Tuesday, August 5, 2014

တောဒေယျပုဏ္ဏားဘုရားလောင်း ဟုတ်မဟုတ်

     တောဒေယျပုဏ္ဏားဘုရားလောင်း ဟုတ်မဟုတ်

          တောဒေယျပုဏ္ဏား ဘုရားလောင်းဆိုတာ ဟုတ်မဟုတ်သိလိုပါတယ်တဲ့၊ ဟုတ်လား

          ဟုတ်ပါတယ် ဘုရား

          တောဒေယျအမည်နှင့် ပုဂ္ဂိုလ်နှစ်ဦး ရှိသကွယ့်၊တစ်ဦးက သုတ္တနိပါတ် ပါရာယနဝဂ်ကလာတဲ့ အသက် ၁၂--ရှည်တဲ့ ဗာဝရီပုဏ္ဏားကြီးရဲ့ တပည့် ဖြစ်တယ်၊ဗာဝရီပုဏ္ဏားကြီးဟာ လောကသုံးပါး၌ ဘုရားပွင့်တော်မူကြောင်း အကျိုးလိုလားတဲ့ နတ်ရဲ့ ထံကသတင်စကားကြားရတဲ့အတွက် တပည့်ပေါင်းများစွာထဲက ဝေဒကျမ်းတို့၌ ကမ်းတစ်ဖက်ရောက် တက်မြောက်ပြီးဖြစ်ကြတဲ့ -

          (၁) အဇိတ၊ (၂) တိဿမေတ္တယျ၊ (၃) ပုဏ္ဏက၊ (၄)မေတ္တဂူ၊ (၅) ဓောတက၊ (၆) ဥပသီဝ၊ (၇) နန္ဒ၊ (၈) ဟေမက၊ (၉)တောဒေယျ၊ (၁၀) ကပ္ပ၊ (၁၁) ဇတုကဏ္ဏီ၊(၁၂) ဘဒြဝုဒ၊ (၁၃) ဥဒယ၊ (၁၄) ပေါသာလ၊ (၅) မောဃရာဇ၊ (၁၆) ပိင်္ဂိယ တပည့်ကြီး တစ်ကျိပ်ခြောက်ယောက်တို့ကိုဘုရာဖူးစေလွှတ်ခဲ့တယ်။

          အဲဒီတပည့် တစ်ကျိပ်ခြောက်ယောက်ထဲက ကိုးယောက်မြောက်တပည့်ဟာ တောဒေယျဖြစ်တယ်၊ အဲဒီတောဒေယျက ဘုရားရှင်ကို လျှောက်တဲ့တောဒေယျပဥှာဆိုတာ စူဠနိဒ္ဒေသ၊၁၉၆-မှာရှိတယ်၊ သုတ္တနိပတ် ပါရာယနဝဂ်မှာလည်း တောဒေယျက မေးလျှောက်တဲ့ တောဒေယျမာဏဝပုစ္ဆာဆိုတာရှိတယ်၊ အဲဒီ တောဒေယျလုလင်ဟာ နောင်အခါ ရဟန္တာဖြစ်သွားတယ်၊ အပါဒါန်(ပ) ၄၁၉၊ မဟာသာဝက ရှစ်ကျိပ်ဝင်ဖြစ်တယ်။ (ထေရ၊ ဋ္ဌ၊ ၂၊ ၅၄၂၊ အံ၊ ဋီ၊ ၂၊ ၁၃၂)။

          ဒီ တောဒေယျထေရ်ဟာ ယခုအမေးမှာပါဝင်တဲ့ တောဒေယျပုဏ္ဏားမဟုတ်ပါဘူး၊ ဥပရိပဏ္ဏာသ အဋ္ဌကထာ၊ စူဠကမ္မဝိဘင်္ဂ သုတ္တဝဏ္ဏနာ (၁၅၇)ကလာတဲ့ တောဒေယျပုဏ္ဏားသည်သာယခုအမေးနဲ့ သက်ဆိုင်တဲ့ တောဒေယျပုဏ္ဏားဖြစ်တယ်၊ တောဒေယျဆိုတာ ပုဏ္ဏားကြီးရဲ့ နာမည်ရင်းမဟုတ်ဘူး၊ သာဝတ္ထိပြည်ရဲ့ အနီး တုဒီရွာကိုစားရတဲ့ တုဒီရွာစားကြီး ဖြစ်လို့ တောဒေယျလို့ခေါ်တာတဲ့၊ သူ့ရဲ့ နာမည်ရင်းကတော့ ဘယ်လိုဆိုတာ ဖွင့်ပြထားခြင်း မရှိဘူး။

          တောဒေယျပုဏ္ဏားဟာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတယ်၊ရွှေငွေပေါင်း ကုဋေရှစ်ဆယ် ရှိသတဲ့၊ ဒါပေမယ့် အလွန်နှမြောတွန့်တိုတယ်၊ အလှူပေးလျှင်ပစ္စည်းကုန်တယ်ရယ်လို့ ဘယ်သူ့ကိုမျှ မပေးလှူဘူး၊ သူ့ရဲ့ အဘိဓမ္မာကိုလည်း နားထောင်စမ်းပါဦး၊မျက်စဉ်းရည်တွေ အိုးနှင့်အပြည့် ထည့်ထားသော်လည်း တစက်ချင်း ခပ်တာနှင့် ကုန်သွားတက်တယ်၊ ခြများဟာ မြေမှုန့်အနည်းငယ်စုစည်းတာနှင့်တောင်ပို့ကြီး ဖြစ်တယ်၊ ပျားများဟာ အနည်းငယ်သော ပန်းဝတ်ရည်ကို စုပါများတော့ ပျားရည်တွေအများကြီးဖြစ်လာတယ်၊ ဒီသဘောကို ထောက်ရှုပြီး ပညာရှိပုဂ္ဂိုလ်ဟာ အနည်းငယ်သော်လည်း မပေးရဘူး၊ ပစ္စည်းကို တဖြည်းဖြည်းချင်း စုရမယ်တဲ့၊ဒါက တောဒေယျပုဏ္ဏားရဲ့ အဘိဓမ္မာပေါ့၊ သူ့အဘိဓမ္မာနှင့်သူတော့ သဘောကျပြီး အလှူဆို ဘာမှမပေးဘူး၊ တစ်ခြားပုဂ္ဂိုလ်ကို မဆိုထားနှင့်၊ ဘုရားရှင်ကိုသော်လည်း တစ်ဇွန်း တစ်ယောက်မမျှမလှူဖူးဘူး၊ အဲဒီလို ပစ္စည်းအပေါ် တပ်မက်လွန်းတဲ့ လောဘကြောင့် သေတော့ သူ့အိမ်မှာပင် ခွေးဖြစ်သတဲ့၊ဒီအကြောင်းကို အဋ္ဌကထာက ဃရေ သုနခေါ ဟုတွာ လို့ ဖွင့်ပြထားတယ်၊ တောဒေယျပုဏ္ဏားသေတော့ ခွေးဖြစ်တယ်၊ ခွေးဘဝက ဘာဖြစ်တယ်ဆိုတာက ကျမ်းများမှာ ဖော်ပြမထားဘူး။

          သောတတ္ထကီကျမ်း အာနန္ဒပုစ္ဆိတ ကထာမှာ အရှင်အာနန္ဒာကဘုရားရှင်ကို အရှင်ဘုရား-ယခုအခါ သတ္တယါတို့ရဲ့ အကျိုးစီးပွားကိုပြုတက်ကုန်တဲ့ ပါရမီဖြည့်ဆဲ ဘုရားအလောင်းတော်တွေ ရှိကြပါတယ်၊ မြတ်စွာဘုရား ဗျာဒိတ်ကြားအပ်ပြီးသောဘုရားအလောင်းတော်ပေါင်း မည်မျှရှိပါသလဲ လို့ မေးလျှောက်တဲ့အခါ၊ ဒီအခါ ဘုရားရှင်ကအာနန္ဒာ၊ နောင် ပွင့်လတ္တံ့သော ဘုရားလောင်းတွေဟာငါးရာ့တစ်ဆယ်(၅၁၀)ရှိတယ်၊ အစဉ်အတိုင်း ပွင့်ကြလိမ့်မယ်၊ ရှေးဦးစွာ အလောင်းတော် တစ်ကျိပ်တို့ပွင့်ကြလိမ့်မယ်၊ (၁) မေတ္တေယျ၊ (၂) ရာဓ၊ (၃) ကောသလ၊ (၄) အဘိဘူနတ်၊ (၅) ရာဟုအသူရိန်နတ်၊(၆) ဝင်္ကီပုဏ္ဏား။ (၇) သုဘလုလင်၊ (၈) တောဒေယျပုဏ္ဏား၊ (၉) နာဠာဂီရိဆင်၊ (၁၀)ပါလလေယျဆင်၊ဤတစ်ကျိပ်သော ဘုရားလောင်းများဟာ နောင်အါ အစဉ်အတိုင်း ပွင့်ကြလိမ့်မယ် လို့ ရှင်အာနန္ဒာကို မိန့်တော်မူကြောင်းပြဆိုထာတယ်။

          အနုငါးရာ ရင့်မှာ တစ်ကျိပ်ဆိုတာ ဒီစကားကလာတဲ့ စကားပဲ၊ သို့သော်လည်း သောတတ္ထကီကျမ်း အနာဂတဝင်ကျမ်းတို့ဆိုတာ သင်္ဂါယနာဝင် ကျမ်းကြီးတွေမဟုတ်ဘူး၊ ကျမ်းကြီးတွေ မဟုတ်လို့ အဆိုမခိုင်မာဘူး၊ ဒါကြောင့် တောဒေယျပုဏ္ဏား ဘုရားဖြစ်မယ်ဆိုတာဟာသောတတ္ထကီကျမ်း အနာဂတဝင်ကျမ်း အဆိုမျှသာ ဖြစ်တယ်၊ ဧကန် မှန်မမှန် မဆုံးနိုင်ဘူးလို့အဖြေပေးလိုက်ပါတယ်ကွယ်။


***ဆက်ရန်***
 ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ -  အမှတ်စဉ်(၁၀၈) - အမေးသုံးပါး (၃) ဘုရားအလောင်း အပါယ်ဘဝ ရောက်ဖူး မရောက်ဖူး
 
***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၃) (စာမျက်နှာ ၁၁၉- ၁၂၁)   မှ ကောက်နုတ်ပူဇော်ပါသည်။



"ထေရဝါဒ ရနံ့"   မှ ပြန်လည်ရေးသားပူဇော်ပါသည်။

No comments:

Post a Comment