အဲသည်လိုပြောပြီး ငါတို့ရဲ့ အဖြေဟာ ဟုတ်များမှဟုတ်ပါရဲ့လားလို့ သံသယဝင်လာကြတဲ့ အတွက် ဘုရားရှင်ထံ ဝင်ရောက်ပြီး အရှင်ဘုရား၊ အယူတစ်ပါးရှိကြတဲ့ ပရိဗိုဇ်များဟာတပည့်တော်တို့ကို ဘာအကျိုးရှိလို့ အရှင်ဂေါတမထံ မြတ်သောအကျင့် ကျင့်ကြပါသလဲလို့ မေးကြပါတယ်၊တပည့်တော်များက ဆင်းရဲကို ပိုင်းခြားထင်ထင် သိမြင်ချင်လို့ မြတ်သောအကျင့် ကျင့်ကြပါတယ်လို့ပြန်ဖြေကြပါတယ်၊ တပည့်တော်များရဲ့ အဖြေများ ဟုတ်များမှ ဟုတ်ပါရဲ့လား ဘုရား လို့ လျှောက်ထားကြသတဲ့။

          သည်အခါဘုရားသခင်က ရဟန်းတို့ သည်လိုမေးလို့ သည်လို ဖြေဆိုခြင်းဟာမှန်ကန်သော ဖြေဆိုခြင်းဖြစ်တယ်၊ တရားအားလျော်စွာ ဖြေဆိုခြင်းဖြစ်တယ်၊ သင်တို့ဟာ ဒုက္ခကိုပိုင်းခြားထင်ထင် သိမြင်အောင် ငါ့ထံမှာ မြတ်သောအကျင့်ကို ကျင့်သုံးကြခြင်းဖြစ်တယ်၊ရဟန်းတို့ - အကယ်၍ အယူတစ်ပါးရှိကြတဲ့ ပရိဗိုဇ်တို့က - ငါ့ရှင်တို့ ဤဆင်းရဲဒုက္ခကို ပိုင်းခြားသိဖို့လမ်းစဉ်ရှိပါသလား၊ အကျင့်ရှိပါသလားလို့ ထပ်ပြီး မေးမြန်းခဲ့လျှင် ဆင်းရဲ ဒုက္ခကို ပိုင်းခြားသိဖို့လမ်စဉ်ရှိကြောင်း၊ အကျင့်ရှိကြောင်း ဖြေဆိုကြရမယ်၊ အဲသည်လမ်းစဉ်၊ အဲသည်အကျင့်ဟာ ဘာလဲလို့တစ်ဖန်မေးခဲ့လျှင် အင်္ဂါရှစ်ပါးရှိတဲ့ အရိယာမဂ်လို့ ဖြေဆိုကြရမယ်လို့ တိမတ္ထိယသုတ်မှာ ဘုရားရှင် ဟောတော်မူတယ်ကွယ့်။

         
                                      ပွားများခြင်းဆိုသည်မှာ

        ဘုရားရှင်ဟောတော်မူတဲ့ သည်ကိမတ္ထိယသုတ်ကိုသစ္စာလေးချက်နှင့်တွက်ရမယ်ဆိုလျှင် ရုပ်ခန္ဓာ နာမ်ခန္ဓာ ဒုက္ခသစ္စာတို့ငြိမ်းရာကို နိရောဓသစ္စာလို့ခေါ်တယ်၊ နိရောဓသစ္စာကို မျက်မှောက်ပြုလိုလျှင် ဒုက္ခကိုမြင်အောင် ကြည့်ရမယ်၊ ဒုက္ခကိုမြင်အောင်မကြည့်တက်လျှင် ဒုက္ခကို သုခထင်ပြီး တပ်မက်မှုတဏှာဆိုတဲ့ သမုဒယသစ္စာ အားကောင်းလာလိမ့်မယ်၊သမုဒယသစ္စာ တဏှာတရား အားကောင်းလာလျှင် ရုပ်နာမ်အပေါ် အထင်အမြင်တွေ ကြီးလာတဲ့အတွက် ရုပ်နာမ်ချုပ်ငြိမ်းမှာကိုမလိုချင်တော့ဘူး၊ ရုပ်နာမ်ချုပ်ငြိမ်းတာကို မလိုချင်သမျှ သံသရာကာလပတ်လုံး ရုပ်ခန္ဓာနာမ်ခန္ဓာဆိုတဲ့ ဒုက္ခသစ္စာတရားဟာ မပြတ်မစဲ ထပ်တလဲလဲ ဖြစ်နေဦးမှာပဲကွယ့်။

          အကြင်အခါမှာ ရုပ်ခန္ဓာ နာမ်ခန္ဓာကို ဒုက္ခအဖြစ်မြင်တက်ပြီးဒုက္ခအဖြစ် မြင်သည်နှင့် တစ်ပြိုင်နက် ဒုက္ခအစစ်ဖြစ်တဲ့ ရုပ်ခန္ဓာ နာမ်ခန္ဓာကို မလိုချင်တော့ဘူး၊ရုပ်ခန္ဓာ နာမ်ခန္ဓာကို မလိုချင်တော့  ရုပ်ခန္ဓာနာမ်ခန္ဓာ ထပ်မဖြစ်တော့ဘူးပေါ့၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်မှန်သမျှဟာ  ရုပ်ခန္ဓာ နာမ်ခန္ဓာအပေါ် ဒုက္ခအဖြစ်သိအောင် အားထုတ်နေကြတယ်၊ဒီလို အားထုတ်ရာမှာ အားထုတ်ရမယ့် လမ်းစဉ်က မဂ်လမ်းစဉ်လို့ ဆိုလိုတယ်။

          မဂ်လမ်းစဉ် အားထုတ်တာကို (မဂ္ဂသစ္စာ ဘာဝနာဝသေန) လို့ ဆိုထားတယ်၊ မဂ္ဂသစ္စာကိုပွားများတယ်လို့ သာဘာပြန်ကြတယ်၊ ပွားများတယ်ဆိုတာ မိမိသန္တာန်မှာ မဂ္ဂင်တရားဖြစ်ပွားစေတာကိုဆိုလိုတယ်တဲ့၊ ဒါကြောင့် မဂ္ဂင်တရားတော် ပွားများတယ်ဆိုတာနှင့် မဂ္ဂင်တရား ဖြစ်ပွားစေတယ်ဆိုတာအသံကွဲသော်လည်း အဓိပ္ပာယ်တူတယ်လို့ မှတ်ရမယ်ကွယ့်

          မဂ္ဂင်ပွားတယ်၊ မိမိသန္တာန်မှာ မဂ္ဂင်ဖြစ်စေတယ်ဆိုတာကိုလဲအကျယ်အမိန့်ရှိပါဦးဘုရား

          မဂ္ဂင်ပွားတယ်၊ မိမိသန္တာန်မှာ မဂ္ဂင်ဖြစ်စေတယ်ဆိုတာသမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပစတဲ့ မဂ္ဂင်ရှစ်ပါး၊ မိမိသန္တာန်မှာ ဖြစ်ပွားစေတာကို ဆိုလိုတာပဲကွယ့်

            “မှန်ပါ၊ သည်မျှနဲ့တော့ နားမရှင်းသေးပါဘူး၊နားရှင်းအောင် အမိန့်ရှိပါဦး

          နားရှင်းအောင်ပြောရမယ်ဆိုလျှင် မဂ္ဂင်ရှစ်ပါးဟာ-

          (၁) သမ္မာဒိဋ္ဌိ              = အမြင်မှန်ခြင်း၊
          (၂) သမ္မာသင်္ကပ္ပ         = အကြံစည်မှန်ခြင်း၊
          (၃) သမ္မာဝါစာ            = အပြောမှန်ခြင်း၊
          (၄) သမ္မာကမ္မန္တ          = အလုပ်မှန်ခြင်း၊
          (၅) သမ္မာအာဇီဝ         = အသက်မွေးမှုမှန်ခြင်း၊
          (၆) သမ္မာဝါယာမ         = အားထုတ်မှုမှန်ခြင်း၊
          (၇) သမ္မာသတိ           = အောက်မေ့မှုမှန်ခြင်း၊
          (၈) သမ္မာသမာဓိ         = တည်ကြည်မှုမှန်ခြင်း၊
ရယ်လို့ ရှစ်ပါးရှိတယ်၊သည်ရှစ်ပါးသော မဂ္ဂင်တရားမိမိသန္တာန်မှာ ဖြစ်ပွား အောင် သိက္ခာ သုံးပါးနှင့် ခွဲရတယ်ကွယ့်

          သိက္ခာသုံးပါးဆိုတာက ဘာလဲ ဘုရား

          သိက္ခာဆိုတာ အကျင့်ကိုဆိုလိုတယ်ကွယ့်၊မဂ္ဂင်ရှစ်ပါးကို မိမိသန္တာန်မှာ ဖြစ်ပွားအောင် ကျင့်လိုလျှင် သိက္ခာသုံးပါးနှင့် ကျင့်ပါလို့ဆိုလိုတယ်ကွယ့်

          သိက္ခာသုံးပါးကို အမိန့်ရှိပါဦး ဘုရား

          သိက္ခာသုံးပါးက -
          (၁) သီလသိက္ခာ                   = သီလအကျင့်
          (၂) သမာဓိသိက္ခာ        = သမာဓိအကျင့်
          (၃) ပညာသိက္ခာ                   = ပညာအကျင့်တို့ ဖြစ်ကြတယ်

          မဂ္ဂင်နဲ့ သိက္ခာသုံးပါး ဘယ်လိုဆက်စပ်ပါသလဲဘုရား

          မဂ္ဂင်နဲ့ သိက္ခာသုံးပါး ဆက်စပ်ပုံက-
          (၁) သမ္မာဒိဋ္ဌိ နှင့် သမ္မာသင်္ကပ္ပမဂ္ဂင်နှစ်ပါးကိုပညာသိက္ခာဖွဲ့ရတယ်။
          (၂) သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ မဂ္ဂင်သုံးပါးကိုသီလသိက္ခာ ဖွဲ့ရတယ်၊
          (၃) သမ္မာဝါစာ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်သုံးပါးကိုသမာဓိသိက္ခာဖွဲ့ရတယ်ကွယ့် ကျင့်သုံးတဲ့အခါအမှာတော့ -
          (၁) သီလဟာ - အာဒိကလျာ၊
          (၂) သမထ ဝိပဿနာ မဂ်ဖိုလ်က - မဇ္ဈေကလျာဏ၊
          (၃) နိဗ္ဗာန်က - ပရိယောသာန ကလျာဏ (သာရတ္ထ၊ပ၊ ၃၀၈) ဖြစ်တဲ့အတွက် သီလကို ဦးစွာဆောက်တည်၊ ထို့နောက် သမထလုပ်၊ ထို့နောက်မှ ပညာကိုအားထုတ်ရတယ်။

          မှန်ပါ၊ သီလကို ဦးစွာအားမထုတ်ဘဲ သမထဝိပဿာနာကို ကျော်ပြီး အားထုတ်လို့ကော မဖြစ်ဘူးလားဘုရား

          မဖြစ်ဘူးတော့ မဟုတ်ပါဘူး၊ ဖြစ်တော့ဖြစ်ပါတယ်၊ သို့သော်လဲ ဖားခုန်သလို ခုန်ကျော်ပြီး ကျင့်ခဲ့လျှင် စိတ်ထင်သလောက် မပေါက်မြောက်ဘူး၊ဒါ့ကြောင့် သီလ သမထ ဝိပသနာကို အစဉ်အတိုင်း အားထုတ်ရတယ်

          ခုန်ကျော်အားထုတ်လို့ စိတ်ထင်သလို မပေါက်မြောက်တာဘာကြောင့်လဲ ဘုရား

          သည်အကြောင်းကို (အံ၊ ဒသ၊ ပါ၊ ၂၅၇)ကထုတ်နုတ်ပြီး ပြောရမှာပဲ

          မှန်ပါ အမိန့်ရှိပါဘုရား

          အခါတစ်ပါးမှာ ဘုရားရှင်ဟာ သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတယ်၊ အဲသည်တုန်းက အရှင်အာနန္ဒာဟာ ဘုရားရှင်ထံဝင်ရောက်ရှိခိုးပြီး သည်လိုလျှောက်ထားတယ်၊
 အရှင်ဘုရား၊ သီလစောင့်ရှောက်ရတဲ့အတွက်ဘာအကျိုး ရှိပါသလဲ
 အာနန္ဒာ-သီလစောင့်ရှောက်ရတဲ့အတွက် စိတ်နှလုံးကြည်ရွှင်ခြင်းအကျိုးရှိတယ်
စိတ်နှလုံးကြည်ရွှင်တော့ ဘာအကျိုးရှိပါသလဲဘုရား
 စိတ်နှလုံးကြည်ရွှင်တဲ့အတွက် ဝမ်းမြောက်မှု(ပါမောဇ္ဇ)အကျိုးရှိတယ်
 ဝမ်းမြောက်တော့ ဘာအကျိုးရှိပါသလဲ ဘုရား
ဝမ်းမြောက်တော့ နှစ်သက်မှု(ပီတိ)အကျိုးရှိတယ်
နှစ်သက်တော့ ဘာအကျိုးရှိပါသလဲ ဘုရား
 နှစ်သက်တော့ ငြိမ်းချမ်းမှု(ပဿဒ္ဓိ) အကျိုးရှိတယ်
ငြိမ်းချမ်းတော့ ဘာအကျိုးရှိပါသလဲ ဘုရား
ငြိမ်းချမ်းတော့ ချမ်းသာမှု(သုခ) အကျိုးရှိတယ်
 ချမ်းသာတော့ ဘာအကျိုးရှိပါသလဲ
ချမ်းသာတော့ တည်ကြည်မှု(သမာဓိ)အကျိုးရှိတယ်
 တည်ကြည်တော့ ဘာအကျိုးရှိပါသလဲ ဘုရား
 တည်ကြည်တော့ အမြင်မှန်မှု(ယထာဘူတ ဥဏဒဿန)အကျိုးရှိတယ်
 အမြင်မှန်တော့ ဘာအကျိုးရှိပါသလဲ ဘုရား
 အမြင်မှန်တော့ ရုပ်နာမ်အပေါ်ငြီးငွေ့မှု(နိဗ္ဗိဒါဉာဏ်)ဖြစ်တယ်
ငြီးငွေ့မှုဖြစ်တော့ ဘာအကျိုးရှိပါသလဲဘုရား
 ရုပ်နာမ်အပေါ်ငြီးငွေ့တော့ တပ်မက်ခြင်းကင်းတဲ့ဝိရာဂ အကျိုးရှိတယ်
 တပ်မက်ခြင်းကင်းတော့ ဘာအကျိုးရှိပါသလဲဘုရား
 တပ်မက်ခြင်းကင်းတော့ ကိလေသာမှ လွတ်မြောက်မှုဝိမုတ္တိ အကျိုးရှိတယ်
 ကိလေသာကလွတ်မြောက်တော့ ဘာအကျိုးရှိပါသလဲဘုရား
 ကိလေသာကလွတ်မြောက်တော့ လွတ်မြောက်မှုကိုသတိတဲ့ဉာဏ်အမြင်(ဝိမုတ္တိဉာဏဒဿန) အကျိုးရှိတယ်
 အာနန္ဒာ - အပြစ်ကင်းတဲ့ သီလကို ဖြည့်ကျင့်ခဲ့လျှင်အစဉ်အတိုင်း အရဟတ္တဖိုလ်ကို ရောက်နိုင်တယ်လို့ မိန့်တော်မူတယ်။

          ဒါကြောင့် မဂ္ဂင်ရှစ်ပါးလမ်းစဉ်မှာ သီလ, သမာဓိ,ပညာ အစဉ်အတိုင်း ကျင့်ရမယ်လို့ ဦးစွာ မှတ်ထားရမယ်၊ အဲသည်လိုမှတ်ထားပြီး ဦးညွန့်လှိုင်ရဲ့အမေးကို အစဉ်အတိုင်း ဖြေကြစို့ရဲ့နော်

          မှန်ပါ၊ ဖြေတော်မူပါ

          (၁) သတိပဋ္ဌာန်ဆိုတာ သတိ(အမှတ်)ပြဋ္ဌာန်းတဲ့အတွက်အမှတ် တရားဆိုတာလဲ မှန်တယ်၊ သတိတရားဟာ မဂ္ဂင်မှာ ပါတဲ့အတွက် ပွားများရမည့်တရား (မိမိသန္တာန်မှာဖြစ်စေရမည့်တရား) လဲ ဟုတ်တယ်။

          (၂) သိ - ဆိုတာက သညာ, ဝိညာဉ်, ပညာသုံးမျိုးကို ဆိုလိုတယ်၊ မှတ် - ဆိုတာကသတိ ကို ဆိုလိုတယ်။

          ပွားများတယ်- ဆိုတာက မိမိသန္တာန်၌ ဖြစ်စေခြင်းကို  ဆိုလိုတယ်၊
          (၃) ထွက်လေ ဝင်လေ မှတ်ရုံ, မဟာဘုတ်မှတ်ရုံမျှနှင့်တော့သစ္စာလေးပါးကို မသိနိုင်သေးပါဘူး၊ ဒါပေမယ့် အခြေခံဖြစ်ကြောင်း အထက်က ပြခဲ့ပြီ။
          (၄) ဂုဏ်တော်ပွားများတာဟာ သမာဓိတရား ထူထောင်တာပဲ၊ခန္ဓာ၊ အာယတန၊ ဓာတ်ပွားများတာကတော့ ပညာနယ်ထဲ ရောက်နေပါပြီ။
          (၅) သတိပဋ္ဌာန်မှတ်တဲ့အခါ သတိက ပိုအရေးကြီးပါတယ်၊သတိအားကောင်းပြီး သမာဓိရဲ့နောက်မှ ပညာပေါ်လာပါတယ်။
ကိုင်း -သည်လောက်ဆို ဦးညွန့်လှိုင် အမေးရဲ့ အဖြေဟာ ပြည့်စုံလောက်ပါပြီ နော်

          မှန်ပါ ပြည့်စုံပါပြီ ဘုရား

          သာဓု - သာဓု - သာဓု



***ဆက်ရန်***
 ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ -  အမှတ်စဉ်(၁၀၆) - အမေးသုံးပါး (၁) ရှင်ရာဟုလာ ရဟန်းခံ မခံ
 
***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၃) (စာမျက်နှာ ၁၀၅- ၁၁၅)   မှ ကောက်နုတ်ပူဇော်ပါသည်။



"ထေရဝါဒ ရနံ့"   မှ ပြန်လည်ရေးသားပူဇော်ပါသည်။

ကိုယ်တိုင်ဖတ်ဖို့

ကိုယ်တိုင်ဖတ်ဖို့

“မှန်ပါ၊ သီလကို ဦးစွာအားမထုတ်ဘဲ သမထ ဝိပဿနာကို ကျော်ပြီး အားထုတ်လို့ကော မဖြစ်ဘူးလားဘုရား”
“မဖြစ်ဘူးတော့ မဟုတ်ပါဘူး၊ ဖြစ်တော့ ဖြစ်ပါတယ်၊ သို့သော်လဲ ဖားခုန်သလို ခုန်ကျော်ပြီး ကျင့်ခဲ့လျှင် စိတ်ထင်သလောက် မပေါက်မြောက်ဘူး၊ ဒါ့ကြောင့် သီလ သမထ ဝိပသနာကို အစဉ်အတိုင်း အားထုတ်ရတယ်”
“ခုန်ကျော်အားထုတ်လို့ စိတ်ထင်သလို မပေါက်မြောက်တာ ဘာကြောင့်လဲ ဘုရား”
“သည်အကြောင်းကို (အံ၊ ဒသ၊ ပါ၊ ၂၅၇)က ထုတ်နုတ်ပြီး ပြောရမှာပဲ”
“မှန်ပါ အမိန့်ရှိပါဘုရား”
“အခါတစ်ပါးမှာ ဘုရားရှင်ဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတယ်၊ အဲသည်တုန်းက အရှင်အာနန္ဒာဟာ ဘုရားရှင်ထံ ဝင်ရောက်ရှိခိုးပြီး သည်လိုလျှောက်ထားတယ်၊
“အရှင်ဘုရား၊ သီလစောင့်ရှောက်ရတဲ့အတွက် ဘာအကျိုး ရှိပါသလဲ”၊
“အာနန္ဒာ-သီလစောင့်ရှောက်ရတဲ့အတွက် စိတ်နှလုံး ကြည်ရွှင်ခြင်းအကျိုးရှိတယ်”၊
“စိတ်နှလုံးကြည်ရွှင်တော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“စိတ်နှလုံးကြည်ရွှင်တဲ့အတွက် ဝမ်းမြောက်မှု(ပါမောဇ္ဇ)အကျိုးရှိတယ်”၊
“ဝမ်းမြောက်တော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“ဝမ်းမြောက်တော့ နှစ်သက်မှု(ပီတိ)အကျိုးရှိတယ်”၊
“နှစ်သက်တော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“နှစ်သက်တော့ ငြိမ်းချမ်းမှု(ပဿဒ္ဓိ) အကျိုးရှိတယ်”၊
“ငြိမ်းချမ်းတော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“ ငြိမ်းချမ်းတော့ ချမ်းသာမှု(သုခ) အကျိုးရှိတယ်”၊
“ချမ်းသာတော့ ဘာအကျိုးရှိပါသလဲ”၊
“ချမ်းသာတော့ တည်ကြည်မှု(သမာဓိ)အကျိုးရှိတယ်”၊
“တည်ကြည်တော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“တည်ကြည်တော့ အမြင်မှန်မှု(ယထာဘူတ ဥဏဒဿန) အကျိုးရှိတယ်”၊
“အမြင်မှန်တော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“အမြင်မှန်တော့ ရုပ်နာမ်အပေါ်ငြီးငွေ့မှု (နိဗ္ဗိဒါဉာဏ်)ဖြစ်တယ်”၊
“ငြီးငွေ့မှုဖြစ်တော့ ဘာအကျိုးရှိပါသလဲဘုရား”၊
“ရုပ်နာမ်အပေါ်ငြီးငွေ့တော့ တပ်မက်ခြင်းကင်းတဲ့ ဝိရာဂ အကျိုးရှိတယ်”၊
“တပ်မက်ခြင်းကင်းတော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“တပ်မက်ခြင်းကင်းတော့ ကိလေသာမှ လွတ်မြောက်မှု ဝိမုတ္တိ အကျိုးရှိတယ်”၊
“ကိလေသာကလွတ်မြောက်တော့ ဘာအကျိုးရှိပါသလဲ ဘုရား”၊
“ကိလေသာကလွတ်မြောက်တော့ လွတ်မြောက်မှုကိုသတိတဲ့ ဉာဏ်အမြင်(ဝိမုတ္တိဉာဏဒဿန) အကျိုးရှိတယ်”၊
“အာနန္ဒာ - အပြစ်ကင်းတဲ့ သီလကို ဖြည့်ကျင့်ခဲ့လျှင် အစဉ်အတိုင်း အရဟတ္တဖိုလ်ကို ရောက်နိုင်တယ်” လို့ မိန့်တော်မူတယ်။
ဒါကြောင့် မဂ္ဂင်ရှစ်ပါးလမ်းစဉ်မှာ သီလ, သမာဓိ, ပညာ အစဉ်အတိုင်း ကျင့်ရမယ်လို့ ဦးစွာ မှတ်ထားရမယ်၊
ကောက်နုတ်ချက်
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)

Friday, July 18, 2014

ကိုယ်တိုင်ဖတ်ဖို့ ရေးတဲ့စာ

ကိုယ်တိုင်ဖတ်ဖို့ ရေးတဲ့စာ
_________________
ဒီမှာ မိစနေ
ဒီကနေ့ကစ ကိုယ်ကိုယ်တိုင်အတွက် ဂုဏ်ယူစွာနဲ့ရှင်သန်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ဘယ်သူကမှ သင့်ကို သူကိုယ်တိုင်လောက်ချစ်မှာ မဟုတ်ပါဘူး။
လူတချို့ကို အရမ်းဂရုမစိုက်ပါနဲ့၊ အရာတချို့ကို အရမ်းအလေးမထားပါနဲ့။ ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ကြိုးစားပါ။ လောကကြီးဟာ အမြဲ မမျှတနိုင်ပါဘူး။ ကိုယ်ပိုအလေးထားတဲ့ လူ၊ အရာဝတ္ထုရှေ့မှာ ကိုယ်ဟာအမြဲတန်ဖိုးကျရလို့ပါပဲ။
ကိုယ့်ကိုယ်ကို ဘယ်တော့မှ မနှိပ်စက်ပါနဲ့။ ဥပမာ- ထမင်းမစားတာ၊ ငိုတာ၊ ကိုယ့်ကိုယ်ကို ပိတ်လှောင်တာ၊ စိတ်အားငယ် စိတ်ဓာတ်ကျတာ.... ဒါတွေဟာ လူနုံ၊ လူအတွေမှ လုပ်တဲ့အရာတွေပါ။
ကိုယ့်ကိုယ်ကို နည်းနည်းထက်မြက်ပါစေ။
ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေကို တုံးအတဲ့မေးခွန်းတွေ ထပ်တလဲလဲ သွားမမေးပါနဲ့။ (ဥပမာ- ငါ့ကိုချစ်လား၊ ဘယ်လောက်ချစ်လဲ) ဒါဟာ ပျင်းဖို့ ကောင်းလွန်းပါတယ်။
တကယ်လို့ မပျော်ဘူး၊ ဝမ်းနည်းရင် ထောင့်တစ်နေရာရာမှာ ဒါမှမဟုတ် စောင်ထဲဝင်ပြီး ငိုလိုက်ပါ။ တခြားလူ ကိုယ်ချင်းစာ သနားဖို့မလိုပါဘူး။ ငိုပြီးတဲ့နောက် ပျော်ရွှင်တဲ့နေ့ရက်တွေကို ဖြတ်သန်းပါ။
ကိုယ့်ခံစားချက်ကို ကိုယ်ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ပါဘူး။ ဒါကြောင့် တခြားလူအပေါ် သင်ဒေါသထွက်ချင်တိုင်း မထွက်ပါနဲ့၊ စိတ်တိုချင်တိုင်း မတိုပါနဲ့။
ဒီမှာ မိစနေ
သင် စိတ်ပျက်လက်ပျက်ဖြစ်လို့ရတယ်၊ ဒါပေမယ့် မျှော်လင့်ချက်တော့ မမဲ့ပါစေနဲ့။ tomorrow is another day ဆိုတာကို ယုံယုံကြည်ကြည်ရှိပါ။
တခြားလူအပေါ် မှီခိုဖို့ပဲ မစဉ်းစားပါနဲ့။ သင်အကူအညီလိုချိန် အနားရောက်လာပြီးကူညီမယ့်လူကို ပိုလိုတောင် မမျှော်ကိုးပါနဲ့။
ဘယ်သူကမှ ဘယ်သူ့ဟာ မဟုတ်လို့ပါပဲ။
တခြားလူကို ဘယ်တော့မှ ကတိလွယ်လွယ်မပေးပါနဲ့။ ပေးလိုက်တဲ့ ကတိက ဆပ်စရာ အကြွေးဖြစ်သွားတယ်။
ဒီလောကမှာ နောက်ပြန်လှည့်လို့ မရတာပဲရှိတယ်၊
ကျော်ဖြတ်လို့မရတဲ့အခက်အခဲဆိုတာ မရှိပါဘူး။
သင့်အပေါ် သူကောင်းရင် သူ့အပေါ် သင်ဆတိုးကောင်းပါ။
သင့်အပေါ် သူမကောင်းရင်လည်း သူ့အပေါ် သင်ကောင်းသင့်ပါတယ်။ အကြောင်းက သင့်မှာ ကောင်းတာတွေ မလုံလောက်သေးလို့ပါပဲ။
လက်တွေ့ဘဝဟာ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းပါစေ... အမှောင်လွန်ရင် အလင်းရောက်လာမယ်ဆိုတာကို ခေါင်းမာမာနဲ့ယုံကြည်ပေးပါ။
ဒီမှာ မိစနေ
အတိတ်ကို မလွှတ်တမ်း ဆုပ်ကိုင်မထားပါနဲ့။ ကြိုးပြတ်သွားတဲ့စွန်ကို ပျံသန်းခွင့်ပေးလိုက်ပါ။ သူ့ကိုလွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို ပိုလွတ်လပ်ခွင့်ပေးလိုက်တာပါပဲ။
လောကမှာ "သင်"တစ်ယောက်ပဲရှိပါတယ်။ တခြားလူတွေ သင့်ကို မနှစ်သက်ခဲ့ရင်လည်း သင့်ကိုယ်သင် မြတ်နိုးတတ်ပါစေ။ မှန်ကန်သူဖြစ်ပါစေ။
သင့်ဘေးက သင့်ကိုအဖော်ပြုသူတွေကို ကောင်းကောင်းဆက်ဆံပါ။ အချစ်က တိုတောင်းနိုင်ပေမယ့် သူငယ်ချင်းက တစ်သက်လုံးအတွက်ပါ။
အချစ်အပြင် မြေပြင်ပေါ်မှာ သင်ခြေအစုံ ကြံ့ကြံ့ခံရပ်နိုင်စေမယ့်အရာကို ရှာဖွေနိုင်ပါစေ။
မကြာခဏ ကောင်းကင်ကိုမော့ကြည့်ပါ။ ကောင်းကင်ကိုမော့ကြည့်ချိန် ခြေဖဝါးအောက်ကအရာကိုလည်း ကြည့်ဖို့မမေ့ပါနဲ့။
သင့်ရဲ့အလိုလိုသိစိတ်ကို ယုံကြည်ပါ။ တခြားလူကို ရန်မစပါနဲ့။ တခြားလူကလည်း သင့်ကို ရန်မစစေပါနဲ့။
တခြားလူနဲ့ ဟိုလိုလို ဒီလိုလို မရှုပ်ပါနဲ့။
သင် တတ်နိုင်မှာ၊ ပေးစွမ်းနိုင်မှာ မဟုတ်လို့ပါ။
သင့်ကိုယ်သင် အရမ်းနှိမ်မချပါနဲ့။ တစ်ခါတလေ ရဲဝံ့ပါစေ။ အနိုင်ကျင့်ခံရတဲ့အခါ အမှန်ကို ပြန်ရယူပါ။
ဒါပေမယ့် ရန်ငြိုးမထားပါနဲ့။ လူသိမ် လူနုံတွေ သူတို့လမ်းသူတို့သွားပါစေ။ သနားညှာတာခြင်းက သင့်ကို ပိုမြင့်မြတ်စေပါတယ်။
ဒီမှာ မိစနေ
ပျော်ပျော်နေပါ၊ ရွှင်လန်းတက်ကြွအောင်နေပါ၊ ကြံ့ခိုင်အောင်နေပါ၊ မေတ္တာတွေ နွေးထွေးပါစေ။ ဒါဟာ အကျင့်စရိုက်နဲ့ မဆိုင်ပါဘူး။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကိုလည်း မြတ်နိုးတတ်ပါစေ။ ကိုယ်ဟာအကောင်းဆုံးကို ပိုင်ဆိုင်ထားကြောင်း ကိုယ့်ကိုယ်ကို အစဉ်အမြဲ အသိပေးတတ်ပါစေ။
မျှော်လင့်ချက်ကို အမြဲဆောင်ထားပါ။ ရှေ့သို့ အမြဲဆက်လှမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်ဖြစ် လောကမှာ သင့်ကိုအားပေးသူတစ်ယောက် အမြဲရှိနေပါတယ်။အဲဒီလူကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။
ကိုယ်တိုင်ဖတ်ဖို့ ရေးတဲ့စာ မူရင်းလင့်
http://www.duwenzhang.com/wenzhang/shenghuosuibi/20101126/163120.html
နိုင်းနိုင်းစနေ(Friday, December 30, 2011)
.
*** ကိုယ်တိုင်ဖတ်ဖို့ရေးတဲ့စာမို့ ကိုယ့်နာမည်ကိုယ်ထည့်ပြီး ငယ်ငယ်တုန်းကပုံ တင်လိုက်တယ်နော်.. တော်ကြာ ဆရာကြီးလေသံနဲ့ ဆရာလုပ်တယ်ဆိုတဲ့ အတွေးဆိုးတွေခေါင်းထဲဝင်သွားမှာ စိုးလို့.. ကိုယ်တိုင်ဖတ်မယ်ဆိုရင် ကိုယ့်နာမည်ကိုထည့်လိုက်ကြတာပေါ့း)

အရူးနှစ်ယောက်ရဲ့ ချစ်ပုံပြင်

အရူးနှစ်ယောက်ရဲ့ ချစ်ပုံပြင်
___________________
ဟိုး ရှေးရှေးတုန်းက ဒီလိုအချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။
ပုံပြင်ထဲက ယောက်ျားနဲ့မိန်းမနှစ်ဦးစလုံးဟာ ရူးနေကြတယ်။ သူကရူးနေလို့ တစ်ချိန်လုံး အရူးစကားပဲပြောတတ်တယ်။ သူမကလည်းရူးနေပြီး တစ်ချိန်လုံး သူ့ကိုပဲ ခပ်တုံးတုံးရယ်ပြပြီး စိုက်ကြည့်နေတတ်တယ်။
အစက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မသိကြပါဘူး။ သူက တောင်အရပ်မှာနေပြီး သူမက မြောက်အရပ်မှာနေတယ်။ အိမ်ကလူတွေက သူတို့နှစ်ယောက်ကို တုံးအ,တယ်ဆိုပြီး ဂရုမစိုက်ဘဲ သွားချင်ရာသွားဆိုပြီး စွန့်ပစ်ထားကြတယ်။ တောင်အရပ်ကနေ မြောက်အရပ်ဆီဦးတည်ပြီး သူထွက်လာခဲ့တယ်။ မြောက်အရပ်ကနေ တောင်အရပ်ဆီဦးတည်ပြီး သူမ လေလွင့်ခဲ့တယ်။ နှစ်ယောက်စလုံး လေလွင့်ခဲ့ကြတယ်...
တကယ်တော့ အရင်က သူ မရူးပါဘူး။ တစ်ခါက အလုပ်ခွင်မှာ ခေါင်းကိုအုတ်ခဲနဲ့ ရိုက်မိပြီးနောက် သူရူးသွားတာဖြစ်တယ်။ သူမလည်း အစက မရူးပါဘူး။ တက္ကသိုလ်ဝင်တန်းမှာ မြို့နယ်ပထမရခဲ့တဲ့ သူမနေရာကို သူဌေးသမီးတစ်ယောက် ဝယ်ယူလိုက်ရာက ဘယ်သူနဲ့မှ သူမ စကားမပြောတော့ဘူး။ အဖေအမေကိုလည်း ဂရုမစိုက်တော့ဘူး။ နောက်တော့ သူမ ရူးသွားခဲ့တယ်။
လမ်းခရီးတွေ ဘယ်လောက်ကြာကြာ သူတို့လျှောက်ခဲ့ကြမှန်းမသိဘူး။ သူ့ကိုယ်ပေါ်က အဝတ်အစားတွေ ညစ်ပတ်ပေရေနေတယ်။ မည်းညစ်နေတဲ့ခြေဖျားက ဖိနပ်ထိပ်မှာ ပြူထွက်နေတယ်။ သူမကိုယ်ပေါ်က အနီရောင်ဝတ်စုံလည်း မီးခိုးရောင်ဖြစ်နေခဲ့တယ်။ ရှုပ်ပွနေတဲ့ သူမဆံပင်ပေါ်မှာ မြက်ခြောက်တွေ ကပ်ညှိနေတယ်။ ဒါပေမယ့် သူမမျက်နှာဖြူနေတယ်။ ဖြူရော်နေတယ်။ လက်ထဲမှာ ရေပုလင်းတစ်လုံး ကိုင်ထားပြီး လမ်းသွားလမ်းလာတွေကို ထုံထုံအ,အ သူမရယ်ပြနေခဲ့တယ်။
ညနေ နေဝင်ရီတရောအချိန်မှာ သူနဲ့သူမတွေ့ကြတယ်။ အမှိုက်ပုံးတစ်ခုမှာ မှိုတက်နေတဲ့ပေါင်မုန့်တစ်ချပ်ကို အတူတွေ့ကြရင်း သူတို့နှစ်ယောက် ဆုံခဲ့ကြတယ်။ ပေါင်မုန့်ဆီ နှစ်ဦးသားလက်လှမ်းပြီး ကောက်ယူချိန် ခေါင်းချင်းတိုက်ပြီး ဆုံခဲ့ကြတာဖြစ်တယ်။ သူမကို သူစူးစူးစိုက်စိုက် ကြည့်ပစ်လိုက်တယ်။ သူ့ကို သူမရယ်ပြနေတယ်။ နောက်ဆုံး သူ့လက်ထဲပေါင်မုန့်ပါလာတယ်။ မည်းညစ်နေတဲ့ ပါးစပ်ကြီးကိုဟပြီး ပေါင်မုန့်ကို ခပ်နာနာတစ်ချက် သူကိုက်ချလိုက်တယ်။ သူမ မလှုပ်ဘဲ သူ့ကိုငေးစိုက်ကြည့်နေတယ်။
သူမကို အရောင်မပါတဲ့မျက်လုံးနဲ့ သူတစ်ချက် စောင်းကြည့်လိုက်တယ်။ တံထွေးတွေကို မပြတ်မျိုချရင်း သူ့ကို သူမငေးကြည့်နေခဲ့တယ်။ စားလက်စပေါင်မုန့်ကိုရပ်ပြီး ထုံအအနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ သူမကို သူပြန်စိုက်ကြည့်လိုက်တယ်။ အဲဒီလိုနဲ့ အရူးနှစ်ယောက် ဘာအမူအရာမှမပြဘဲ အချင်းချင်း စိုက်ကြည့်နေခဲ့ကြတယ်။
သူမကို သူပေါင်မုန့်ကမ်းပေးလိုက်တယ်။ တစ်ဝက်သာကျန်တဲ့ပေါင်မုန့်ကို သူမဆတ်ခနဲဆွဲယူပြီး အားရပါးရစားလိုက်တယ်။ နေရာကနေ သူလှည့်ထွက်လာခဲ့တယ်။ နောက်လှည့်မကြည့်ဘဲ အိပ်နေကျအိမ်အိုကြီးဆီ သူပြန်လာခဲ့တယ်။ အိမ်နားရောက်မှ သူ့နောက်မှာ သူမ လိုက်ပါလာမှန်းသိတယ်။ သူ့ကို သူမရယ်ပြပြန်တယ်။ သူတို့အချင်းချင်း စကားတစ်ခွန်းမှမပြောကြဘဲ အိမ်အိုကြီးထဲမှာ အတူနေခဲ့ကြတယ်။
ညအိပ်ချိန်မှာ တစ်ခါမှမခံစားဖူးတဲ့ နွေးထွေးမှုကို သူခံစားမိတယ်။ နိုးလာတော့ သူမက သူ့ကိုဖက်ပြီး အိပ်နေတယ်။ အရူးတစ်ယောက်ပုံစံနဲ့ မတူဘဲ နှစ်နှစ်ခြိုက်ခြိုက် သူ့ကိုဖက်ပြီး သူမအိပ်ပျော်နေခဲ့တယ်။
ဒီလိုနဲ့ အရူးနှစ်ယောက် တစ်အိမ်ထဲမှာ အတူနေဖြစ်ခဲ့ကြတယ်။ နေ့ခင်းမှာ နှစ်ယောက်အတူ ဈေးထဲက စားစရာတွေကောက်ယူစားပြီး သူတို့ဗိုက်ဖြည့်ကြတယ်။ ညဖက်မှာ အိမ်အိုကြီးဆီ ပြန်အိပ်ကြတယ်။ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ နေ့ရက်တွေကို သူတို့ကျော်ဖြတ်ခဲ့ကြတယ်။
တစ်ညမှာ ဘယ်ကကောက်ရမှန်းမသိတဲ့ လက်စွပ်တစ်ကွင်းကို သူယူပြန်ခဲ့တယ်။ သံချေးတွေတက်နေတဲ့ လက်စွပ်ကို သူမလက်ထဲ သူစွပ်ပေးလိုက်တယ်။ သူမက ထုံးစံအတိုင်း သူ့ကိုကြည့်ပြီး ရယ်နေတယ်။ အဲဒီညက သူမ အားရပါးရရယ်ဖြစ်တယ်။ တိတ်ဆိတ်တဲ့ညမှာ သူမရယ်သံကို အတိုင်းသားကြားနေရတယ်။ ရယ်သံတွေရဲ့နောက်မှာ ငိုသံတွေပါနေခဲ့တယ်။ ပထမဆုံးအကြိမ် သူမ ငိုမိတယ်။ သူ့ကိုဖက်ပြီး ဘာမှန်းညာမှန်းမသိ သူမ ငိုနေမိတယ်။ သူက မတုန်လှုပ်တဲ့အပြင် မျက်နှာမှာလည်း ဘာအမူအရာမှ မပြခဲ့ဘူး။
သူမ ဖျားနေတယ်။ တစ်ခါမှ မဖျားဖူးတဲ့သူမ အပြင်းဖျားနေခဲ့တယ်။ သူနဲ့အတူ မနက်စာထွက်မကောက်ခဲ့ဘူး။ သူ့ကို ရယ်ပြမနေခဲ့တော့ဘူး။ သူ့တစ်ယောက်တည်း အစာတွေသွားကောက်ခဲ့ပြီး နေ့ခင်းမှာ ပြန်လာခဲ့တယ်။ လက်ထဲမှာ ရေအသစ်တစ်ဗူးနဲ့ ပေါင်မုန့်အသစ်တစ်ထုပ် ယူပြီး သူပြန်လာခဲ့တယ်။ သူ့မျက်နှာတွေ ဖုယောင်နေတယ်။ လက်ညိုးတွေလည်း ညိုမည်းနေတယ်၊ နှာခေါင်းမှာလည်း သွေးတွေပေနေတယ်။ ဆိုင်ထဲက ရေနဲ့ပေါင်မုန့်ကို သူဝင်လုတဲ့အချိန် ဆိုင်ပိုင်ရှင်ရိုက်ထားလို့ဖြစ်တယ်။
မျက်လုံးတွေကို သူမ မှိတ်ထားလည်း သူ့ကို အရင်လိုပဲ ရယ်ပြနေခဲ့တယ်။ ပေါင်မုန့်ကိုယူပြီး သူမပါးစပ်ထဲ သူထည့်ပေးလိုက်တယ်။ သူမ မစားနိုင်တော့ဘူး။ ကြည့်ရတာ သူမ သိပ်မဟန်တော့ဘူး။ အဖျားတွေတက်ပြီး သူမမေ့မျောသွားခဲ့တယ်။ သူ့မျက်နှာပေါ်မှာ ပထမဆုံးအကြိမ် အမူအရာတချို့ကို မြင်ရတယ်။ စိုးရိမ်တဲ့ အမူအရာ၊ အကူအညီမဲ့တဲ့ အမူအရာ... အိမ်အိုထဲကနေ သူထွက်ပြေးလာခဲ့တယ်။ အစိမ်းရောင်ဝတ် ရဲသားတစ်ဦးကိုတွေ့တော့ သူငိုတယ်။ ပထမဆုံးအကြိမ် သူငိုခဲ့တယ်။
"ကျွန်တော့်အမျိုးသမီးကို ကယ်ပါ" လို့ ပါးစပ်ကအော်ပြီး သူငိုတယ်။
"သွားစမ်း.. အရူး.. တောက်.. အိမ်ကထွက်တာနဲ့ ဘယ်ကအရူးနဲ့ လာတိုးနေမှန်း မသိဘူး"
ရဲသားက ပြောပြောဆိုဆို သူ့ကိုကန်ထည့်လိုက်တယ်။ မြေကြီးပေါ် သူပက်လက်လှန်ကျသွားတယ်။ ရဲသားက သူ့ဗိုက်တည့်တည့်ကို အားနဲ့သုံးလေးချက် ဆင့်ပြီးကန်ချလိုက်တယ်။ ပြီးတော့ သူ့မျက်နှာပေါ် တံထွေးတစ်ချက်ထွေးထည့်ပြီး နေရာကထွက်သွားတယ်။ မြေပေါ်မှာ သူအကြာကြီးလဲနေခဲ့တယ်။ သူထနိုင်တဲ့အချိန် မျက်နှာပေါ်က တံထွေးတောင် ခြောက်နေခဲ့ပြီ။
သူမကိုကျောပိုးပြီး လမ်းမကြီးပေါ် သူရောက်လာခဲ့တယ်။ လမ်းပေါ်မှာ လူတွေအများကြီး ဒါပေမယ့် သူတို့ကိုတစ်ယောက်မှ ဂရုစိုက်မကြည့်ကြဘူး။ ကြည့်ကြတဲ့လူတွေကလည်း ရွံ့ရှာတဲ့အေးတိအေးစက် အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ကိုယ်လမ်းကိုယ်သွားလိုက်ကြတယ်။ သူမကို လမ်းဘေးတစ်နေရာမှာ သူချလိုက်ပြီး အကူအညီမဲ့မျက်လုံးနဲ့ လူတွေကို သူလိုက်ကြည့်နေခဲ့တယ်။ သူမ အသက်မျှင်းမျှင်းလေးပဲ ရူနေတယ်။ ရုတ်တရက် လမ်းဘေးက ဖန်ကွဲစတစ်စကို သူကောက်ယူပြီး သူမရဲ့ ညစ်ပတ်ပိန်လှီနေတဲ့ လက်ပေါ်ခုတ်ချလိုက်တယ်။ သူမလက်ထဲကသွေးတွေ ဖြာခနဲ သူ့မျက်နှာပေါ် ပန်းတက်လာတယ်။
"ဟား.. ဟား... ကျွန်တော်လူသတ်လိုက်ပြီ... ခင်ဗျားတို့ကြည့် ကျွန်တော်လူသတ်လိုက်ပြီ"
အဲဒီနောက် အရေးပေါ်လူနာတင်ကား ရောက်လာပြီး သူမကို သယ်ထုတ်သွားကြတယ်။ ဝိုင်းကြည့်နေတဲ့လူတွေက သူ့ကိုကန်ကျောက်ပြီး ဆဲဆိုထွက်သွားကြတယ်။ ကယ်တင်ခံရပေမယ့် နောက်ဆုံးမှာ သူမ သေဆုံးသွားခဲ့ရတယ်။ အရေးပေါ်ခန်းမှာ တစ်နာရီလောက်တောင် သူမ မနေခဲ့ရဘဲ ရင်ခွဲရုံထဲ ပို့ခံခဲ့ရတယ်။ သေဆုံးသွားပေမယ့် သူမမျက်နှာက ပြုံးနေခဲ့တယ်။ သေဆုံးချိန်ထိ သူမလက်သူကြွယ်မှာ သံချေးတက်နေတဲ့ လက်စွပ်ကို စွပ်ထားဆဲဖြစ်တယ်။
သူမပြန်အလာကို သူအကြာကြီးစောင့်နေခဲ့တယ်။ ဒါပေမယ့် သူမ လုံးဝပြန်မလာခဲ့တော့ပါဘူး။ သူ့ကို ရယ်ပြဖို့ ပြန်မလာခဲ့တော့ပါဘူး။ သူငိုမိတယ်။ အားပါတရ သူအော်ငိုမိတယ်။ ညတစ်ညလုံး သူ့ငိုသံတွေ လွှမ်းနေခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့မှ သူ့ငိုသံကို သတိမထားခဲ့မိကြဘူး။
သူတို့စတွေ့ခဲ့တဲ့ အမှိုက်ပုံးဘေးမှာပဲ သူ့ရဲ့အေးစက်နေတဲ့အလောင်းကို လူတွေတွေ့ခဲ့ကြတယ်။ သူ့မျက်နှာပေါ်ကအပြုံးတောင် အေးစက်နေခဲ့ပါပြီ။ မှိုတက်နေတဲ့ ပေါင်မုန့်တစ်ချပ်နဲ့ မဖောက်ရသေးတဲ့ ရေတစ်ပုလင်းက သူ့ရင်ခွင်ထက်မှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လို့.....
မူရင်းလင့် -- http://www.duwenzhang.com/wenzhang/aiqingwenzhang/shanggan/20071216/1494.html
နိုင်းနိုင်းစနေ (Sunday, January 03, 2010)

တရော်ကင်ပွန်း

တရော်ကင်ပွန်း နှင့် ခေါင်းလျှော်ရခြင်း အကြောင်းရင်း
==============================
မြန်မာလူမျိုးတွေဟာ တရော်ကင်ပွန်းကို အသုံးပြုလို့ ခေါင်းလျှော်ရင် အညံ့တွေပျောက်ပြီး ကျက်သရေမင်္ဂလာတွေနဲ့ ထုံမွမ်းစေတယ်လို့ ယုံကြည်ကြပါတယ်။ အိပ်မက်ဆိုးတွေ ဘာတွေ မက်ရင်လည်း တရော်ကင်ပွန်းနဲ့ လျှော်ရင် နိမိတ်ဆိုးတွေ ကြေတယ်လို့ ဆိုပါတယ်။
တရော်ကင်ပွန်း ကို ဘယ်လိုစတင်တွေ့ရှိ အသုံးပြုခဲ့ကြတာလည်းဆိုတော့..
သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီးစိုးစံစဉ်က ဖြစ်သည်။
ထိုမင်းကြီးကား နဖူးအလယ်တွင် မှဲ့ရှင်တော်တစ်ခုပါ၍ " မျက်စိသုံးခု အတုမဲ့ပေါင် ဒွတ္တဘောင် " ဟု နှောင်းလူများက မှတ်တမ်းတင်ခဲ့သည်။ ထို့ပြင် မင်းကြီးသည် သိကြားမင်းဆက်သော လက်နက်ငါးပါး၊ နာဠာဂီရိဆင်၊ ၀လာဟက နတ်မြင်းတို့ကိုလဲ ပိုင်ဆိုင်သည်ဆို၏။
တစ်ခါသော် သရေခေတ္တရာပြည်အနီးရှိ ဗိဿနိုးပြည်ကို သွားရောက်တိုက်ခိုက်ရာ ဗိဿနိုးမှ ပန်ထွာဘုရင်မက ရန်ပယ်ချောင်းရေကို စနစ်တကျ အသုံးချကာ ခုခံခဲ့သည်။
သို့ရာတွင် မင်းကြီးက သူလျှိုစေလွှတ်ကာ ဗိဿနိုး၏ ကာကွယ်ရေးစနစ်ကို ချေဖျက်ခဲ့ပြီး ဘုရင်မနှင့်တကွ ဗိဿနိုးပြည်ကို သိမ်းပိုက်ခဲ့သည်။
ပန်ထွာမိဖုရားသည် အတင်းအဓမ္မသိမ်းပိုက်ခံရခြင်းကို မကျေနပ်ပါ။ ထို့ကြောင့် မင်းကြီးကို လက်စားချေရန်ကြံလေ၏။
ကြံပုံမှာ- သူမ၏ ထဘီအောက်နားစ ကို ဖြတ်ကာ နံ့သာအမွှေးအကြိုင်များ ထုံမွှမ်းစေပြီး မင်းကြီး ထံ မျက်နှာသုတ်ပ၀ါအဖြစ် ဆက်ကပ်ခြင်းဖြစ်သည်။ (မူကွဲများတွင် သုဿာန်မှ အ၀တ်ဟုလည်းဆိုသည်)
မင်းကြီးလည်း ထိုမျက်နှာသုတ်ပ၀ါကို သုံးမိလျှင် ဘုန်းနိမ့်ကာ မှဲ့ရှင်တော်ကွယ်လေ၏။ လှံများ ဓါးများလည်း အရောင်မထွက်တော့ပေ။
ပန်ထွာလည်း မိမိအကြံဖြစ်ကြောင်း။ ယခုလောက်ဖြင့် မကျေနပ်သေးဘဲ နောက်ဘ၀များတွင်လဲ မင်းကြီး၏ ပျက်စီးကြောင်းကို ကြံစည်လိုသေးကြောင်း။ နောက်ထပ် လက်စားမချေရမခြင်း သရေခေတ္တရာ အနီးရှိ ပေပင် တို့သည် ယခုအရွယ်မှ မတက်ပါစေကြောင်း ဆုတောင်းကာ လက်ထဲမှ အဆိပ်ခွက်ကို မော့ချကာ သေလေ၏။ ( ထိုပေပင် တို့သည် ယနေ့တိုင် သရေခေတ္တရာမြို့ရိုးအနီးရှိပြီး အပင်ပု အရွယ်မှ မတက်ကြသေးချေ။ အံ့ဖွယ်ပင် )
မင်းကြီးတွင် ဘုန်းကံ နိမ့်ပါးကြောင်း သိလျှင် ကမ်းယံပြည် အပါအ၀င် အခြားလက်အောက်ခံမင်းများလည်း ထကြွ ပုန်ကန်ကြလေ၏။
မင်းကြီးကိုယ်တိုင် ပုန်ကန်မှုများကို နှိမ်နင်းသော်လဲ အရှုံးနှင့်ရင်ဆိုင်ရကာ ကမ်းယံပြည်မှ လက်လွတ်ပြေးရလေ၏။
ထိုသို့ပြေးစဉ် မိုးရွာလာသဖြင့် ကင်ပွန်းနွယ်များတက်နေသော တရော်ပင်ကြီး တစ်ပင်အောက်တွင် မိုးခိုရာ ထိုတရော်ကင်ပွန်း အရည်များ မင်းကြီး၏ ဆံပေါ်ကျလျှင် ကျခြင်း လက်ထဲမှ လှံသည် ချက်ချင်းအရောင်ထွက်လေ၏။ နဖူးပေါ်မှ မှဲ့သည်လည်း ပြန်ပေါ်လာတော့သည်။
မင်းကြီးလည်း အံ့သြ၀မ်းသာဖြစ်ကာ တရော်ကင်ပွန်းအပင်များကို မှတ်သားပြီး မိမိ၏ တပ်သားများကို စိတ်ဓာတ်ရွှင်လန်းစေကာ ရန်သူများကို တိုက်လေ၏။
များမကြာမီ ရန်သူအားလုံးကို နှိမ်နင်းအောင်မြင်ကာ သရေခေတ္တရာထီးနန်းကို ပြန်လည်စိုးစံလေတော့သတည်း။
ဤသည်ပင် တရော်ကင်ပွန်း၏ ရာဇ၀င်ဖြစ်တော့သည်။
================================
jacbaburma.blogspot.com

Thursday, July 17, 2014

မိဘများ၏ မှားယွင်းတတ်သော သင်ကြားမူများ

မိဘများ၏ မှားယွင်းတတ်သော သင်ကြားမူများ
+++++++++++++++++++++++++++++++
ကလေးမွှေးတတ်တိုင်း မိဘကောင်း မဟုတ်ပါဘူး၊
ပညာရှင်များ၏ လေ့လာတွေ့ရှိချက်တွေအရ မိမိရင်သွေး ကလေးများ၏ ဘ၀တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တဲ့ မိဘများစွာရှိပါတယ်။
အောက်ပါအချက် ( ရ ) ချက်အတိုင်း ပြုမူကျင့်ကြံခဲ့ကြမယ်ဆိုရင် ကလေးကိုဖျက်ဆီးရာရောက်ပါတယ်။
ဝမ်းနည်းစရာ ကောင်းတာကတော့ ကျွန်တော်အပါအ၀င် မိဘများစွာတို့ဟာ အဆိုပါအချက်တွေကို အနည်း နဲ့ အများ မသိလို့ပဲဖြစ်ဖြစ်၊ သိရက်နဲ့ မေ့လို့ပဲ ဖြစ်ဖြစ် ကျူးလွန်မိနေဆဲ ဖြစ်ပါတယ်။

၁။ ကလေးများ မိမိကိုယ်မိမိ အသုံးမကျတဲ့ကောင်ဟု ထင်မြင်စေခြင်း ။
မိသားစုဝင်အတွင်း သူ့အား သဘောကျတဲ့လူဆိုလို့ တစ်ယောက်မှမရှိဘူး။ ကျောင်းမှာလည်းစာညံ့သလားမမေးနှဲ့၊
ဆက်ဆံရေးလည်း တစ်စက်မှ အဆင်မပြေဘူး၊
ရုပ်ကလည်းဆိုးသေး၊ ကျစ်ကန်ကျစ်ကန်နှဲ့ ၊
အိမ်မူကိစ္စလည်း အားကိုးလို့မရဘူး ၊ ဘာမဆို ပေါ့ပေါ့ဆဆပဲတွေးတယ်။
စရိုက်လည်း ကြမ်းတယ်။
တစ်မိသားစုလုံး သူ့ကြောင့်ပဲ စိတ်ဆင်းရဲ နေရတာ စသည်ဖြင့် ကလေးကို ဝေဖန်ပြောကြားခြင်း၊
၂။ သူများနဲ့ နိုင်းနိုင်းပြီး ဆုံးမခြင်း
ကြည့်လေ၊ မင်းဟာ ဘယ်သူနဲ့ ဆိုရင် ဘယ်နေရာမှာ ကွာပ၊ သူများဖြင့် ဘယ်လိုဘယ်လိုထူးချွှန်တယ်၊
မိဘဖြင့် စိတ်မပူရဘူး၊
လမ်းထိတ်ကဘယ်သူဆိုရင် မင်းနှဲ့ တစ်ရွယ်ထဲ၊ သူများတွေကြည့်၊ မိဘကိုဘယ်လောက်သိတတ်သလဲ၊
ဘယ်လောက်စာတော်လဲ၊
မင်းကသာ သူတို့လိုဖြစ်မယ်ဆိုရင်.....စသည်ဖြင့် ကလေးကိုဆိုဆုံးမခြင်း။
၃။ မိဘများကို သနားလာအောင် ဖန်တီးပြခြင်း
မိဘများဟာ ကလေးတွေရဲ့ ရှေ့မှာ မိသားစုအတွက် အနစ်နာခံသူ၊ ပေးဆပ်နေရသူ အဖြစ်ကလေးအား ခဏခဏ ပြောကြားပြီး ကလေးများအား စိတ်ထဲတွင် အပြစ်ခံစား ရတဲ့အထိ တတွတ်တွတ် ပြောဆိုခြင်း၊ ကလေးများကြောင့် မိဘများမည်မျှပင်ပမ်းစွာ လုပ်ကိုင်ရပုံ၊ ကလေးများကြောင့် မိဘများ ဘာရောဂါ၊ ညာရောဂါ ရရှိသွားတဲ့ အထိ ပင်ပမ်းဆင်းရဲရပုံများကိုရှင်းပြခြင်း။
၎။ ကလေးများအား ကောင်းကောင်းမွန်မွန် စကားမပြောခြင်း
ဆွေးနွေးတဲ့လေသံမျိုးနှဲ့ မပြောဆို၊ အမိန့်ပေးတဲ့ပုံစံနှဲ့သာ ဆက်ဆံတယ်။ အသံကျယ်ကျယ်နှဲ့ စကားပြောလေ့ရှိတယ်။ တစ်ခါတစ်လေမှာစောင်းမြောင်းပြောဆိုတတ်တယ်။
ဘာလို့ အဲလောက်တောင် “အ”ရတာလဲ၊
ဘယ်လိုကောင်မျိုးမွေးထားမှန်းလဲ မသိဘူး စသည်ဖြင့် ဆဲဆိုခြင်းမျိုး။
၅။ ကလေးရဲ့ ကိစ္စ၀ိစ္စ အားလုံးကိုစီမံပေးခြင်း
ကလေးဆိုတာ လွှတ်ထားလို့ မရဘူး၊
သူဘယ်သွားတယ်၊ ဘာလုပ်နေတယ်ဆိုတာတွေကို သေသေချာချာ လိုက်ကြည့်နိုင်မှ တော်ကာကျတယ်။
ကလေးများ မှတ်တမ်းတွေဘာတွေ ရေးမှတ်ခဲ့ရင် ရတဲ့နည်းလမ်းနှဲ့ ခိုးဖတ်ကြပါတယ်။ သူ့ရဲ့ကိစ္စကြီးငယ်မဟူ မိဘများကသာ ဆုံးဖြတ်ပေးကြပါတယ်။
၆။ ဒေါသလွှဲပြောင်းတတ်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ခြင်း
ပြင်ပမှာ အဆင်မပြေမူများတွေ့ရှိခဲ့ပါက ဒေါသကိုအိမ်အထိသယ်လာပြီး ကလေးများကိုကြိမ်းမောင်းပါ။
မင်းတို့ကြောင့် ငါဘယ်လောက်အထိ အလုပ်လုပ်နေရလို့၊
ဘယ်လောက်ထိ ဒုက္ခဆင်းရဲခံနေ ရလို့စသည်ဖြင့်ပြောပြခြင်း။
ရ။ အထက်ပါ ခြောက်ချက်ထက် ပိုမိုထိရောက်တဲ့ ကလေးရဲ့ အတွင်းစိတ်ကိုကျေမွအောင် ဖျက်ဆီးနိုင်တဲ့နည်းလမ်းကတော့ ကလေးကို လူရှေ့ သူရှေ့မှာ အရှက်ခွဲလိုက်ခြင်းပါပဲ။ လူရှေ့သူရှေ့မှာ၊ အထူးသဖြင့် သူ့ရဲ့သူငယ်ချင်းတွေရှေ့မှာ သူကိုနှိမ်ပါ။ ဆဲဆိုကြိမ်းမောင်းပါ။ သူကိုအရှက်မရ ရအောင်ပြောဆိုပစ်လိုက်ပါ။
အထက်ပါအချက် ( ရ ) ချက်ကြောင့် ကလေးဟာ မိမိကိုယ်ကိုယ် မိမိ ယုံကြည်ခြင်း လုံးဝပျောက်ဆုံး သွားစေပြီး ဘ၀ကိုလုံးဝ ရင်မဆိုင်ရဲတော့တဲ့ အသုံးမကျတော့တဲ့ လူကိုတကယ်ဖြစ်သွားစေပါတယ်။
မိဘများ ကိုယ့်ကိုကို ဆန်းစစ်နိင်ဖို့ တကယ်အဓိပ္ပါယ် ကောင်းတယ်ထင်ရလို့ နားလည်သလို ဘာသာပြန်လိုက်ပါတယ်။ ဖတ်ရတာ အဆင်မပြေမူများ ရှိခဲ့ရင် ဘာသာပြန်သူရဲ့ အားနည်းချက်သာ ဖြစ်ပါကြောင်း။

အင်္ဂလိပ်စကားလုံး (၂၂၇) လုံး

အသုံးဝင်သော အင်္ဂလိပ်စကားလုံး (၂၂၇) လုံး
===============================
(1) Business is business = စီးပွားရေး က စီးပွားရေးပဲ
(2) Money talks = ပိုက်ဆံ စကားပြောတယ်
(3) Tell that to the marines = တောမှာသွားပြော
(4) Lead your own way = ကိုယ့်သမိုင်းကိုယ့်ရေး
(5) Are you nuts ? = မင်းရူးနေလား
(6) You are very talkative = မင်းအရမ်းစကားများတာပဲ
(7) Behave yourself = ယဉ်ယဉ်ကျေးကျေးပြုမူပါ
(8) That's the beauty of it = အဲဒါလေးတွေ ချစ်ဖို့ကောင်းတာ
(9) You stay out it = မင်းဝင်မပါနဲ့
(10) Man matters most in life = လူသာ ပဓာနပါ
(11) Time out = ခဏ ရပ်နားပေးပါ
(12) There's one born every minute = အချဉ်ဖမ်းရတာ လွယ်ပါတယ်
(13) You are shameless = မင်းဟာအရှက်မရှိဘူး
(14) Mind your p's and q's = အနေအထိုင် ဆင်ခြင်နော်
(15) Age before beauty = အသက်ကြီးသူကိုဦးစားပေးပါ
(16) Don't do double = နှစ်ဖက်ချွန်မလုပ်နဲ့
(17) Just as I thought = ထင်တဲ့အတိုင်းပဲ
(18) I'm buying = ငါ ဒကာခံမယ်
(19) He was all ears = သူသိပ်သိချင်နေတယ်
(20) Don't talk rot = မဟုတ်တာမပြောနဲ့
(21) Don't tell a lie = လိမ်မပြောနဲ့
(22) I'm all ears = ငါ နားထောင်နေပါတယ်
(23) Don't you see ? = မင်းနားလည်မယ်ထင်ပါတယ်
(24) Dead or alive = မသေ ရရ အရှင် ရရ
(25) Let bygones be bygones = ပြီးတာတွေလဲပြီးပါစေတော့ကွာ
(26) The point is = ငါဆိုလိုချင်တာက
(27) You're too big for your boots = မင်းတော်တော် ကြီးကျယ်တဲ့ကောင်ပဲ
(28) Get to the point = လိုရင်းကိုပြောပါ
(29) That calls for celebration = မုန့်ကျွေးသင့်တယ်
(30) Every second counts = စက္ကန့်တိုင်းတန်ဖိုး ရှိတယ်
(31) Give me a second = တစ်စက္ကန့်လောက် အချိန်ပေးပါ
(32) Right away ! = အခုချက်ချင်းပဲ
(33) You heard me = ကြားတယ်နော်
(34) Perish the thought = မစဉ်းစားနဲ့တော့ မေ့ပစ်လိုက်တော့
(35) Too little too late = နည်းနည်းလေး နောက်ကျသွားတယ်
(36) That's a poser = ဒါဟာသိပ်ခက်တဲ့ မေးခွန်းပဲ
(37) Where the hell have you been ? = မင်းဘယ်လျှောက်သွားနေတာလဲ
(38) It's all moonshine = လုံးဝ အဓိပ္ပါယ်မရှိဘူး
(39)That's why = အဲဒါကြောင့် / ဒါကြောင့်
(40) The reason is that = အကြောင်းကတော့ဗျာ
(41) That's because = ဘာကြောင့်လဲဆိုတော့
(42) Don't disturb me = ငါ့ကို လာမနှောက်ယှက်နဲ့
(43) Don't put blame upon other = သူများကိုလွှဲမချနဲ့
(44) It's been said = ပြောကြတာပဲလေ
(45) May I have a little chat = စကားနည်းနည်းလောက်ပြောပါရစေ
(46) Take care of yourself = ကိုယ့်ဘာသာကိုယ် ဂရုစိုက်နော်
(47) Won't you enjoy it ?= မင်းဒါကို သဘောမကျဘူးလား
(48) Anything to please you ? = မင်းစိတ်ကြိုက်တွေ့ရဲ့လား
(49) The best of my ability = ငါ့အစွမ်းအကုန်ပဲ
(50) That's a deal = ဒါအတည်ပဲ
(51) Need anything ? = ဘာလိုသေးလဲ
(52) So far so good = အခုအချိန်ထိတော့ ဟုတ်နေသေးတယ်
(53) What a daft idea ! = အဓိပ္ပါယ် မရှိလိုက်တဲ့ အတွေး
(54) Don't talk ill of others = သူများမကောင်းကြောင်းမပြောနဲ့
(55) Look here = ဒီမယ် ငါပြောမယ်
(56) Think it over = ထပ်စဉ်းစားပါအုံး
(57) It's not that = ဒီလိုဟုတ်သေးဘူးလေ
(58) You have my words = ကျွန်တော် ကတိပေးပါတယ်
(59) For your eyes only = ဘယ်သူကိုမှမပြနဲ့
(60) Fairly sensible = အမြော်အမြင် တော်တော် ရှိတယ်
(61) Don't indulge your child = မင်းရဲ့ကလေးကို အလိုမလိုက်နဲ့
(62) Just so = ဒီလိုပဲ ဖြစ်ရမယ်လေ
(63) That's going beyond joke = နောက်တာလွန်လာပြီနော်
(64) Nonsense = အဓိပ္ပါယ် မရှိဘူးကွာ
(65) You'd better treat me = မင်းငါ့ကို ဧည့်ခံပြုစုရင် ကောင်းမယ်
(66) What a pity ! = သနားစရာ ကောင်းလိုက်တာ
(67) How absent-minded you are = မင်းနှယ်ကွာ မေ့တတ်လိုက်တာ
(68) You can say that again = သိပ်ဟုတ်တာပေါ့ / ဟုတ်လိုက်လေခြင်း
(69) What's the use of it ? = အဲဒါ ဘာအသုံးကျမှာမို့လို့လဲကွာ
(70) Do it at once = ခုချက်ချင်းလုပ်
(71) Don't be reluctant = စိတ်မပါလက်မပါ ဖြစ်မနေနဲ့
(72) The same as ever = ခါတိုင်းလိုပါပဲ
(73) What's available = ဘာရနိုင်ပါသလဲ
(74) Leave it to me = ငါ့တာဝန် ထားလိုက်စမ်းပါ
(75) Don't blame me = ငါ့ကို အပြစ်လာမတင်နဲ့
(76) It's not my fault = ငါ့အမှားမဟုတ်ဘူး
(77) I don't have all day = ငါတစ်နေကုန် အချိန်မရဘူး
(78) If you've got time = မင်းအချိန်ရရင်
(79) Please make yourself at home = ကိုယ့်အိမ်လိုပဲ သဘောထားနော်
(80) Please come and join us = ငါတို့ဆီကို လာပါ / ဖိတ်ခေါ်ပါတယ်
(81) Nature calls ! = အိမ်သာသွားလိုက်အုံးမယ်
(82) Duty calks ! = ကိစ္စရှိလို့ သွားလိုက်အုံးမယ်
(83) Keep your nerve = က္ကနြေ္ဒ မပျက်စေနဲ့
(84) Don't take an air = ဟိတ်ဟန်ထုတ်မနေနဲ့
(85) How much = ဘယ်ဘောက်ကျသလဲ
(86) Don't argue with me = ငါ့ကို လာမငြင်းနဲ့
(87) Any time = ဘယ်အချိန်မဆို
(88) Oh ! you dare say so = ပြောရဲလိုက်တာ
(89) How dare you are ! = မင်းက ရဲလှချည်လား
(90) Listen to me = ငါပြောတာနားထောင်
(91) Any thing ? = ဘာကိစ္စရှိလို့လဲ
(92) Like father , like son = ဖအေတူသားပဲ
(93) Don't dig your own grave = ကိုယ့်သေတွင်းကိုယ် မတူးနဲ့
(94) Something wrong = တစ်ခုခုမှားနေပြီ
(95) What's wrong ? = ဘာများမှားသွားလဲ
(96) Not good enough = သိပ်မကောင်းဘူး
(97) Don't be talkative = စကားမများနဲ့
(98) Here comes = လာပါပြီ
(99) What's happened ? = ဘာဖြစ်ခဲ့တာလဲ
(100) How come ! = ဘယ်လိုဖြစ်တာလဲ
(101) As ever = အရင်အတိုင်းပဲ
(102) Don't interfere = ဝင်မပါနဲ့ / ဝင်မစွက်နဲ့
(103) This beats me = ဒါငါ့အတွက် သိပ်ခက်တယ်
(104) This is to say = ပြောရမယ်ဆိုရင်တော့
(105) You got a minute = အချိန်နည်းနည်းအားလား
(106) By the way = စကားမစပ်
(107) As you see = မင်းသိမြင်တဲ့အတိုင်းပဲ
(108) It goes without saying = အထူးပြောနေစရာ မလိုပါဘူး
(109) Suit yourself = စိတ်တိုင်းကျသလိုလုပ်
(110) Don't give me that = ငါ့ကို အငြင်းစကားတွေ လာမမေးနဲ့
(111) Do you mind if I butt in ? = ဝင်ပြောရင်စိတ်မရှိနဲ
(112) What a coincidence ! = တိုက်ဆိုင်လိုက်တာ
(113) What line are you in ? = မင်းဘာစီးပွါးရေးလုပ်လဲ
(114) That's not the way to do it = ဒီလိုမလုပ်ရဘူး
(115) Can it be shown ? = သက်သေပြနိုင်လား
(116) So what ? = အဲဒီတော့ဘာဖြစ်လဲ
(117) Walls have ears ! = လူတွေကြားကုန်မယ်
(118) Let out = လျို့ဝှက်ချက်ကိုပြောပြပါ
(119) A little bird told me = သိနေတယ်လေ
(120) Just you wait = မင်းသိမယ်
(121) Let's say grace = ဆုတောင်းလိုက်ကြစို့
(122) I don't care for myself = ငါ့အတွက် ငါမပူဘူး
(123) It's nothing to do with you = မင်းနဲ့ဘာမှမဆိုင်ဘူး
(124) Don't feel backward = တွန့်ဆုတ်တွန့်ဆုတ် လုပ်မနေနဲ့
(125) Don't be afraid = ရဲရဲပြော / ရဲရဲလုပ် / အားမနာနဲ့
(126) Without fail = မပျက်မကွက်
(127) Can I make a bargain ? = ဈေးဆစ်လို့ရမလား
(128) Be quit / Keep quit / Keep silent = တိတ်တိတ်နေ
(129) Thank God / What a relief = တော်ပါသေးရဲ့
(130) Never say never again = စကားအကုန်မပြောနဲ့
(131) To be honest = ပွင့်ပွင့်လင်းလင်းပြောရရင်
(132) How is where the heart is = စိတ်လက်ပျော်နေရာ ကိုယ်ဌာနေပဲ
(133) You are very curious = မင်းအရမ်း စပ်စုတာပဲ
(134) It'll go down in history = သမိုင်းတွင် ကျန်ရစ်လိမ့်မယ်
(135) Few and far between = ရှားမှရှားပါပဲ
(136) May be = ဟုတ်ချင်ဟုတ်မယ်
(137) I don't stand on your tongue = ငါသည်းမခံနိုင်တော့ဘူး
(138) Don't answer back = ပြန်မပြောနဲ့
(139) Mind your own business = ကိုယ့်အလုပ်ကိုယ် လုပ်ပါ
(140) It's not your business = မင်းအလုပ် မဟုတ်ပါဘူးကွာ
(141) Don't do like that = ဒီလိုမလုပ်နဲ့
(142) Don't takk like that = ဒီလိုမပြောနဲ့
(143) I'm rather tied up = ငါ့မှာ လုပ်စရာတွေတော်တော်ကို များနေပါတယ်
(144) What a laughing stock ! = ရယ်စရာကောင်းလိုက်တဲ့အကောင်
(145) What a shameless fellow ! / What a shameless gue ! = အရှက်မရှိလိုက်တဲ့အကောင်
(146) So far = ခုချိန်ထိ
(147) We're not on speaking terms = ငါတို့ မခေါ်ကြဘူး စကားမပြောကြဘူး
(148) I'm getting tired of it / I'm sick of this / I'm fed up with it = စိတ်ပျက် စိတ်ကုန်လာပြီ
(149) Go on / Go ahead / Keep on / Carry on = ဆက်လုပ် / ဆက်ပြော
(150) Surprise ! Surprise ! / Words fail me ! = အံ့ရော အံ့ရော
(151) That would be better = ဒါဆိုရင်ပိုကောင်းမယ်
(152) You are very childish = မင်းသိပ်ကလေးဆန်တာပဲ
(153) It wasn't me = ကျွန်တော်မဟုတ်ရပါဗျာ
(154) Who did it ? = ဘယ်ကောင်လုပ်တာလဲ
(155) What a forgetful creature I am ! = ငါဟာ တော်တော်ကို မေ့တတ်တဲ့အကောင်ပဲ
(156) Oh ! how forgetful I am ! = ငါ့နှယ်နော် မေ့တတ်လိုက်တာ
(157) What a fussy fellow ! = ပျာယီပျာယာနိုင်လိုက်တဲ့ကောင်
(158) How clumsy you are ! = ပုံပျက်ပန်းပျက် ကိုးရိုးကားရားနိုင်လိုက်တာ
(159) Do it before you forget = မမေ့ခင်လုပ်လိုက်အုံး
(160) He's a chip off the old block = ဘမျိုးဘိုးတူပဲ
(161) Please , call a spade a spade = အရှိကိုအရှိအတိုင်းဗြောင်ဖွင့်ပြောပါ
(162) Lest you should forget it = မင်းမေ့သွားမှာစိုးလို့
(163) It's just that I can't afford = ငါ့မတတ်နိုင်လို့ပါကွာ
(164) I haven't time to do it = အဲဒါလုပ်ဖို့ ငါမှာအချိန်မရှိဘူး
(165) You really were taking liberties = မင်းဟာ တကယ့်ကို ကဲလွန်းအားကြီးတယ်
(166) What do you take me for ? = မင်းငါ့ကို ဘာအောက်မေ့လို့လဲ
(167) Knock it off = လုပ်မနေစမ်းပါနဲ့
(168) Don't gossip about other = သူများအတင်းမပြောနဲ့
(169) There's nothing to be afraid = ဘာမှကြောက်စရာမလိုဘူး
(170) I can't bear to do so = ငါဒီလိုမလုပ်ရဲဘူး
(171) It's the chance of a lifetime = ဒါဟာ တစ်သက်မှတစ်ခါရတဲ့ အခွင့်အရေးပဲ
(172) Do it any means = ဘယ်နည်းနဲ့မဆို ဒါကိုလုပ်ပါ
(173) Such is life = ဘဝဆိုတာဒီလိုပါပဲကွာ
(174) I didn't bargain for such trouble = ဒီလို ဒုက္ခမျိုးကြုံ မယ်လို့ မထင်ခဲ့ဘူး
(175) Don't bully me = ငါ့ကို ဗိုလ်မကျနဲ့ / အနိုင်မကျင့်နဲ့
(176) Don't be conceited = ဘဝင်မမြင့်နဲ့
(177) Not as much as you think = မင်းထင်သလောက်မဟုတ်ပါဘူး
(178) I'm all against it = အဲဒါကို ငါလုံးဝ ဆန့်ကျင်တယ်
(179) I don't agree with it = မင်းကိုငါသဘောမတူဘူး
(180) Not like that = အဲဒီလိုဟုတ်ဘူး
(181) More than enough = လိုတာထက်တောက်ပိုသေး
(182) Take care = သတိထား
(183) Don't worry , I've done this before = မပူပါနဲ့ , ဒါမျိုး အတွေ့ အကြုံ ရှိပြီးသား
(184) Oh ! quite / I do / I agree with you = ငါသဘောတူတယ်
(185) Out you go = ထွက်သွားစမ်း
(186) Easy now = စိတ်အေးအေးထားပါ
(187) How's everything ? = အစစအရာရာ အဆင်ပြေရဲ့လား
(188) How're things with you ? = မင်းကောအားလုံး အဆင်ပြေရဲ့လား
(189) Once a thief , always a thief = တစ်ခါခြံ ခုန်ဖူးတဲ့ နွား ဆက်ခုန်မှာပဲ
(190) Sooner or Later = အနှေးနဲ့အမြန်ဆိုသလိုပဲ
(191) Don't do as I do = ငါလုပ်သလို လိုက်မလုပ်နဲ့
(192) If I were you = ငါသာ မင်းဖြစ်ရင်
(193) If I were in his place = ငါသာ သူ့နေရာမှာဆိုရင်
(194) If I were in your place = ငါသာ မင်းနေရာမှာဆိုရင်
(195) I feel nothing special = ထွေထွေထူးထူး မခံစားပါဘူး
(196) What a shame ! = ရှက်စရာ ကောင်းလိုက်တာ
(197) Shame on you = မင်းရှက်ဖို့ကောင်းတယ်
(198) Have a go = လုပ်ကြည့်
(199) I don't accept it = ငါလက်မခံဘူး
(200) Once in a blue moon = ဖြစ်တောင့်ဖြစ်ခဲ တစ်သက်မှတစ်ခါဆိုသလို
(201) Keep your mind = စိတ်ထိန်းပါ
(202) Everybody his due = သူ့နေရာနဲ့သူပဲ
(203) First come , first served = ဦးရာလူ စနစ်ပဲ
(204) A deal is a deal = အပေးအယူ လုပ်ပြီးသားက လုပ်ပြီးသားပဲ
(205) Don't be cocky = မာန်မတက်နဲ့
(206) Mum's the word = ဒါကို လျို့ ဝှက်ထား
(207) Keep away / Keep Out = အနားမကပ်နဲ့ ဝေးဝေးရှောင်
(208) All the best = အောင်မြင်ပါစေ
(209) Thumbs up = အောင်ပြီဟေ့
(210) Do as you do / Do as you like = မင်းကြိုက်သလိုလုပ်
(211) Not up to much = ကျေနပ်ဖွယ်ရာမရှိ
(212) Break it up = ရန်ဖြစ်တာ တော်ကြတော့
(213) I tell this in confidence = မင်းကို ယုံလို့ ပြောတာ လျှောက်မပြောနဲ့
(214) Not again / End of story = တော်ပါတော့ မပြောပါနဲ့တော့
(215) Give me a hug = ကဲကဲ ကျေအေးလိုက်ကြစို့
(216) It's up to you = မင်းပေါ်မူတည်တယ်
(217) It depends = အခြေအနေအရပဲ
(218) That's really a pity = ငါဟာ တကယ့်ကို သနားစရာပဲ
(219) Oh ! dear me = ဖြစ်မှဖြစ်ရလေ
(220) Not absolutely sure yet = လုံးဝ မသေချာသေးဘူး
(221) Wait and see = စောင့်ကြည့်ဦးပေါ့ကွာ
(222) Have a heart = စာနာပါ / သနားပါ
(223) His life was in a mess = သူ့ဘ၀ကတော့ ညစ်နေပြီ
(224) You should = မင်းလုပ်သင့်တယ်
(225) Not so bad = သိပ်မဆိုးပါဘူး
(226) That's enough = တော်ပါပြီ
(227) He's under a cloud = သူ့ကို မယုံသင်္ကာ ဖြစ်နေတယ်
ကြိုက်သလောက် Share နိင်ပါတယ် ... ။