ဘုရားအလောင်း အပါယ်ဘဝ ရောက်ဖူး မရောက်ဖူး
“တတိယအမေးက ဘာတဲ့လဲကွယ့်”
“တတိယအမေးက ဂေါတမဘုရားအလောင်းတော်ဟာနိယတဗျာဒိတ်ရပြီးတဲ့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း အပါယ်လေးပါး ကျရောက်ပါသေးသလားတဲ့ဘုရား”
“နိယတဗျာဒိတ်ပန်းဆင်မြန်းပြီးတဲ့ အလောင်းတော်ဟာ၁၈-ရပ်သော အဘဗ္ဗဋ္ဌာနမှာ မဖြစ်ဘူးလို့ သုတ္တနိပါတ် (ဋ္ဌ၊ ပ၊ ၄၅) ခဂ္ဂဝိသာဏသုတ် အဖွင့်မှာလာတယ်။
အလောင်းတော် ဖြစ်ထိုက်တဲ့ အဘဗ္ဗဋ္ဌာန ၁၈-ပါးဆိုတာက -
(၁) အမိဝမ်းတွင်းက ကန်းလာတဲ့ ဇစ္စန္ဓပုဂ္ဂိုလ်မဖြစ်ဘူး၊
(၂) အမိဝမ်းတွင်းက နားပင်းလာတဲ့ ဇစ္စဗဝိရပုဂ္ဂိုလ်မဖြစ်ဘူး၊
(၃) ရူးသွပ်သောသူ မဖြစ်ဘူး၊
(၄) စကားမပြောတက်တဲ့ သူအ မဖြစ်ဘူး၊
(၅) ဆွံ့သောသူ မဖြစ်ဘူး၊
(၆) တောတွင်းသား မိလက္ခူအမျိုးမှာ မဖြစ်ဘူး၊
(၇) ကျွန်မရဲ့ ဝမ်းမှာ မဖြစ်ဘူး၊
(၈) နိယတ မစ္ဆာဒိဋ္ဌိ မဖြစ်ဘူး၊
(၉) ယောက်ျားအဖြစ်မှ လိင်ပြန်ခြင်း မဖြစ်ဘူး၊
(၁၀) ပဉ္စာနန္တရိယကံ ကျူးလွန်သူမဖြစ်ဘူး၊
(၁၁) နူသောသူ မဖြစ်ဘူး၊
(၁၂) တိရစ္ဆာန်ဖြစ်သော်လည်း ငုံး၊ နှံစုတ်ငှက်အောက်ငယ်သော တိရစ္ဆာန် မဖြစ်ဘူး၊
(၁၃) ခုပ္ပိပါသိကပြိတ္တာ၊ နိဇ္ဈာမတဏှိတပြိတ္တာမျိုးမှာမဖြစ်ဘူး၊
(၁၄) ကာလကဥ္စိက အသုရာမျိုးမှာ မဖြစ်ဘူး၊
(၁၅) အဝီစိငရဲ၊ လောကန္တရိက ငရဲမှာ မဖြစ်ဘူး၊
(၁၆) ကာမာဝစရ နတ်မျိုးမှာလည်း မာရ်နတ် မဖြစ်ဘူး၊
(၁၇) အသညသတ်ဘုံ၊ သုဒ္ဓါဝါသဘုံ၊ အရူပဘုံမှာမဖြစ်ဘူး၊
(၁၈) တစ်ပါးသော စကြဝဠာတို့မှာ မဖြစ်ဘူး၊
ဒီ ၁၈-ဌာနဟာ နိယတဗျာဒတ်ရပြီးတဲ့ ဘုရားလောင်းတော်များမဖြစ်ထိုက်တဲ့
ဌာနတွေပဲကွယ်၊ ဒီဌာတွေထဲမှာ ဘုရားအလောင်းတော်ဟာ ငရဲတော့ကျသေးတယ်၊
ငရဲကျကြောင်းကိုတေမိဇာတ်မှာ ကြည့်လျှင် သိသာတယ်ကွယ့်”
“ဘယ်လို သိသာတာပါလဲဘုရား”
“သိသာပုံက
ဒီလိုကွယ့်၊ တေမိမင်းသားကိုဖွားမြင်ပြီး ထီးဖြူရိပ်မှာ သိပ်ထားတယ်၊
မင်းသားငယ်ဟာ မျက်စိဖွင့်ကြည့်လိုက်တော့ ထီးဖြူကိုမြင်တဲ့အတွက် ငါဟာ
မင်းမျိုးမှာ ဖြစ်တယ်လို့သိတယ်၊ ဒီမင်းမျိုးကို ဘယ်ဘဝက
လာဖြစ်တာလဲလို့ဇာတိဿရဉာဏ်ဖြင့် ထပ်ကြည့်လိုက်တော့ တာဝတိံသာနတ်ပြည်က
လာဖြစ်တာကို မြင်တယ်၊ တာဝတိံသာနတ်ပြည်ကိုဘယ်ဘဝကဖြစ်တာလဲကြည့်ပြန်တော့
ဥဿဒငရဲပြည်က ဖြစ်တာကို မြင်တယ်၊ ဥဿဒငရဲပြည်ကို
ဘယ်ကလာဖြစ်တာလဲလို့ကြည့်ပြန်တော့ ဗာရာဏသီပြည်မှာ နှစ်ပေါင်း
၂၀-မင်းပြုခဲ့တဲ့ဘဝက လာဖြစ်တာကို မြင်တယ်၊အဲဒါကြောင့် အလောင်းတော်ဟာ
နိယတျဗျာဒိတ်ရပြီး ဖြစ်သော်လည်း ငရဲတော့ ကျသေးတာပဲ၊ သို့သော်အဝီစိငရဲ၊
လောကန္တရဇ် ငရဲတော့ မကျဘူးလို့မှတ်ရမယ်၊ တိရစ္ဆာန်ဘဝမှာ ငုံးအောက်၊
နှံစုပ်ငှက်အောက်ငယ်တဲ့ တိရစ္ဆာန်တော့ မဖြစ်ဘူး၊ အခြားတိရစ္ဆာန်ဘဝမှာတော့
အများအပြားဖြစ်ပါတယ်၊ ဘုရားအလောင်းတိရစ္ဆာန်ဖြစ်ပုံကို ၅၅၀-နိပါတ်မှာ
အများအပြား ပြထားပါတယ်၊ ပြိတ္တာကလည်း သာသနာတော်ဝင် ကျမ်းအလိုအားဖြင့်
လေးမျိုးရှိတယ်၊
လေးမျိုးဆိုတာ -
(၁) ပရဒတ္တူပဇီဝိတပြိတ္တာ = သူတစ်ပါးကိုမှီပြီးအသက်မွေးရတဲ့ ပြိတ္တာမျိုး၊
(၂) ခုပ္ပိပါသပြိတ္တာ = မစားရ မသောက်ရ အမြဲငတ်မွတ်ဆာလောင်နေတဲ့ ပြိတ္တာမျိုး၊
(၃) နိဇ္ဈာမတဏှိကပြိတ္တာ = ခန္ဓာကိုယ် ပူလောင်ခြင်းခံနေရတဲ့ပြိတ္တာမျိုး၊
(၄) ကာလကဥ္စိကပြိတ္တာ = အသုရကာယ်မျိုး ဖြစ်တဲ့ပြိတ္တာ၊
တို့ ဖြစ်ကြတယ်၊ ဒီပြိတ္တာလေးမျိုးထဲက
ပရဒတ္တူပဇီဝိတပြိတ္တာမျိုးတော့ဘုရားအလောင်း ဖြစ်သေးတယ်၊ ကျန်တဲ့
ပြိတ္တာမျိုးတော့ မဖြစ်ဘူး”
“ကာလကဥ္ဇိကပြိတ္တာ ဆိုတာ ဘယ်လို ပြိတ္တာမျိုးလဲဘုရား”
“ကာလကဥ္စိကပြိတ္တာ
ဆိုတာ အသူရကာယ်မျိုးဖြစ်တဲ့ ပြိတ္တာကြီးတဲ့၊ အဲဒီပြိတ္တာကြီးရဲ့
ပုံသဏ္ဌာန်ကို သုတ်ပါထိက (ဋ္ဌ၊၅) မှာ ဒီလိုဖွင့်ပြထားတယ်၊ ကာလကဥ္ဇိကအသူရကာယ်ဟာ
ခန္ဓာကိုယ် သုံးဂါဝုတ်လောက် ကြီးတယ်၊ အသားအသွေးနည်းပါးတယ်၊ဖက်ရွက်လျော်နှင့်
တူတယ်၊ ပုဇွန်မျက်စိလို မျက်စိဟာ ထွက်ပြီး ဦးထိပ်မှာ တည်တယ်၊
ခံတွင်းကလည်းအပ်နဖားမျှလောက်သာရှိပြီး ဦးထိပ်မှာပဲ တည်တယ်တဲ့။
ခန္ဓဝဂ္ဂသံယုတ် (ဋ္ဌ၊ ၂၆၇-၂၆၈)မှာ ဖွင့်ပြထားတာကကာလကဥ္စိက အသူရကာယ်တစ်ဦးဟာ
ရေငတ်မွတ်တဲ့ဒဏ်ကို သည်းမခံနိုင်တော့တဲ့အတွက် တစ်ယူဇနာလောက်နက်ပြီး
တစ်ယူဇနာလောက် အပြောကျယ်တဲ့ ဂင်္ဂါမြစ်ကြီးအတွင်း ဆင်းသတဲ့၊ အသူရကာယ်ကြီး
ရောက်တဲ့နေရာမှာရေပြတ်သွားပြီး မီးခိုးတွေထွက်သတဲ့၊
အလွန်ပူပြင်းတဲ့ကျောက်ဖျာအပေါ် စင်္ကြံသွားနေသလို ဖြစ်နေသတဲ့၊
တဝေါဝေါစီးနေတဲ့ ရေသံကိုတော့ နားကကြားနေရတယ်၊ရေသံကြားလို့ ရေကိုရှာရင်း
မိုးလင်းလာသတဲ့၊ မိုးလင်းတဲ့အချိန်မှာ ရဟန်းတော်
သုံးကျိပ်တို့ဟာသပိတ်ပိုက်ပြီး ဆွမ်းခံကြွတော်မူလာကြတယ်၊
ဂင်္ဂါမြစ်ကမ်းပါးမှာ ကြောက်စရာအကောင်ကြီးကိုမြင်ကြတော့ ရဟန်းတော်များက သင်
ဘယ်သူတုန်းလို့ မေးကြသတဲ့၊ တပည့်တော် ပြိတ္တာပါဘုရားလို့လျှောက်ထားတော့
ရဟန်းတော်များက သင် ဘာရှာနေသလဲလို့ မေးကြသတဲ့၊ တပည့်တော်
ရေသောက်ချင်လွန်းလို့ရေရှာတာပါဘုရားလို့ လျှောက်ထားတော့ ရဟန်းတော်များက
ဒါဟာ ရေပြည့်လျှံနေတဲ့ ဂင်္ဂါမြစ်ကြီးကပဲ၊ သင်ဘာကြောင့် မမြင်သလဲလို့
မေးကြသတဲ့၊ ပြိတ္တာကြီးကတပည့်တော် ဘယ်လိုမျှ ရေကို
မမြင်မတွေ့ရပါဘူးဘုရားလို့ လျှောက်ထားတော့ ရဟန်းတော်များကဒီလိုဆိုလျှင်
ဒီဂင်္ဂါမြစ်ကမ်းမှာ သင် ပက်လက်အိပ်ပေတော့၊ သင့်ခံတွင်းထဲ ငါတို့
ရေလောင်းထည့်ကြမယ်လို့ပြောပြီး ပြိတ္တာကြီးကို ပက်လက်အိပ်စေကြတယ်၊ ရဟန်းတော်
သုံးကျိပ်တို့ဟာ သပိတ်များနှင့်ဂင်္ဂါရေကို ခပ်ယူကြပြီး ပြိတ္တာကြီးရဲ့
ခံတွင်းထဲလောင်းထည့်ကြတယ်၊ လောင်းရင်း
လောင်းရင်းနှင့်ပင်မိုးစင်စင်လင်းလာတယ်။
ဒီအခါ ရဟန်းတော်များက ငါတို့ဆွမ်းခံချိန်ရောက်နေပြီ၊ သွားကြဦးမယ်၊
ဘယ့်နှယ်လဲ၊ သင် သက်သာရာများ ရရဲ့လားလို့ မေးကြသတဲ့၊ ဒီတော့ပြိတ္တာကြီးက
အရှင်ဘုရားများ သွန်းလောင်းတဲ့ရေ တစ်လက်ဖက်ဝက်မျှလည်ချောင်းသို့
ဝင်ခဲ့ပါလျှင်ပြိတ္တာဘဝက မကျွတ်ဘဲရှိပါစေလို့ ကျိန်ပြောရှာသတဲ့၊ အဲဒီလို
စားချင်လျက် မစားရ၊ သောက်ချင်လျက်မသောက်ရ၊ အကုသိုလ်ကံဆိုးကြီးရဲ့
အနှိပ်စက်ခံနေရတဲ့ ပြိတ္တာမျိုးကြီးကို ကာလကဉ္စိက အသုရကာယ်မျိုးလို့ခေါ်သတဲ့၊
ဘုရားအလောင်းတော်ဟာ အခြားပြိတ္တာမျိုးတော့ ဖြစ်တက်ပါတယ်၊ ဒါပေမယ့်
ခုပ္ပိပါသပြိတ္တာ၊နိဇ္ဈမတဏှိကပြိတ္တာ၊ ကာလကဉ္စိက အသုရာမျိုးတော့ မဖြစ်ဘူးလို့
မှတ်သင့်တာပေါ့ကွယ်”။
“သာဓု - သာဓု - သာဓု”
(စာမျက်နှာ-- ၁၂၂-၁၂၅)
ဆက် - ဟာအာရလေးပါး
***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၀၉) - ဟာအာရလေးပါး
***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၃) (စာမျက်နှာ ၁၂၂- ၁၂၅) မှ ကောက်နုတ်ပူဇော်ပါသည်။
"ထေရဝါဒ ရနံ့" မှ ပြန်လည်ရေးသားပူဇော်ပါသည်။
No comments:
Post a Comment