Monday, January 13, 2014

သူမြင်းစီးတိုင်း ကိုယ်လှေမစီးပါနဲ့

သူမြင်းစီးတိုင်း ကိုယ်လှေမစီးပါနဲ့
******************************
(အချစ်နှင့် ဝိပဿနာ [၄] )

ရှေ့ဆောင်းပါးမှာ အိမ်ထောင်ရေး အဆင်မပြေရင် တရားနဲ့ကွာမနေပါနဲ့လို့ ပြောခဲ့ပါတယ်။
ပြည့်စုံသွားအောင် သင်္ဂဇာ ဆရာတော်ဘုရားကြီးရဲ့ သြဝါဒပုံဝတ္တုလေးနဲ့ နည်းနည်းလောက် ချဲ့ပြောလိုက်ပါရစေဦး။
အဆင်မပြေဖြစ်ပြီဆိုရင် တရားနဲ့ကွာမနေဖို့ သိပ်အရေးကြီးပါတယ်။
တကယ်လို့ ကိုယ်က တရားနဲ့ကွာသွားပြီဆိုရင် ကိုယ်ပဲနစ်နာရတော့မှာပါ။
ဒါနဲ့ပတ်သက်ပြီး သင်္ဂဇာ ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမလေးကို ပြန်ပြောပြရအောင်ပါ။

သင်္ဂဇာ ဆရာတော်ဘုရားကြီးဆိုတာ ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီးလက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ဘုရားပါ။
အားလုံးသိကြတဲ့အတိုင်း မင်းတုန်းမင်းကြီးမှာ မိဖုရား မောင်းမမိဿာတွေ အများကြီးရှိသလို ညီတော် ကနောင်မင်းသားက မောင်းမမိဿာတွေများတော့ လှိုင်ထိပ်ခေါင်တင်ဆီ သိပ်မလာတော့ပါဘူး။ ဒီတော့ လှိုင်ထိပ်ခေါင်တင်က ခံစားရတော့တယ်။ တစ်ခါမှာတော့ ဓားထုတ်ပြီးတောင် ကြိမ်းဖူးတယ်လို့ ဖတ်ရဖူးပါတယ်။
လှိုင်ထိပ်ခေါင်တင်မင်းသမီးက သူ့ဆီ ကနောင်မင်းသားမလာဘဲ မောင်းမမိဿာတွေဆီပဲ သွားနေတော့ သင်္ဂဇာ ဆရာတော်ဘုရားကို နန်းတော်ပင့်ပြီး ဆွမ်းကပ်ပါတယ်။ ဆွမ်းကပ်ပြီးတော့ လှိုင်ထိပ်ခေါင်တင်မင်းသမီးက----

`` ဆရာတော်ဘုရား၊ မောင်တော် အိမ်ရှေ့မင်းသားဟာ မောင်းမအငယ်အနှောင်းတွေနဲ့ပဲ အချိန်ကုန်နေပါတယ်ဘုရား၊ ဒီလို အပြုအမှုမျိုးဟာ မိန်းမတွေမှာပဲ အပြစ်ရှိနေသလို၊ ယောက်ျားတွေမှာ အပြစ်မရှိသလိုမျိုး လုပ်နေပါတယ် ဘုရား၊ ဆရာတော်ဘုရား တပည့်ကို ဆုံးမပေးပါဦးဘုရား ´´ လို့ လျှောက်ပါတယ်။
လှိုင်ထိပ်ခေါင်တင်မင်းသမီးက စကားလုံးမရိုင်းအောင်သာ လျှောက်နေရတာ အမှန်လျှောက်ချင်တာကတော့ `` တပည့်တော်နဲ့ အဆင်မပြေဘူးဘုရား၊ မောင်းမမိဿာတွေဆီပဲ သွားနေတယ်ဘုရား ´´ လို့ လျှောက်ပြချင်ပုံ ရပါတယ်။ ဆရာတော်ဘုရားကလည်း ဒါကိုရိပ်မိပုံ ပေါ်ပါတယ်။
ဒီတော့ သင်္ဂဇာ ဆရာတော်ဘုရားက----
`` အိမ်ရှေ့မိဖုရားကို ပြောရဦးမယ်၊ တစ်ဖက်သားရဲ့ အကုသိုလ်ကိုပြိုင်ပြီးများ မကျင့်လိုက်လေနဲ့၊ ကရင်မိုက်လှေစီးသလို ဖြစ်နေလိမ့်မယ် ´´ လို့ မိန့်လိုက်ပါတယ်။
လှိုင်ထိပ်ခေါင်တင်ကလည်း `` ဆရာတော်ဘုရား ရှင်းပြပါဦးဘုရား ´´ လို့ ပြန်လျှောက်လိုက်ပါတယ်။
ဒီတော့မှ သင်္ဂဇာဆရာတော်ဘုရားက ပုံဝတ္တုလေးနဲ့ အကျယ်ရှင်းပြပါတယ်။

`` တစ်ခါတုန်းက ကရင်တစ်ယောက်ဟာ မြန်မာမိတ်ဆွေ တစ်ယောက်ဆီကို မြင်းစီးပြီး အိမ်လည်သွားတယ်၊ မြန်မာမိတ်ဆွေ အိမ်ရောက်တော့ မြန်မာမိတ်ဆွေက ကရင်မိတ်ဆွေရဲ့ မြင်းကြီးကိုကြည့်ပြီး `` ကျွန်တော် စီးကြည့်ချင်တယ်ဗျာ ´´ လို့ပြောတယ်၊ ကရင်မိတ်ဆွေကလည်း စီးပေါ့။ မြန်မာမိတ်ဆွေကလည်း ဟိုဘက်ရွာထိပ် ဒီဘက်ရွာထိပ် အပြန်ပြန်အလှန်လှန် စီးလိုက်တာ မြင်းခမျာ ဖတ်ဖတ်ကိုမောရောတဲ့။
ကရင်မိတ်ဆွေက သူ့မြင်း မောနေတာကိုကြည့်ပြီး `` ဒင်းကိုလည်း ငါလက်စားပြန်ချေမှပဲ ´´ ဆိုပြီး မြန်မာမိတ်ဆွေဆီမှာရှိတဲ့ လှေကို ဟိုဘက်ကမ်း ဒီဘက်ကမ်း အပြန်ပြန်အလှန်လှန် စီးပစ်လိုက်တယ်တဲ့။
အားရအောင်စီးပြီး လှေကမမောဘဲ ကိုယ်တိုင်ပဲ မောနေရတာဆိုတော့ ကရင်မိတ်ဆွေက ဘာပြောသလဲဆိုတော့ `` နင့်ကို လက်စားချေတာ ငါပဲ မောရတယ် ´´ လို့ ပြန်ပြောလိုက်တယ်တဲ့။
ဒီအတိုင်းပဲ အိမ်ရှေ့မိဖုရားရေ အိမ့်ရှေ့မင်းမြင်းစီး များနေတာကို နင်ကပြန်လက်စားချေမယ်ဆိုပြီး လှေများသွားမစီးလိုက်နဲ့ ကိုယ်ပဲ မောရလိမ့်မယ် ´´ လို့ မိန့်ကြားလိုက်ပါတယ်။

သင်္ဂဇာ ဆရာတော်ဘုရားရဲ့ စကားပုံတရားလေးကို နာကြားပြီး အိမ်ရှေ့မိဖုရားကော ကျန်တဲ့အခြွေအရံ ပရိသတ်ပါ တသောသောရယ်ရင်း ကျေနပ်သွားကြပါသတဲ့။

သင်္ဂဇာ ဆရာတော်ဘုရားရဲ့ ဆိုလိုချက်က အိုးပဲ့နဲ့ စလောင်းရွဲပုံစံမျိုး သူခြေလှမ်းပျက်တိုင်း ကိုယ်ကလိုက်မပျက်နဲ့၊ သူ ဖောက်ပြန်တိုင်း ကိုယ်က လိုက်မဖောက်ပြန်နဲ့လို့ ဆိုလိုတာပါ။ အဓိကကတော့ သူတစ်ပါး အကုသိုလ်ကို ကိုယ်ကပြိုင်ပြီး မကျင့်လိုက်ဖို့ပါပဲ၊ ဆရာတော်ဘုရား စကားနဲ့ ပြောရရင် သူမြင်းစီးများတာကို ကိုယ်ကပြိုင်ပြီး လှေမစီးလိုက်ဖို့ပါဘဲ။ ကိုယ်ကပြန်ရွဲ့ရင် ကိုယ်ပဲနစ်နာရမှာပါ။
ဒါကအချစ်နဲ့ ပတ်သက်လို့ အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက် ပြောတာပါ။
လောကမှာ အချစ်နဲ့ပတ်သက်လို့ အဆင်မပြေတဲ့ သူတွေရှိနေသလို အဆင်ပြေနေတဲ့ သူတွေလည်း ရှိနေကြတာပါ။
အဆင်ပြေတယ်ဆိုတာ ကောင်းတာပါပဲ။ ဒါပေမယ့် ကိုယ့်ဇနီး ကိုယ့်ခင်ပွန်းကို သေခါနီးအထိ သံယောဇဉ် ရှိနေတာတော့ မကောင်းပါဘူး။ သေခါနီးပြီဆိုရင် သေဖို့လည်းသိနေပြီဆိုရင် သံယောဇဉ်အားလုံးကိုဖြတ်ပြီး ကိုယ်နဲ့ သပ္ပါယသင့်တဲ့ တရားလေး တစ်ခုခုကို နှလုံးသွင်းနေရမှာပါ။
အဲဒီလို မဟုတ်ဘဲ သံယောဇဉ်စိတ်၊ စွဲလမ်းစိတ်နဲ့ သေသွားရင် မကောင်းတဲ့ ဂတိတစ်ခုခုကို ရောက်သွားနိုင်ပါတယ်၊ ရောက်သွားတဲ့ သာဓကတွေလည်း စာထဲမှာ အများကြီးတွေ့ရပါတယ်။
ပေတဝတ္တုထဲက အကြောင်းလေး နည်းနည်းလောက် ပြောပြရအောင်ပါ။

မြတ်စွာဘုရားရှင် လက်ထက်တော်က သဌေးသား လင်မယားနှစ်ယောက် ရှိပါတယ်။ သူတို့ဟာ ဘာမှမလုပ်ဘဲ ထိုင်စားနေလိုက်ကြတာ နောက်ဆုံး တောင်းစားရတဲ့ ဘဝ၊ သူခိုးတွေနဲ့ သွားပေါင်းရတဲ့ ဘဝအထိ ရောက်သွားပါတယ်။
တစ်နေ့မှာ အိမ်တစ်အိမ် သွားခိုးတော့ သဌေးသားကို မိပါတယ်။ ဒီတော့ ထုံးစံအတိုင်း သေမိန့်ကျပြီး လူသတ်ကုန်းကို ကြိုးတုပ်ခေါ်လာပါတယ်။
ဒါကို သုလသာပြည့်တန်ဆာမက တွေ့သွားပြီး အတိတ်ရေစက် တစ်ခုကြောင့်ပဲ ရေနဲ့ကတွတ်မုန့်ကို သွားပေးပါတယ်။
သဌေးသားသူခိုးလည်း အရှင်မဟာမောဂ္ဂလာန် ကြွလာတာနဲ့ ရေနဲ့ကတွတ်မုန့်ကို မစားတော့ဘဲ အရှင်မဟာမောဂ္ဂလာန်ကိုပဲ သဒ္ဓါထက်သန်စွာနဲ့ လှူလိုက်ပါတယ်။
ဒါပေမယ့် သူ့ကို ဦးခေါင်းဖြတ်သတ်တော့ သုလသာပြည့်တန်ဆာမကိုပဲ စွဲလမ်းစိတ်နဲ့ သေသွားပါတယ်။
စာထဲမှာတော့ အရှင်မဟာမောဂ္ဂလာန်ကို လှူလိုက်ရတဲ့ ကုသိုလ် ကောင်းမှုကြောင့် ဒီကောင်းမှုကို အာရုံပြုပြီးသေရင် နတ်ပြည်ခြောက်ထပ်မှာ ဖြစ်ရမှာပါတဲ့။ ဒါပေမယ့် သုလသာပြည့်တန်ဆာမကိုပဲ စွဲလမ်းစိတ်နဲ့ သေသွားရတဲ့အတွက် ညောင်ပင်ကြီးတစ်ပင်မှာ ရုက္ခစိုးနတ်ပဲ ဖြစ်သွားရရှာပါတယ်တဲ့။ ရုက္ခစိုးနတ်ဆိုပေမယ့်လည်း တန်ခိုးကြီးတဲ့နတ်ပါ။
ရုက္ခစိုးနတ်က သုလသာကို တန်ခိုးနဲ့ခေါ်ပြီး ခုနှစ်ရက် ပေါင်းသင်းနေပါသေးတယ်၊ နောက်မှ သုလသာရဲ့အမေက လိုက်ရှာနေတဲ့အတွက် မြတ်စွာဘုရား တရားဟောနေတဲ့ ပရိသတ်အစွန်နားကို ပြန်ပို့ပေးလိုက်တာပါ။
စွဲလန်းစိတ်ဟာ တမလွန်အတွက် ဆိုးကျိုးပဲ ဖြစ်စေတာ အမှန်ပါပဲ။

ဇနီးခင်ပွန်းတွေဟာ တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ့ ပေါင်းလာရတယ်ဆိုတော့ သံယောဇဉ်စိတ်၊ စွဲလန်းစိတ်ကတော့ ရှိနေကြမှာပါပဲ။ ဒါပေမယ့် သေခါနီးပြီဆိုရင်တော့ ကိုယ့်ရဲ့ သံယောဇဉ်စိတ်၊ စွဲလမ်းစိတ်တွေကို ဖြတ်ချထားပြီး ကိုယ်လေ့ကျက်ခဲ့တဲ့ တရားလေးကိုသာ နှလုံးသွင်းနေရမှာပါ။
တကယ်လို့ သံယောဇဉ်စိတ်၊ စွဲလမ်းစိတ်နဲ့ သေသွားလို့ မကောင်းတဲ့ဂတိကို ရောက်သွားတယ်ဆိုပါစို့။
မကောင်းတဲ့ဂတိကို ရောက်သွားပြီဆိုရင် ကိုယ့်အတွက်လည်း အကျိုးမရှိ၊ ကျန်ခဲ့တဲ့ မိသားစုအတွက်လည်း အကျိုးမရှိဖြစ်ရတာပါ။ မကျွတ်ခဲ့လို့ ဆွမ်းသွတ် ပေးပေးနေရတော့ ကျန်ခဲ့တဲ့ မိသားစုမှာလည်း စိတ်မကောင်း ဖြစ်ဖြစ်နေရသလို သေသွားတဲ့သူကလည်း တမလွန်ကနေကြည့်ပြီး အပြန်အလှန် စိတ်မကောင်း ဖြစ်နေကြရမှာပါ။ စွဲလမ်းစိတ်ဟာ သေသူအတွက်လည်း အကျိုးမရှိ၊ ရှင်နေသူအတွက်လည်း အကျိုးမရှိဖြစ်ရတာပါ။ သေသွားတဲ့သူ ကောင်းတဲ့ဂတိ ရောက်သွားတယ်ဆိုရင် ကျန်ခဲ့တဲ့ သူတွေလည်း ဝမ်းမြောက်ရမှာပါ။ ကိုယ်က ဒီအကျိုး အပြစ်ကလေးတွေကို သဘောပေါက်ထားဖို့ပါပဲ။
အဓိကကတော့ သေခါနီးပြီဆိုရင် အချစ်တွေကို ရပ်ချထားလိုက်ရတော့မှာပါ။ ကိုယ့်တရားလေးကိုပဲ ကိုယ်အာရုံပြုနေရမှာပါ။
ကိုယ်ပြုခဲ့တဲ့ဒါနကိုပဲ အာရုံပြုပြု၊ ကိုယ်ဆောက်တည်ခဲ့တဲ့ သီလကိုပဲ အာရုံပြုပြု၊ ကိုယ်ပွားခဲ့တဲ့ သမထကမ္မဋ္ဌာန်း တစ်ခုခုကိုပဲ အာရုံပြုပြု၊ ဝိပဿနာတရားကိုပဲ အာရုံပြုပြု ကိုယ်နှစ်သက်ရာကို အာရုံပြုနေရမှာပါ။ အကောင်းဆုံးကတော့ ဝိပဿနာတရားကို အာရုံပြုနေတာတော့ အကောင်းဆုံးပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဝိပဿနာတရားကတော့ အဆင့်အမြင့်ဆုံး ကုသိုလ် ဖြစ်နေလို့ပါ။

ဘာပဲပြောပြော ရေးနေတဲ့ခေါင်းစဉ်အတိုင်း ပြောရရင် အချစ်နဲ့မသေဘဲ ဝိပဿနာနဲ့ သေလိုက်ဖို့ပါပဲလေ။

အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ) —

ဖေ့စ်ဘွတ်ပေါ်မှ ကိုလှိုင်တိုးမျှဝေထားသော ဓမ္မအား ပြန်လည်မျှဝေ ပေးခြင်းဖြစ်ပါသည်။

No comments:

Post a Comment