အသည်းမာရင်ခွဲခွာဝံတယ်
★★★★★★★★★★★★★★★
ကိုယ်ချစ်ရတဲ့သူတွေနဲ့ ခေတ္တခဏဖြစ်ဖြစ် အပြီးအပိုင်ဖြစ်ဖြစ်
ရှင်ကွဲ(သို့)သေကွဲ ခွဲကြရတဲ့အခါ အနည်းအများတော့ လူတိုင်း
ဝမ်းနည်းဖူးကြမှာပါ။သံယောဇဉ်ကြီးရင် ကြီးသလောက် အစွဲအလမ်းပြင်းထန်ရင်
ပြင်းထန်သလောက်
ပိုဝမ်းနည်းရပါတယ်။
အချစ်ပိုကဲလေ အဖြစ်ပိုသည်းလေပါပဲ။
ဝမ်းနည်းရခြင်း တမ်းတပူဆွေးရခြင်းဆိုတဲ့ ခံစားမှုဟာ လက်ခံသိမ်းပိုက်ထားသင့်တဲ့
မြတ်နိုးစရာစည်းစိမ်ချမ်းသာမဟုတ်ပါဘူး။
ငြင်းပယ်စွန့်လွှတ်ပစ်သင့်တဲ့ မနှစ်မြို့စရာ
အမှိုက်ရှုပ် အညစ်အကြေးပုပ်တစ်မျိုးပါ။
နှလုံးသားကို ပူလောင်စေတဲ့အရာပါ။
ဒီလိုခံစားမှုမျိုးကို မခံစားချင်ရင်တော့ ဘယ်သူ့ကိုမှ
မချစ်ပဲနေရုံပါပဲ..စိတ်မညစ်ချင်ရင် သိပ်မချစ်ပါနဲ့..
မချစ်ရမနေနိုင်ရင်လည်း နည်းနည်းလောက်တော့ လျှော့ချစ်ပါ..ချွေတာရေးအချစ်နဲ့ ခြိုးခြိုးခြံခြံ
ခြစ်ခြစ်ခြုတ်ခြုတ် ချစ်ပါ။
ဒါပေမယ့်လူဆိုတာကလည်း သူသူငါငါ
"မချစ်ရင်မနေနိုင်တာကလွဲလို့" ဆိုတဲ့အတိုင်း
အနည်းဆုံးတစ်ယောက်ယောက်ကိုတော့ နှစ်နှစ်ကာကာ စွဲစွဲလမ်းလမ်းချစ်နေရမှ
လူကနေသာထိုင်သာရှိသလိုလို စိတ်ကျေနပ်မှုရနေသလိုလိုပါ..ပိုးဖလံက မီးကို
ပူမှန်းမသိလို့တိုးဝင်တာ လူကအချစ်ကို ပူမှန်းသိသိကြီးနဲ့ အချစ်မှာ ပျော်ဝင်နစ်မြုပ်ချင်တာပါ။
ပိုးဖလံထက် ပိုမိုက်တာလူပါပဲ။
`ပိယ´နဲ့`သောက´ ချစ်ခြင်းနဲ့ ဝမ်းနည်းပူဆွေးခြင်း
ဆိုတာ ဒင်္ဂါးတစ်ခုရဲ့ခေါင်းနဲ့ပန်းလို အမြဲဒွန်တွဲနေပါတယ်။
ချစ်ပဲချစ်ချင်ပြီး ဝမ်းမနည်းချင်လို့တော့မရပါဘူး။ဝမ်းနည်းတယ်
ပူဆွေးတယ်ဆိုတာ တရားကိုယ်ကတာ့ဒေါသပါပဲ။
ဒေါသကိလေသာကို အကြွင်းမဲ့ မပယ်သတ် နိုင်သေးသမျှတော့ ဝမ်းနည်းပူဆွေးစရာတွေနဲ့ ကြုံတိုင်းပူဆွေးရမှာပါ။
စိတ်ဓာတ်ခိုင်မာနေလို့
ဒေါသကိလေသာငြိမ်ဝပ်နေတဲ့အခိုက်နဲ့ ကြုံကြိုက်
သွားရင်တော့ သူတစ်ပါးအတွက် ဝမ်းနည်းပူဆွေးစရာက ကိုယ့်အတွက် ဝမ်းနည်းပူဆွေးစရာ ဖြစ်ချင်မှဖြစ်မှာပါ။
ဒါပေမယ့် ဒေါသမကုန်သေးတဲ့အတွက် ဝမ်းမနည်းဖို့ မပူဆွေးဖို့ လုံးဝကြီးတော့ စိတ်မချရသေးပါဘူး။ကိုယ့်နှလုံးသားထဲက
ဒေါသဓာတ်ကို အမြစ်ပြတ်အောင်ဆွဲနှုတ် ဖယ်ထုတ်နိုင်မှသာ စိတ်ချရမှာပါ။
ဒေါသဓာတ်ကင်းစင်နေတဲ့ နှလုံးသားဟာ
ကျောက်သားနဲ့ ထုဆစ်ထားတဲ့ မာကြောတဲ့နှလုံးသားမျိုးပါ။
ဘယ်လိုဝမ်းနည်းစရာမျိုးနဲ့ပဲကြုံကြုံ အေးအေးဆေးဆေးပါပဲ။
ဝမ်းနည်းပူဆွေးခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့
ဒေါသကိလေသာကို အနာဂါမ်အရိယာဖြစ်မှပဲ
အကြွင်းမဲ့ပယ်သတ်နိုင်ပါတယ်။
အနာဂါမ်အရိယာဖြစ်ဖို့ကလည်း သကဒါဂါမ်အရိယာဘဝနဲ့ ဝိပဿနာအလုပ်ကိုအားထုတ်ရပါတယ်။
သာတာပန်အရိယာဘဝနဲ့ ဝိပဿနာအလုပ်ကို အားထုတ်ရပါတယ်။
သောတာပန်အရိယာဖြစ်ဖို့ကလည်း ပုထုဇဉ်ဘဝနဲ့
ဝိပဿနာအလုပ်ကို အားထုတ်ရပါတယ်။
ဝိပဿနာဆိုလို့လည်း ဘုရားရှေ့မှာ တင်ပျဉ်ခွေထိုင်
မျက်စိမှိတ်ပြီးမလှုပ်မယှက်နဲ့ တစ်နာရီ နှစ်နာရီထိုင်နိုင်မှလို့
သွားမယူဆလိုက်ပါနဲ့ ။ဝိပဿနာအလုပ်ဆိုတာ
အဲလိုကြီးထိုင်နိုင်မှ လုပ်လို့ရတဲ့အလုပ် မဟုတ်ပါဘူး။
လျောင်း ထိုင် ရပ် သွား ခန္ဓာကိုယ်ရဲ့
ဘယ်အနေအထားမျိုးမှာမဆို လုပ်လို့ရပါတယ်
အရှုခံအာရုံကလည်း ဘယ်ဟာကိုမှလို့ မူသေ ကန့်သတ်ချက်မရှိပါဘူး
ဝင်လေထွက်လေ
အဆင်ပြေရင် ဝင်လေထွက်လေကို အာရုံထားပြီးရှု
တစ်ခြား ကိုယ်နှုတ်စိတ်အမူအရာအဆင်ပြေရင် ထင်ရှားရာ ကိုယ်နှုတ်စိတ်အမူအရာကို အာရုံထားပြီးရှုနိုင်ပါတယ်..
လောလောဆယ်ဖြစ်နေတဲ့ ကိုယ်အမူအရာ(ရုပ်)
စိတ်အမူအရာ(နာမ်)ကို ဖြစ်နေတဲ့အတိုင်းလေး
ရိုးရိုးရှင်းရှင်း ရှုမှတ်ရပါမယ်..
ဖြစ်ခိုက်ရုပ်နာမ် ဖြစ်တိုင်းဟန်
ဧကန်မှတ်သိမှု။
အလုပ် နေရာ ဣရိယာ
ချိန်ခါမရွေးရှု။
မနက်အိပ်ရာနိုးတဲ့အချိန်ကစပြီး အိပ်ပျော်သွားတဲ့
အချိန်ထိ အချိန်တိုင်းမှာ သတိကပ်ထားရင်
ဝိပဿနာ ဖြစ်ပါတယ်။
အိပ်ရာနိုးတဲ့အချိန်မှာ နိုးတယ်လို့ရှုမှတ်ပြီး တစ်နေ့တာအချိန်ကိုစတင်လိုက်ပါ
အဲဒီနောက် တစ်နေ့တာလုံးမြင်တဲ့အချိန်မှာ မြင်တယ်။
ကြားတဲ့အချိန်မှာ ကြားတယ်။
နံတဲ့အချိန်မှာ နံတယ်။
မွှေးတဲ့အချိန်မှာ မွှေးတယ်။
စားတဲ့အချိန်မှာ စားတယ်။
ထိတဲ့အချိန်မှာ ထိတယ်။
သိတဲ့အချိန်မှာ သိတယ် လို့ရှုမှတ်ပြီး တစ်နေ့တာ
အချိန်တွေကို ဖြတ်သန်းလွန်မြောက်ပါ..
ညအိပ်ရာဝင်တဲ့အချိန်ကျတော့ အိပ်တယ်လို့ရှုမှတ်ရင်း တစ်နေ့တာအချိန်ကို
အဆုံးသတ်လိုက်ပါ..
ဒီလိုဝိပဿနာအလုပ်ကို အချိန်ဆက်နိုင်သမျှဆက်အောင် အမြဲမပြတ်
ကြိုးပမ်းအားထုတ်သွားမယ်ဆိုရင် ပုထုဇဉ်ဘဝနဲ့ရှိနေသေးတယ်ပဲထားဦး ဝိပဿနာရဲ့
တန်ခိုးကြောင့် စိတ်ဓာတ်ရင့်ကျက်ခိုင်မာ နေတဲ့အတွက်
ဘယ်လိုပုံစံမျိုးနဲ့ချစ်ရတဲ့လူကိုမဆို
ဘယ်လိုပဲပုံစံနဲ့ပဲလမ်းခွဲရ လမ်းခွဲရ ဘယ်တော့မှဝမ်းမနည်းတော့ပါဘူး..
ခေတ္တခဏအခွဲ အခိုက်အတန့်အခွဲ ခပ်ကြာကြာအခွဲ အပြီးအပိုင်အခွဲ
ယာယီအခွဲ တာရှည်အခွဲ
ရှင်လျက်လမ်းခွဲ သေပြီးလမ်းခွဲ ဘယ်လမ်းခွဲမျိုးကိုမဆို အပြုံးမပျက်
ခံနိုင်ရည်ရှိသွားပါလိမ့်မယ်..
{ အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) }
No comments:
Post a Comment