Monday, December 30, 2013

ကိုယ်တကယ်ပိုင်ဆိုင်တဲ့အရာ

ကိုယ်တကယ်ပိုင်ဆိုင်တဲ့အရာ
================

လူတစ်ယောက်ဟာ သေသွားပါတယ်…။ သူသတိထားမိတဲ့အချိန်မှာတော့ သေမင်းက အထုတ်တစ်ထုတ်ကိုလက်ကဆွဲပြီး သူ့အနားရောက်နေတာတွေ့တယ်…။ သေမင်းက ပြောတယ်…

“ ကဲ…သွားရအောင်…”

တဲ့…။ အဲ့ဒီလူတော်တော် အံ့အားသင့်သွားပြီး သေမင်းကိုပြန်ပြောတယ်…

“ ခုချက်ချင်းကြီးလားဗျ… နေပါဦး …ကျုပ်သွားလို့မဖြစ်သေးဘူး …ကျုပ်မှာလုပ်စရာတွေအများကြီးကျန်သေးတယ်…”

“ ငါလည်း စိတ်မကောင်းပါဘူးကွာ… ဒါပေမယ့် မင်းကိုခေါ်ရမယ့် အချိန်ရောက်ပြီ…”

“ ဒါနဲ့…လက်ထဲကအထုတ်ကဘာထုတ်လဲဗျ…” လို့ အဲ့ဒီလူက သေမင်းကိုမေးတယ်…။

“ ဒါ…မင်းရဲ့ ပိုင်ဆိုင်မှုတွေလေ…မင်းယူသွားနိုင်မယ့်အရာတွေ…”

“ ဗျာ…ခင်ဗျားပြောတာက … အဲ့ဒါ ကျနော့ပစ္စည်းတွေ .. အဝတ်အစားတွေ…ပိုက်ဆံတွေလား…”

“ အဲ့ဒါတွေက မင်းပိုင်တာတွေမဟုတ်ဘူး…မင်းဘဝဟောင်းကသာပိုင်တယ်…”

“ ဒါဆို…ကျနော့ မှတ်ဥာဏ်တွေလား…”

“ မင်း မှတ်ဥာဏ်တွေကလည်း မင်းမပိုင်ပါဘူး…အချိန်ကာလကသာပိုင်ပါတယ်…”

“ ဒါဆို… ကျနော့ရဲ့  ပင်ကိုယ်အရည်အသွေးတွေလား…”

“ မင်းရဲ့  ပင်ကိုယ်အရည်အသွေးဆိုတာလည်း မင်းမပိုင်ပါဘူး… အခြေအနေတစ်ခုကသာပိုင်ပါတယ်…”

“ ကျနော့မိတ်ဆွေသူငယ်ချင်းတွေ…ကျနော့မိသားစုတွေလား “

“ မင်းမိတ်ဆွေတွေ မင်းမိသားစုတွေဆိုတာလည်း မင်းမပိုင်ပါဘူး သေမင်းဆိုတဲ့ ငါပဲပိုင်တာပါ…”

“ ကျနော့မိန်းမနဲ့ သားလေးလား “

“ မင်းမိန်းမနဲ့ မင်းသားကလည်း မင်းမပိုင်ပါဘူး…မင်းရဲ့  နှလုံးသားကသာပိုင်တာပါ…”

“ ကျနော့ ခန္ဓာကိုယ်ကြီးလား…”

“ မင်းခန္ဓာကိုယ်ကလည်း မင်းမပိုင်ပါဘူး…မြေကြီးကသာပိုင်တာပါ…”

“ ကျနော့ရဲ့  အသက်လိပ်ပြာလား..”

“ မင်းအသက်က မင်းမပိုင်ပါဘူး…ငါပဲပိုင်တာ…”

ဒီတော့ သူဟာစိုးရိမ်ကြောက်ရွံ့ မှု စိတ်လှုပ်ရှားမှုတွေနဲ့ သေမင်းပေးတဲ့ သူ့ကိုယ်ပိုင်အထုတ်လေးကို ဖွင့်ကြည့်လိုက်တော့ …



အထဲမှာ ဗလာနတ္ထိဘာမှမရှိတာတွေ့လိုက်ရတယ်…။
ပါးပြင်ပေါ်မျက်ရည်တွေလှိမ့်ဆင်းလာရင်… ထပ်မေးလိုက်တယ်…

“ ဒါဆို…ကျနော်ဘာမှမပိုင်ဆိုင်ခဲ့ဘူးပေါ့…”
သေမင်းကပြန်ဖြေတယ်…။

“ အေး…ဒါအမှန်ပဲ…မင်းနေထိုင်ခဲ့တဲ့ ပစ္စုပ္ပန်အခိုက်အတန့်လေးတွေသာ မင်း တကယ်ပိုင်ဆိုင်တဲ့အရာတွေပဲ…ဘဝဆိုတာလည်း အခိုက်အတန့်လေးတစ်ခုပါပဲ…အခိုက်အတန့်လေးသာမင်းပိုင်ခဲ့တာပါ…။ ။

## သယ်ရင်း…
မင်းတကယ်ပိုင်ဆိုင်တဲ့ လက်ရှိအချိန်အခိုက်အတန့်လေးတွေကို ပျော်ရွှင်စွာဖြတ်သန်းပါ…မင်းပိုင်ဆိုင်မယ်လို့ထင်ထားတဲ့ အခြားအရာတွေအတွက် မင်းရဲ့  အဖိုးတန်တဲ့ လက်ရှိအခိုက်အတန့်လေးတွေကို မဖျက်ဆီးလိုက်ပါနဲ့…ပျော်ရွှင်ဖွယ်ဘဝတစ်ခုဖြစ်ဖို့ ပြင်ဆင်ရင်း…ဘဝမှာမနေလိုက်ရဘဲ ပြင်ဆင်နေရုံနဲ့ ဘဝကိုမကုန်ဆုံးသွားပါစေနဲ့ …ခုချက်ချင်းပဲ အခုအခိုက်အတန့်လေးကစလို့ စိတ်ကိုပျော်ရွှင်စွာနဲ့ ဘဝကိုဖြတ်သန်းလိုက်စမ်းပါ…
သေမင်းကိုယ့်အနားရောက်လာတဲ့အခါ ငါတို့ဆုတ်ကိုင်ဖက်တွယ်ထားတာမှန်သမျှ ချန်ခဲ့ကြရမှာပါ… ဒါကြောင့် တို့တွေတကယ်ပိုင်ဆိုင်တဲ့ ပစ္စုပ္ပန်အခိုက်အတန့်လေးတွေကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းကြပါစို့လား ကွာ… ##

ဦးသုည... စကားလုံးဖလှယ်သည်

မှတ်ချက်...။ ။ ဒီစာလေးကတော့ အနောက်တိုင်းကစာတိုလေးကို နည်းနည်းပြုပြင်ထားတာပါ...။ ကျနော်တို့ မြန်မာဗုဒ္ဓဘာသာတွေအနေနဲ့တော့ ထပ်တူကျချင်မှကျပါလိမ့်မယ်...အဓိကပြောချင်တာက ဘာသာရေးအယူတွေမဟုတ်ဘဲ...ပစ္စုပ္ပန်အခိုက်အတန့်လေးတွေမှာ စိတ်ပျော်ရွှင်စွာနေဖို့...အဖိုးတန်တဲ့ကိုယ်ပိုင်အခိုက်အတန့်လေးတွေက မဆုံးရှုံးစေဖို့ သတိပေး အားပေးထားတာလေးပါ...

Credit To ဦးသုည

No comments:

Post a Comment