Tuesday, January 28, 2014

မေမေ့ကို ပိုချိုတာပေးမယ်

မေမေ့ကို ပိုချိုတာပေးမယ်
==============တစ်ခါတုန်းက ငါးနှစ်အရွယ် သားငယ်တစ်ယောက်နဲ့ မိခင်ဖြစ်သူတို့ဟာစကားပြောနေကြတယ် ။ မိခင်ဖြစ်သူက သားဖြစ်သူကိုပြောတယ် ။
“ သား မေမေတို့ မေမေတို့ ဟိုးအဝေးကြီးကို သွားလည်ကြတယ်ဆိုပါစို့ အဲဒီအချိန်မှာ နေကအရမ်းပူပြီး ရေကလည်းအရမ်းငတ်နေတဲ့အချိန်ရေဘူးကလည်းမပါဘူးဆိုပါစို့ .. ဒါပေမယ့် သားရဲ့လွယ်အိတ်လေးထဲမှာ ပန်းသီး နှစ်လုံးပါခဲ့မယ်ဆိုရင်သားဘာလုပ်မလဲ ”
သားဖြစ်သူကတခန ကြာလောက်စဉ်းစားပြီါ်ပြန်ဖြေတယ် ။ “ ပန်းသီး နှစ်လုံးစလုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ် ” တဲ့ ..။

သားဖြစ်သူရဲ့အဖြေကြောင့် မိခင်ဖြစ်သူက စိတ်မကောင်းဖြစ်သွားတယ် ။ မိခင်က သားဖြစ်သူကို အပြစ်တင်ပြီး ပန်းသီး နှစ်လုံးကို တစ်ယောက်တစ်လုံးစီ စားသင့်ကြောင်း ဆုံးမဖို့ စဉ်းစားတယ် ။ ဒါပေမယ့် သူ ရုတ်တရက်စိတ်ပြောင်းသွားပြီး သားဖြစ်သူကို ရင်ခွင်ထဲမှီစေပြီး ဦးခေါင်းကိုပွတ်သပ်လို့ စကားပြောတယ် ။ ဘာလို့သားကလေး က ဒီလိုစကားပြောရတာလဲ သူသိချင်နေမိတယ် ။
“ သား ..ဘာဖြစ်လို့ အဲဒီလို စဉ်းစားပြီးပြောရတယ်ဆိုတာ မေမေ့ကိုပြောပြပါလား ”
သားဖြစ်သူက မိခင်ကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ပြန်ဖြေရှာတယ် ။ “ ဟို ... သားက ပန်းသီးနှစ်လုံးလုံးကို တစ်ကိုက်စီကိုက်ကြည့်ပြီး အချိုဆုံး အလုံးကို မေမေ့ကို ပေးမလို့ပါ ”
မိခင်ရဲ့မျက်လုံးတွေထဲမှာ ၀မ်းသာတဲ့မျက်ရည်တွေ စီးဆင်းလာခဲ့ရတယ် ။
====================
ယုံကြည်ပြီးခွင့်လွှတ်တတ်တဲ့စိတ်နဲ့ဆက်ဆံလိုက်ခြင်းဟာ နှစ်သိမ့်ဖွယ်အဖြေကိုရစေပါတယ် ။ အကယ်၍ သာ တခြားမိဘတွေလို သားငယ်ကို ဆူပူပြီးဆုံးမလို့ကတော့ သားငယ်ဆီကနေ ဒီလိုရိုးသားတဲ့အဖြေကိုရမှာမဟုတ်ပါဘူး ။ တစ်ဖက်လူရဲ့စကားကို ဆုံးအောင်ပြောခွင့်ပေးလိုက်တာဟာ အကောင်းဆုံးယုံကြည်ခွှင့်လွှတ်လိုက်ခြင်းဖြစ်ပြီး ရိုးသားမှုကို ဖော်ထုတ်နိုင်စေပါတယ် ။
သက်တန့်ချို

သူခိုး

သူခိုး

တခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဥာဏ်အမြော်အမြင်နဲ့ပြည့်စုံတဲ့ဘုရင်ကြီးတစ်ဦးရှိတယ် ။ သူခိုးတွေ ထကြွသောင်းကြမ်းတဲ့သူ့တိုင်းပြည်မှာ ဘုရင်ကြီးက ဥပဒေတစ်ရပ်ထုတ်ထားတယ် ။ အဲဒါကတော့ ခိုးတဲ့လူတွေကို ဖမ်းမိရင် ပြန်လွှတ်ပေးပြီး ခိုးရာပါ ပစ္စည်းလက်ခံတဲ့သူကိုဖမ်းမိရင် သတ်ပစ်ခြင်းပဲဖြစ်ပါတယ် ။
ဒီတော့ တိုင်းသူပြည်သားတွေက ဘုရင်ကြီးကို အပြစ်တကယ်ရှိတဲ့သူခိုးကိုသာ သေဒါဏ်ပေးသင့်ပါတယ်ဆိုပြီး အသနားခံလျှောက်ထားကြသတဲ့ ။ ဘု...ရင်ကြီးက တစ်နေ့တော့ တိုင်းသူပြည်သားအားလုံးကို စုဝေးစေလိုက်တယ် ။ ပြီးတော့ ကြွက်တွေကို လယ်ကွင်းပြင်ဆီသယ်လာခိုင်းပါတယ် ။
ကြွက်တွေရှေ့မှာ အစားအစာတွေချပေးလိုက်တယ် ။ ဒီတော့ ကြွက်တွေဟာ အစာတွေကို အလုအယက်ပဲ ယူဆောင်ပြီး သူတို့ တွင်းရှိဘက်ကို ပြေးသွားကြပါတော့တယ် ။ ဒီလိုနဲ့နောက်တစ်ရက်မှာလည်း ဘုရင်ကြီးက လူတွေကိုစုစည်းစေပြီး မနေ့ကအတိုင်းကြွက်တွေကိုလွင်ပြင်မှာ လာချခိုင်းပါတယ် ။ အစားအစာတွေကိုလည်းမနေ့ကလိုပဲ ကြွက်တွေရှေ့မှာ ချထားခိုင်းပါတယ် ။
ဒါပေမယ့် ကြွက်တွင်းတွေကိုတော့ ပိတ်ထားစေပါတယ် ။ ကြွက်တွေဟာ ထုံးစံအတိုင်းအစာတွေကို အလုအယက်ကိုက်ချီပြီး ကြွက်တွင်းတွေဆီပြေးကြတယ် ။ ဒါပေမယ့် တွင်းတွေပိတ်ထားတာတွေ့တော့ သူတို့ယူသွားတဲ့အစာတွေကို ပြန်သယ်ဆောင်လာကြတာကိုတွေ့လိုက်ရတယ် ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သူခိုးလက်ခံရှိမှ သူခိုးဆိုတာဖြစ်လာရတယ်
ကောင်းမှုမကောင်းမှုဆိုတာကလည်းလက်ခံနိုင်စွမ်းရှိတဲ့အသိဥာဏ်ပေါ်မှာပဲမူတည်ပါတယ်
သင်လက်ခံနိုင်သလောက် သင့်ဆီကို ကောင်းတာရော မကောင်းတာရော လာနေမှာပါ
သင်က ဘယ်ဝင်ပေါက်ကို ပိတ်ထားမလဲဆိုတာကသာအရေးကြီးပါတယ် 


သက်တန့်ချို

၃၀ စက္ကန့်သာကြာသော မိန့်ခွန်း

ကိုကာကိုလာ ကုမ္ပဏီ စီအီးအို၏ ၃၀ စက္ကန့်သာကြာသော မိန့်ခွန်း ********************************************

ဘဝကို လေပေါ်မှာ ဘောလုံး (၅)ခု မကျအောင် ထိန်းနေရတဲ့ ဂိမ်းတစ်ခုလို့ ယူဆပါ။

ယင်းဘောလုံး (၅)ခုကတော့ .....

၁။ အလုပ်
၂။ မိသားစု
၃။ ကျန်းမာရေး
၎။ သူငယ်ချင်း
၅။ စိတ်ဓာတ် တို့ ဖြစ်ပါတယ်။

အလုပ်ဆိုတဲ့ ဘောလုံးဟာ ရာဘာဘောလုံး နဲ့တူတယ်ဆိုတာကို သင်တစ်နေ့နားလည်လာပါလိမ့်မယ်။ သူဟာ မတော်လို့လွတ်ကျခဲ့ရင် ယင်းအားကြောင့် ပြန်လည်ခုန်တက်လာပါတယ်။

ကျန်တဲ့ ဘောလုံး(၄)ခုဖြစ်တဲ့ မိသားစု၊ ကျန်းမာရေး၊ သူငယ်ချင်း၊ စိတ်ဓာတ် စတာတွေကတော့ ဖန်ဘောလုံးနဲ့တူပါတယ်။ လွတ်ချလိုက်မိပြီဆိုရင် ထိမယ်၊ ရှမယ်၊ ကွဲမယ်၊ ပျက်ဆီးမယ်။ သူတို့ဟာ အမြဲတမ်းတူညီနေတော့မှာ မဟုတ်ပါဘူး။ သင်ဒါတွေကိုနားလည်းထား ရပါမယ်။

အလုပ်လုပ်ချိန်မှာ ကြိုးကြိုးစားစားလုပ်ပါ။ ပြီးတဲ့အခါမှာ ထားခဲ့ပါ။ ကျန်တဲ့အချိန်တွေကို မိသားစု၊ မိတ်ဆွေ၊ ကျန်းမာရေး နဲ့ သင့်တင့်မျှတတဲ့ အနားယူအပန်းဖြေမှုမျိုးများအတွက် အချိန်ပေးပါ။

တန်ဖိုးသိမှ တန်ဖိုးဆိုတာ ရှိလာမှာ ဖြစ်ပါတယ်။

-------------------------------------------------------





ကမ္ဘာ့ထိပ်တန်းက ကမ္မဏီ CEO တောင်မှ အဲဒီလိုပြောတယ်.... 
အလုပ်မှ အလုပ်ဆိုပြီး  ပိုက်ဆံရူး၊ ရာထူးရူးနေတဲ့ သူတွေကို တကယ်ပြောတာ သနားမိတယ်
သူပြောတာက တစ်ဘ၀စာကိုပြောတာ .... သံတရာ အတွက်ဆိုရင်ကော...
ဒီတဘ၀စာ အတွက်နဲ့ သူတပါးကို နင်းနေကြတဲ့သူတွေနဲ့တွေ့ရင် သနားလိုက်ကြပါ။

ကျွန်တော်လဲ သနားတတ်အောင်ပဲ ကြိုးစားပါမယ်...



ကျော်စံလင်း

တန်ဖိုး

တန်ဖိုး
====
တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။
အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့။
...
ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။
ဒီလိုနဲ့ အိမ်ရောက်ရင် အိုးတစ်လုံး နဲ့ တစ်ဝက် ပဲ... ရေသယ်လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုးအကောင်းလေး က သူ့ ကိုယ်သူ သိပ်ဂုဏ်ယူသတဲ့။ ငါက အပြစ်အနာအဆာမရှိဘူး... ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိနေတယ်တယ် တဲ့။ အက်နေတဲ့ အိုးကလေးက စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများလို အပြည့်မသယ်နိုင်ဘူး... တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲဝမ်းနည်း နေတယ်တဲ့။
ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေးက ရေထမ်းသမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့်အ၀ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင်သယ်သမျှ ရေတွေ အပြည့်မရဘူး... တစ်ဝက်က အလဟဿ ဖြစ်ရတယ်... လို့ ၀မ်းနည်း ပက်လက်နဲ့ ပြောမိတယ်။
အဲဒီအခါမှာ ရေထမ်းသမားက ဘယ်လိုပြန်ပြောသလဲဆိုတော့... အိုးကလေး... မင်းကြည့်လိုက်စမ်း.... ရေခပ်လမ်း တလျှောက်မှာ မင်းရှိတဲ့ ဘက်ခြမ်း တစ်လျောက်လုံး ပန်းတွေပွင့်နေတာ မင်းသတိပြုမိရဲ့လား... တဲ့။ ငါက မင်း ရေစိမ့်နေ တယ်ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်းမှာ ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ နှစ်နှစ်လုံးလုံး ရေခပ်လမ်း ကအပြန်မှာ မင်း က ဒီပန်းပင်လေးတွေကို ရေမှန်မှန် လောင်းပေးခဲ့တယ်။ အခုဆိုကြည့်စမ်း ... လှပတဲ့ ပန်းတွေပွင့်နေပြီ။ အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေ နဲ့ အလှဆင်နိုင်ပြီ... မင်းသာမရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့ အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း...
သင်ခန်းစာ ။ ။ လူတိုင်းမှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီအားနည်း ချက်ကလေး တွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်...ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။ ဒီအားနည်းချက်အတွက် သဘာဝတရားကြီးက အစားတစ်ခုခုလည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင်မှ လည်း မြင်သာမယ်၊ ချက်ခြင်း ရချင်မှလည်းရမယ်။

credit to original writer

ဘူးထဲက အနမ်း

ဘူးထဲက အနမ်း
=========
သုံးနှစ်အရွယ်သမီးလေးတစ်ယောက် လူကြီးတွေကို အသိမပေးဘဲ လက်ဆောင်ပစ္စည်းထုပ်တဲ့ ငွေရောင်စက္ကူ
တစ်ချို့ကို ယူကစားမိတယ်။ အဖေက သိတော့ စိတ်ဆိုးပြီး ကလေးကို အပြစ်ပေးတယ်။
ငွေရောင်စက္ကူကို ဘာလုပ်ပစ်လဲလို့ လိုက်စစ်မေးတော့ ကလေးငယ်က ဘူးထုပ်ဖို့
ယူသုံးမိကြောင်း ပြောခဲ့တယ်။
နောက်တစ်နေ့မှာ ကလေးငယ်က ဘူးကိုယူပြီး အဖေ့အတွက် လက်ဆောင်ဆိုပြီး
သွားပေးလိုက်တယ်။ အကြောင်းမသိဘဲ ကလေးငယ်ကို အပြစ်ပေးမိတဲ့အတွက် အဖေက
စိတ်မကောင်းဖြစ်မိတယ်။ ဘူးကိုဖွင့်ကြည့်တော့ အထဲမှာ ဘာပစ္စည်းမှ မတွေ့တာနဲ့
သူ့ကိုနောက်တယ် အထင်နဲ့ ကလေးငယ်ကို ဟောက်လိုက်မိပြန်တယ်။ အငေါက်ခံလိုက်ရတဲ့
ကလေးငယ်က အဖေကို မျက်ရည်ဝဲလေးနဲ့ ပြန်ကြည့်ပြီး
\"ဖေဖေ.. ဘူးက အလွတ်မဟုတ်ဘူး။
ဘူးထဲမှာ သမီးရဲ့ အနမ်းလေးတွေ မှုတ်သွင်းထားပါတယ်။ အားလုံးဟာ ဖေဖေ့အတွက်ပါ\" လို့
ပြန်ပြောလိုက်တော့ အဖေဟာ အရုပ်ကြိုးပြတ်သလို နေရာမှာတင် ခွေလဲကျသွားတော့တယ်။
နောက်တော့ အဲဒီဘူးလေးကို သူ့ကုတင်ခေါင်းရင်းမှာပဲ အမြဲတင်ထားတော့တယ်။ စိတ်ညစ်၊
စိတ်ပျက်စရာနဲ့ ကြုံတိုင်း၊ အားအင်တွေ ကုန်ခမ်းသွားတိုင်း ဘူးကို ဖွင့်ပြီး
အားရပါးရ သူ ရှုရှိုက်တတ်တယ်။ သူ့အပေါ်ထားတဲ့ သမီးရဲ့ မေတ္တာကို ဘူးထဲက အနမ်းနဲ့
သတိရမိအောင်ပါ။
လူတိုင်းရဲ့ ရင်ထဲမှာ ဘူးတစ်ဘူး ကိုယ်စီရှိကြတယ်။ အဲဒီဘူးလေးထဲမှာ အဆုံးမရှိတဲ့
မေတ္တာနဲ့ စာနာမှုတွေ ထည့်ထားတယ်။ ဘူးလေးကို လိုအပ်နေတဲ့ လူတွေကို လက်ဆောင်
ပေးလိုက်ပါ။ ဒီထက်အဖိုးတန်တဲ့ လက်ဆောင် ကမ္ဘာပေါ်မှာ မရှိနိုင်တော့ပါဘူး။
ငွေတွေကြေးတွေ
ကုန်နေစရာ မလိုပါဘူး။ စစ်မှန်တဲ့ ဂရုစိုက်မှု တစ်ခုလေးနဲ့တင် ပြီးပြည့်စုံပါတယ်။

Credit - Original up-loader

Thursday, January 23, 2014

လူရာဝင်ချင်ရင် အသုံးကျအောင်လုပ်

ကိုယ်တိုင်ရေးမလို့ပါပဲ... ဒါပင်မဲ့သူများရေးထားတာ တွေ့တာနဲ့ ရှဲလိုက်တာ

လူရာဝင်ချင်ရင် အသုံးကျအောင်လုပ်

 ပညာ တတ်ချင်တတ်မယ်၊ ဘွဲ့ရချင် ရမယ်၊ အသုံးမကျရင် လူရာမ၀င်ဘူး။ ပတ်ဝန်းကျင်အတွက် အမြဲတမ်း အသုံးဝင်အောင် လုပ်ပါ။ တချို့ဆိုရင် ပညာမတတ်ဘူး။ ဒါပေမယ့် ရပ်ကွက်ထဲမှာ သူ့နည်းနဲ့သူ အသုံးဝင်အောင် လုပ်တယ်....။ အဲဒါကြောင့် လူရာဝင်တယ်ဆိုတာ ကိုယ့်ကိုကိုယ် အသုံးဝင်အောင် လုပ်နေတာ။ ဘာမှ အသုံးမ၀င်ရင် အသုံးမကျတဲ့ကောင် ဖြစ်သွားမှာပေါ့။ (အောင်သင်း)

သိပ်မှန်တဲ့စကားပါပဲ....လူတွေကနေရာသိပ်လိုချင်ပါတယ်။ကိုယ်ဘာမှန်းလဲသေချာမသိပါဘူး။ ကိုယ်ပိုင်အရည်အချင်းလဲထုတ်မသုးံတက်ပါဘူး။တော်တဲ့သူကိုကပ်ပေါင်းမယ်။နေရာပေးနိုင် တဲ့သူကိုဖားမယ်။မိဘဆရာတွေရဲ့ပါဝါတွေထုတ်သုးံမယ်။ငွေရှိရင်ငွေနဲ့လမ်းခင်းမယ်ပေါ့။ တကယ့်လူရာဝင်ဖို့ဆိုရင်ကိုယ်ပိုင်အရည်အချင်းလိုအပ်ပါတယ်။အကြောင်းကြောင်း
တွေကြောင့်နေရာတခုရခဲ့မယ်ဆိုရင်ကိုယ်မှာကအဲ့ဒီအရည်အချင်းမရှိခဲ့ရင်ရှက်စရာပါပဲ။
မေတာ္တဲ့ဖိနပ္ကိုစီး၊မေတာ္တဲ့အက်ီၤကို၀တ္ထားသလိုပါပဲ။လူတွေကလဲလေးစားမှာ
မဟုတ်သလိုကွယ်ရမှာအတင်းတောင်ပြောခံရမှာပါ။ကိုယ်ကိုအသုးံမ၀င်တဲ့နေရာမှာ
သွားနေတော့အသုးံမကျတဲ့သူဖြစ်သွားတာပေါ့။

လူတိုင်းမှာကိုယ်ပိုင်အရည်အချင်းရှိသလိုကိုယ်ပိုင်အစွမ်းအစလဲရှိပါတယ်။ကိုယ်တက်နိုင်တာ
ကိုရိုးရိုးသားသားနဲ့သာကြိုးစားလုပ်ကိုင်ပါ။ကူညီနိုင်သလောက်ကူညီပေးပါ။ကိုယ်ပတ်ဝန်းကျင်
မှာတထောင့်တနေရာကအသုးံဝင်အောင်ကြိုးစားပါ။ဟန်ဆောင်ပန်ဆောင်လုပ်ခြင်းမှရှောင်
ကြင်၍ကိုယ်လုပ်နိုင်သလောက်လောကကိုအလှဆင်ပေးပါ။အဲ့အချိန်မှာ သင့်တန်ဖိုးကိုလူတွေကအသိအမှတ်ပြုလာပါလိမ့်မယ်။
သင့်ဘ၀လှပလာသလိုလောကကြီးလဲပိုလို့လှပလာပါလိမ့်မယ်။

K.K(ကနောင်)

Monday, January 20, 2014

လှေခါး(၃၀)ထစ်

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်


၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည်သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍်ပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်စွာအောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီးသူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတမ်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအာဏာရှိသူသော်ငြားလည်းယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

စိန်စီထားသော စာလုံးများ

စိန်စီထားသော စာလုံးများ
=---==---=-==-
ကြားဖူးတဲ့စကားလေးတွေပြန်လည်မျှဝေပေးလိုက်ပါတယ် ။ အဲဒီမှတ်သားဖွယ်ရာတွေကို ကျွန်တော်က “ စိန်စီထားသော စကားလုံးများ ” လို့နာမည်ပေးချင်ပါတယ် ။ အပိုင်းဆက်လည်း တင်ဆက်ပေးချင်ပါတယ် ။ တချို့က ကြားဖူးတာတွေ တချို့ကဖတ်ဖူးတာတွေ တချို့က စိတ်မှာပေါ်လာတဲ့အရာတွေ ။
၁ ။ သင်ဆင်းဆင်းရဲရဲ မွေးဖွားလာတာ သင့်အပြစ်မဟုတ်ပါဘူး ဒါပေမယ့် ဆင်းဆင်းရဲရဲနဲ့သေဆုံးသွားရင်တော့ သင့်အပြစ်ပါပဲ ။
၂ ။ သင်မွေးဖွားစဉ်က ကိုယ်ရည်ကိုယ်သွေး ညံ့ဖ...ျဉ်းတာသင့်အပြစ်မဟုတ်ပါဘူး ။ ဒါပေမယ့် သေဆုံးသွားသည်အထိ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းခဲ့ရင်တော့သင့်အပြစ်ပါပဲ ။
၃ ။ သင့်အိပ်မက်တွေ တကယ်ဖြစ်မလာသေးတာ သင့်အပြစ်မဟုတ်ပါဘူး ။ ဒါပေမယ့် အိပ်မက်ကို အိပ်မက်အတိုင်းပဲထားပြီး စလုပ်ဖို့မကြံစည်သေးတာ သင့်အပြစ်ပါပဲ ။
၎ ။ မလုပ်ဖူးပဲနဲ့မဖြစ်နိုင်ဘူးလို့မပြောပါနဲ့ ။ လုပ်ကြည့်ပြီးမှ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုပြောပါ ။
၅ ။ ကိုယ့်ကိုယ်ကို စည်းကမ်းတကျနေထိုင်ခြင်းဟာ ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်ခြင်းတစ်မျိုးပါပဲ ။
၆ ။ ဥာဏ်မရှိတဲ့လူက တစ်ခါရှုံးတယ် ၊ ၀ိရိယမရှိတဲ့လူက ၂ ခါ ရှုံးတယ် ။ ပျင်းတဲ့လူက အကြိမ်ကြိမ်ရှုံးတယ် ။
၇ ။ အကောင်းမြင်စိတ်များတဲ့သူတွေကို အောင်မြင်သူဖြစ်လာတယ် အဆိုးမြင်စိတ်များတဲ့သူက ရှုံးနိမ့်သူဖြစ်လာတယ် ။
၈ ။ ရှင်သန်ခြင်းရဲ့သော့ချက်က အသက်ရှုနေဖို့မဟုတ်ဘူး ဘာကြောင့် အသက်ရှူနေရတာလဲဆိုတာ “ သိ ” ဖို့ဖြစ်တယ် ။
၉ ။ ဘယ်ရာမှာမှ အဆုံးသတ်ဆိုတာမရှိဘူး အဆုံးသတ်လို့ထင်ရတဲ့အရာတွေရဲကနောက်ကွယ်မှာ အဆုံးမသတ်နိုင်သေးတဲ့ “ သံသရာ ” ခရီးရှည်ကြီးရှိတယ် ။
၁၀ ။ အမှားတွေလုပ်ခဲ့မိတဲ့အတွက် အပြစ်အတွက် အမှားတွေကို ပြန်လည်မပြင်ဆင်နိုင်တဲ့ သင့်အပြစ်က ပိုပြီးကြီးမားပါတယ် ။

သက်တန့်ချို

အမည်မဲ့ ပုံပြင်

အမည်မဲ့ ပုံပြင်
==========
တစ်ခါသော် ဘုရင်ကြီးတစ်ပါး တိုင်းခန်းလှည့်လည် ထွက်သတဲ့။ တိုင်းခန်းလှည့်ပြီး ပြန်လာချိန် စီးတော်ခြေနင်းဖိနပ်ရဲ့အခံက မကောင်းလေတော့ သူ့ခြေထောက်ကို ကြည့်လိုက်တဲ့ အချိန်မှာ သွေးခြေဥတဲ့နေရာ ဥ၊ ယောင်ကိုင်းနေတဲ့
နေရာက ယောင်၊သွေးစို့တဲ့နေရာက သွေးစို့နဲ့။ သူ့တိုင်းပြည်မှာ ရှိနေတဲ့ လမ်းတွေက ကမူတွေ၊ ချိုင့်တွေ၊ ကျောက်ခဲတွေ စလုံးစခုနဲ့ဆိုတော့ ဘုရင်ကြီးရဲ့ ခြေဖ၀ါးတော်နုနုသွေးခြေဥပြီပေါ့။ ဒါနဲ့ မူးမတ်တွေကို မိန့်တယ်။

“ မူးမတ်တို့ နာခံလော့.. ရွှေမြို့တော်ကြီးရဲ့ လမ်းတွေက စုတ်ပြတ်နုံချာလွန်းတယ်.. ငါကိုယ်တော်မြတ် လမ်းလျှောက်ရတာ အဆင်မပြေဘူး.. ငါ့ခြေထောက်တွေ နာကျင်ဒဏ်ရာရကုန်ပြီ။ ဒီတော့ နောက်.. ငါ တိုင်းခန်းလှည့်ချိန် ခြေထောက် မနာမကျင်ရအောင် မြို့တော်ကြီးမှာရှိတဲ့ နွားမှန်သမျှရဲ့
သားရေကိုယူပြီး လမ်းတိုင်းမှာ အမြန်ခင်းစေ..အမိန့်...” လို့ အမိန့်ထုတ်ပြန်လိုက်သတဲ့။

အဲ့ဒီမှာ မူးမတ်တွေအချင်းချင်း တီးတိုးသဖန်းပိုးလုပ်ရင်း ခေါင်းတွေ ကုတ်ကုန်ကြရော။ ဒီလောက်ကျယ်ပြောတဲ့ ရွှေမြို့တော်ကြီးရဲ့ လမ်းတွေ အကုန်လုံးကို ဘယ်လိုများ နွားသားရေနဲ့ခင်းရပါ့။ တစ်မြို့လုံးမှာ ရှိနေတဲ့ နွားတွေအားလုံးရဲ့သားရေတွေ
ပေါင်းရင်တောင် လောက်ငမယ်မထင်။ အလုပ်ရှုပ်တဲ့အပြင် ကုန်ကျစရိတ်တွေလဲ မနည်းမနော ကုန်ဦးမယ်... စသဖြင့်
ပြောသူကပြော။ ဒါ ခွင်ပဲ၊ နွားဈေးတွေတက်မယ်၊ နွားဈေးတက်ရင် စပါးဈေးတက်မယ်၊ စပါးလှောင်ထားမှ ဆိုသူကဆိုနဲ့ ကြွက်စီကြွက်စီ
ပြောကုန်ကြပါရော။ ဒါနဲ့ အရေးဆို ဘာမှမလုပ်တတ်တဲ့ မူးကြီးမတ်ကြီးတွေက ထုံးစံအတိုင်း ရွှေမြို့တော်ကြီးရဲ့ လမ်းကို နွားသားရေ အမြန်ခင်းဖို့ ကန်ထရိုက်တွေကို တင်ဒါခေါ်ယူလိုက်တယ်။

အဲ့ဒီမှာ နိုင်ငံတော်ရဲ့ကန်ထရိုက်ဆို အမြဲရနေကြ ကန်ထရိုက်တာ ကြီးလတ်ငယ်မဟူ အပြိုင်းအရိုင်း တင်ဒါရအောင်
လျှောက်ကြပါလေရော။ လုပ်ငန်းကျွမ်းကျင်တဲ့ ကန်ထရိုက်က ဆိုင်ရာပိုင်ရာဆီ ၀င်လှုပ်ရှားဖို့ ပြင်ဆင်၊ မကျွမ်းကျင်တဲ့ ကန်ထရိုက်များကတော့ နွားတစ်ကောင် သားရေဘယ်နှစ်ကိုက် ထွက်မယ်၊ နွားတွေကို ဘယ်ဈေးပေးပြီး လိုက်သိမ်းမယ်၊ နွားအဓိက ရနိုင်မဲ့နေရာက ဘယ်ဒေသ စသဖြင့် တွက်ချက်ကုန်ရောတဲ့။ မြို့မှာရှိသမျှ နွားပိုင်ရှင်တွေလဲ သူတို့နွားတွေ ဖွက်တန်ဖွက်၊ သူတို့နွားတွေ ဘယ်ဈေးရမှ ထုတ်ရောင်းမယ်ဆို ဈေးခေါ်လိုခေါ်နဲ့ တစ်မြို့လုံး ရုတ်ရုတ်သဲသဲကို ဖြစ်နေရော။

အဲ့ဒီလို ရွှေမြို့တော်ကြီးရဲ့လမ်းတွေကို နွားသားရေနဲ့ခင်းတော့မယ်ဆိုတဲ့ သတင်းက တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေချိန် အဲ့ဒီသတင်းကို ကြားမိတဲ့ မြို့ပြင်အစွန်အဖျားက သူဆင်းရဲသားလေးက ဒီကိစ္စအတွက် ဘုရင်ကြီးနဲ့ တွေ့ချင်ပါတယ်ဆို တစ်စခန်းထပြီး ရွှေမြို့တော်ရဲ့ မီဒီယာတွေကတဆင့် ဘုရင်ကြီးကို ဆက်သွယ်ဖို့ ကြိုးစားသတဲ့။ မီဒီယာတွေရဲ့စာမျက်နှာမှာ သူဆင်းရဲသားလေးရဲ့ ရုပ်ပုံတွေ ဖလန်းဖလန်းထနေတာ မမြင်ချင်မှအဆုံး၊ ပလူကိုပျံနေတာပဲတဲ့။ ဘယ်လိုပဲ ကြိုးစားကြိုးစား သူလို သူဆင်းရဲသားကို ဘုရင်ကြီးက ဖုတ်လေတဲ့ငပိ ရှိလေတယ်လို့တောင် မထင်ဘူးတဲ့။ မြို့သူမြို့သားတွေကလဲ သူဆင်းရဲသားကို ဂေါက်နေပြီ ငကြောင်.. သူတို့ဟာသူတို့ လမ်းတွေ ခင်းချင်တာနဲ့ခင်း၊ ငါတို့လဲ လျှောက်တတ်သလို လျှောက်နေရတာ အသားကျနေပြီပဲ၊ ရူးနေတာ.. နာချင်လို့ပါကွာလို့ ပြောကြသတဲ့။

ဒီလိုနဲ့ သူဆင်းရဲသားလဲ ဘုရင်ကြီးနဲ့တွေ့ဖို့ ဘယ်လိုမှ ကြိုးစားလို့မရတဲ့အဆုံး
ရွှေမြို့တော်ကြီးရဲ့ ဟစ်တိုင်ကနေ သွားဟစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီ ဟစ်တိုင်နေရာက အော်လိုက်ရင် ဘုရင်ကြီးရဲ့နန်းတော်အိပ်ဆောင်အထိ အသံရောက်တဲ့နေရာလေ။ အဲ့ဒီနေ့က ဟစ်တိုင်တစ်ခွင် လာရောက်ကြည့်သူတွေနဲ့ အုန်းအုန်းကိုထလို့။ သူဆင်းရဲသားလေးက စဉ်းစားတယ်။ ငါတို့ရွှေမြို့တော်ကြီးက တစ်ခုခုဆို ၀က်ဝက်ကွဲနေလိုက်တာ၊ ဘာလိုလိုနဲ့ ငါလည်း အတော်အရေးပါ အရာရောက်နေပါရော့လား၊ ငါ့မှာ စားချိန်အိပ်ချိန်တောင် မအားလပ်ရအောင် အင်တာဗျူးတွေဖြေရ၊ ဓာတ်ပုံတွေ အရိုက်ခံရနဲ့ဆို တွေးမိသတဲ့။ အို..ဘယ်လိုဖြစ်ဖြစ် ပြောစရာရှိတာကိုတော့ ငါပြောမှဖြစ်မယ်ဆို ဟစ်တိုင်ပေါ် တက်ပြီး အော်လိုက်သတဲ့။

“ အရှင်မင်းကြီး.. ရွှေမြို့တော်တစ်ခုလုံးရဲ့ လမ်းတွေကို တစ်မြို့လုံးမှာရှိသမျှ နွားတွေရဲ့သားရေနဲ့ခင်းမယ်ဆို ကုန်ကျစရိတ်များလှပါတယ်။ အဲ့ဒီတော့ နွားတစ်ကောင်လောက်ရဲ့ သားရေနဲ့သာ အသုံးပြုပြီး အရှင်မင်းကြီးရဲ့ စီးတော်ဖိနပ်ကို
သေချာချုပ်လိုက်ပါ။ ဒါဆိုရင် တန်ဖိုးနည်းနည်းနဲ့ အရှင်မင်းကြီးရဲ့ ပြဿနာ ပြေလည်သွားမှာပါ ” လို့ ဟစ်လိုက်သတဲ့။

ဟစ်ပြီးလို့ ဘယ်လောက်မှတောင်မကြာသေးဘူး၊ ရွှေနန်းတော်က မူးမတ်တွေ ရောက်လာပြီး “ မင်းကြီးက မောင်မင်းရဲ့အကြံကို သဘောကျနှစ်ခြိုက်လွန်းလို့ ဆုလာဘ်တွေ ချီးမြှင့်ချင်တာမို့ နန်းတော်ကို တစ်ပါတည်း လိုက်ခဲ့ပါ”ဆို အခမ်းအနားနဲ့တကွ ဝေါတော်နဲ့ လာပင့်သတဲ့။
ဘေးက ၀ိုင်းကြည့်နေသူတွေလဲ သူဆင်းရဲသားကို အားကျပြီး လက်ခုပ်လက်ဝါးတီး အားပေးသတဲ့။

လမ်းခင်းဖို့ တင်ဒါလျှောက်မယ့် ကန်ထရိုက်တွေကတော့ “ဒင်းကြောင့် ငါတို့ ခွင်ပိတ်သွားပြီ” ဆို သူဆင်းရဲသားကို တဖွဖွ ကျိန်ဆဲလို့။

အဲ့ဒီနေ့က နန်းတော်ထဲကနေ ကျီးကန်းတစ်အုပ်လန့်ပြီး ပျံထွက်လာသတဲ့။။

****

နောက်ရက်တွေ တိုင်းခန်းလှည့်ချိန်မှာ ဘုရင်ကြီးမျက်နှာက ပြုံးရွှင်ပြီး စိတ်လက်ပေါ့ပါးနေတာမို့ သူ့ရဲ့ခြေနင်းတော်ကို ကြည့်လိုက်တဲ့အခါ အင်မတန်မှ တောက်ပနူးညံ့တဲ့ သားရေနဲ့ ကျက်ထားတဲ့ ခြေနင်း အသစ်တစ်ရံကို စီးထားတော်မူတာ တွေ့ရသတဲ့။

မြို့တော်သူမြို့တော်သားတွေကတော့ ရွှေမြို့တော်ကြီးရဲ့ စလုံးစခုလမ်းတွေပေါ်မှာ အရင်လိုပဲ သွားလာနေကြတုန်း...။

လမ်းခင်းမဲ့ ကန်ထရိုက်တွေကလဲ ဘုရင်ကြီးခြေထောက် ထပ်နာမဲ့အချိန်ကို စောင့်လို့..။

နန်းတော်ထဲကနေ ပြန်ထွက်မလာနိုင်တော့တဲ့ သူဆင်းရဲသားလေးကို ဘယ်သူမှ သတိမရကြတော့ပါဘူး။

(မြသွေးနီ)

ပြန်ပေး

ပြန်ပေး
======

ဘော်ဘီလေးဟာ သူ့အမေ ညစာချက်ပြုတ်နေတဲ့ မီးဖိုခန်းထဲဝင်လာပါတယ်... သူ့မွေးနေ့ကလည်း နီးနေပြီဆိုတော့ သူလိုချင်တာတောင်းဖို့ အကောင်းဆုံးအချိန်လို့လည်း ကြိုတွက်ထားပုံပါပဲ...

"မေမေ... သားမွေးနေ့ကျရင် စက်ဘီးတစ်စီးလိုချင်တယ်..."

ဘော်ဘီလေးဟာ အတော်ဆိုးတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်... အိမ်မှာပဲနေနေ ကျောင်းမှာပဲနေနေ ပြဿနာတစ်ခုမဟုတ်တစ်ခု အမြဲရှာတဲ့ ကောင်လေးပေါ့... သူ့အမေက သူ့ကို မွေးနေ့ကျရင် စက်ဘီးတစ်စီးရသင့်တယ်လို့ ထင်သလား ဆိုပြီး မေးပါတယ်... ဘော်ဘီလေးကလည်း ရသင့်တယ်လို့ ထင်တယ်လို့ပြန်ဖြေတယ်...

ဘော်ဘီလေးရဲ့ အမေက အရင်နှစ်က သူဆိုးခဲ့သမျှကို အသိဝင်စေချင်တဲ့အတွက်...

"ဘော်ဘီ... သားအခန်းထဲကိုသွား.... ပြီးရင် ဒီတစ်နှစ်လုံး သားဘာတွေလုပ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစား... ပြီးရင် ဘုရားသခင်ဆီစာတစ်စောင်ရေးပြီး သားမွေးနေ့ကျရင် ဘာကြောင့် စက်ဘီးတစ်စီးရသင့်တယ်ဆိုတာကို ပြောပြလိုက်..."

လို့ပြောလိုက်တယ်... ဘော်ဘီလေးဟာ သူ့အခန်းရှိရာကို ခုန်ပေါက်ပြေးသွားပြီး ဘုရားသခင်ဆီ စာတစ်စောင်ရေးတယ်...
----------------------------------------------------------------
ချစ်သောဘုရားသခင်
ကျွန်တော်ဒီတစ်နှစ်လုံး အရမ်းလိမ္မာခဲ့ပါတယ်... ဒါကြောင့် ကျွန်တော့်မွေးနေ့မှာ စက်ဘီးတစ်စီးလိုချင်ပါတယ်...
အနီရောင်ပါ...
အရှင့်သူငယ်ချင်း
ဘော်ဘီ
----------------------------------------------------------------
စာရေးပြီးတဲ့အခါ သူရေးထားတာမမှန်ဘူးဆိုတာ ဘော်ဘီသိနေတယ်လေ... ဒီတစ်နှစ်လုံး သူကောင်းကောင်းမွန်မွန်မှမနေခဲ့တာ... ဒါကြောင့် စာရွက်ကိုဖြဲလိုက်ပြီး နောက်တစ်စောင်ထပ်ရေးတယ်...
----------------------------------------------------------------
ချစ်သောဘုရားသခင်
အရှင့်သူငယ်ချင်း ဘော်ဘီစာရေးလိုက်ပါတယ်...
ဒီတစ်နှစ်လုံး ကျွန်တော်ကောင်းကောင်းနေခဲ့တဲ့အတွက်
ကျွန်တော့်မွေးနေ့မှာ စက်ဘီးအနီတစ်စီးလိုချင်ပါတယ်...
အရှင့်သူငယ်ချင်း
ဘော်ဘီ
----------------------------------------------------------------
ဒါလည်း မမှန်သေးဘူးဆိုတာ ဘော်ဘီသိပါတယ်... ဒါကြောင့် စာရွက်ကိုဖြဲစုတ်လိုက်ပြီး ထပ်ရေးတယ်...
----------------------------------------------------------------
ချစ်သောဘုရားသခင်
ဒီတစ်နှစ်လုံး ကျွန်တော်မဆိုးခဲ့ပါဘူး...
ကျွန်တော့်မွေးနေ့မှာ စက်ဘီးတစ်စီးတကယ်လိုချင်ပါတယ်...
ဘော်ဘီ
----------------------------------------------------------------
ဒီစာကိုလည်း ဘုရားသခင်ဆီပို့လို့မဖြစ်သေးဘူးဆိုတာကို ဘော်ဘီသိပါတယ်.... ဒါကြောင့် စတုတ္ထမြောက်စာကို ထပ်ရေးတယ်...
----------------------------------------------------------------
ဘုရားသခင်
ဒီတစ်နှစ်လုံး ကျွန်တော်ကောင်းကောင်းမနေခဲ့မိတာကို သိပါတယ်...
အဲ့ဒီအတွက် တောင်းပန်ပါတယ်...
အကယ်လို့ အရှင်က ကျွန်တော့်မွေးနေ့မှာ စက်ဘီးတစ်စီးပို့ပေးလိုက်တာနဲ့ ကျွန်တော်လူလိမ္မာလေးတစ်ယောက် ဖြစ်လာပါလိမ့်မယ်...
ကျေးဇူးပြု၍ပို့ပေးပါ... ကျေးဇူးတင်ပါတယ်...
ဘော်ဘီ
----------------------------------------------------------------
ဒါလည်း မမှန်သေးဘူးဆိုတာကို ဘော်ဘီသိတာပေါ့... ဒီစာပို့လိုက်ရုံနဲ့ စက်ဘီးတစ်စီးမရနိုင်ဘူးဆိုတာကို သူစဉ်းစားမိတယ်... ဘော်ဘီဝမ်းနည်းပြီး စိတ်ညစ်သွားတယ်....အိမ်အောက်ထပ်ပြန်ဆင်းလာပြီး သူ့အမေကို ဘုရားရှိခိုးကျောင်းသွားချင်တယ်လို့ပြောတယ်... ဘော်ဘီရဲ့အမေက ဝမ်းနည်းနေတဲ့ ဘော်ဘီကိုကြည့်ရင်း သူ့အစီအစဉ်အလုပ်ဖြစ်တယ်လို့ တွေးမိလိုက်တယ်...

"ညစာအမီပြန်လာခဲ့နော်...သားလေး..."

လို့ သူ့အမေကပြောတယ်... ဘော်ဘီက လမ်းထောင့်မှာရှိတဲ့ ဘုရားကျောင်းဆီကိုလျှောက်သွားတယ်...

ဘုရားရှိခိုးကျောင်းထဲဝင်ပြီး ဘုရားစင်နားအထိ ကပ်သွားတယ်... ဘေးဘီမှာ တစ်ယောက်ယောက်ရှိမလားလို့ အကဲခတ်ကြည့်တယ်... လူလစ်တာနဲ့ မယ်တော်မာရီရုပ်ထဲလေးကို လှမ်းယူလိုက်တယ်... သူ့အင်္ကျီအောက်ထဲ ရုပ်ထုကို ထိုးထည့်ပြီး ဘုရားရှိခိုးကျောင်းထဲ ပြေးထွက်ခဲ့တယ်... အိမ်ကိုရောက်တဲ့အခါ အိမ်ပေါ်ကိုပြေးတက်တယ်... တံခါးကိုပိတ်.. စာရွက်တစ်ရွက်ကိုယူပြီး ဘုရားသခင်ဆီ စာစရေးတယ်...
----------------------------------------------------------------
ဘုရားသခင်
ခင်ဗျားရဲ့ မေမေကို ကျွန်တော်ပြန်ပေးဆွဲလာပြီ...
သူ့ကိုထပ်တွေ့ချင်သေးတယ်ဆိုရင် စက်ဘီးကိုပို့လိုက်ပါ...
ဘော်ဘီ
----------------------------------------------------------------
Ref: Inspire Your Friends
နိုင်းရင့်နွေ

နာကျင်မှုရဲ့အနက်အဓိပ္ပာယ်

နာကျင်မှုရဲ့အနက်အဓိပ္ပာယ်
================

ပုံပြင်တစ်ပုဒ်မှာ ငါးတစ်ကောင်ဟာ ခုန်တဲ့အချိန်မှာ မတော်တဆ ကမ်းပေါ်ကိုခုန်တက်မိတယ်။ ငါးဟာ ရေထဲပြန်ရောက်ဖို့ ဘယ်လိုပဲကြိုးစားကြိုးစား မရခဲ့ဘူး။ ဒီလိုနဲ့နောက်ဆုံးမှာ အင်အားတွေကုန်ခမ်းပြီး ကြိုးစားခုန်ဖို့ ငါးလက်လွှတ်လိုက်တယ်။ ကမ်းပေါ်မှာပဲသေဆုံးသွားဖို့ သူစောင့်နေခဲ့တယ်။

အဲဒီအချိန်မှာ ငါးနံဘေးနား ပုရွက်ဆိတ်တစ်အုံရောက်လာပြီး ငါးသေနိုင်တယ်၊ သေကိုသေရမယ်လို့ ဝိုင်းဝေဖန်ကြတော့တယ်။ အဲဒီမှာ ပုရွက်ဆိတ်လေးတစ်ကောင်က "ငါးသေမယ်လို့ မပြောနိုင်သေးဘူး... သူ့ကို ရေထဲရောက်အောင် ငါတို့လုပ်နိုင်တယ်" လို့ဆိုတယ်။

ပုရွက်ဆိတ်လေးရဲ့ စကားကိုကြားတော့ ကျန်ပုရွက်ဆိတ်တွေက တအံ့တသြနဲ့ "ငါးကိုရေထဲ ဘယ်လိုပြန်ပို့မလဲ?"ဆိုတော့ ပုရွက်ဆိတ်လေးက "ငါးကို ကျွန်တော်တို့ ဝိုင်းဆွဲဖို့မဟုတ်ဘူး။ ငါးကို ကျွန်တော်တို့ ဝိုင်းကိုက်ကြဖို့ပါ" လို့ ပြန်ပြောတယ်။

ပုရွက်ဆိတ်လေးပြောတာကို အားလုံးကအဓိပ္ပာယ်ရှိတယ်ဆိုပြီး ငါးပေါ်ကိုဝိုင်းတက် ကိုက်ကြတော့တယ်။ ပုရွက်ဆိတ်တွေ အားကုန်ကိုက်တော့ ငါးဟာ နာကျင်မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး ထထခုန်ပါတော့တယ်။ ခုန်ရင်းခုန်ရင်း ငါးဟာ ရေထဲကို ရောက်သွားတော့တယ်။

ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် နာကျင်မှုတွေက သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ခန္ဓာရဲ့နာကျင်မှုက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် ထိခိုက်နေပြီဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ သတိပြုဖို့လိုအပ်ပြီဆိုတဲ့အကြောင်း သတိပေးတာဖြစ်တယ်။ စိတ်ရဲ့နာကျင်မှုကိုတော့ ဘယ်လိုအဓိပ္ပာယ်ကောက်ယူဖို့ ကျွန်တော်တို့သိနားလည်ရင် ကျွန်တော်တို့အတွက် ကြီးပြင်းရင့်ကျက်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ နာကျင်မှု
××××××××××××

ခန္ဓာကိုယ်ထဲက အင်္ဂါအဖွဲ့အစည်းတစ်ခုစီတိုင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အသက်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် တာဝန်ကိုယ်စီရှိတယ်ဆိုတာကို ကျွန်တော်တို့သိထားပါတယ်။ ခန္ဓာကိုယ်ပေါ်က နာကျင်မှုဆိုတာကလည်း အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့ သတိပေးအချက်ပြဖြစ်တယ်။ ဒီလိုအချက်ပြက ခန္ဓာကိုယ်ကို ကျွန်တော်တို့ ဂရုစိုက်ဖို့လိုအပ်ပြီဖြစ်ကြောင်း၊ ကျန်းမာရေးအခြေအနေနဲ့ ကင်းကွာနေပြီဖြစ်ကြောင်း ဖော်ပြတာဖြစ်တယ်။

နေ့စဉ်ဘဝမှာ ကျွန်တော်တို့ဟာ နာကျင်မှုကို ကောင်းကောင်းဖယ်ထုတ်တတ်ကြတယ်။ နာကျင်လာပြီဆိုတာနဲ့ အနာပျောက်ဆေးတွေ စားတတ်ကြတယ်။ နာကျင်မှုကိုပျောက်အောင် လုပ်နိုင်တာကောင်းပါတယ်။ ခန္ဓာကိုယ်ထဲမှာ နာကျင်မှုရှိတာဟာလည်း အရေးပါတဲ့အချက်တစ်ခုဆိုတာ ကျွန်တော်တို့ မမေ့သင့်ဘူး။ ခန္ဓာကိုယ်ကို ဂရုစိုက်သင့်ပြီဖြစ်ကြောင်း ကျွန်တော်တို့ကို အသိပေးတဲ့အချက်ပြဖြစ်လို့ပါပဲ။

ဥပမာအားဖြင့် ပြောရရင် နှလုံးရောဂါမဖြစ်ခင် ရင်ဘတ်စူးအောင့်တာမျိုး... ဒီလို စူးအောင့်တာက ကျွန်တော်တို့မှာ ဘာရောဂါဖြစ်နိုင်ပြီဖြစ်ကြောင်း အသိပေးတာပဲဖြစ်တယ်။ အချိန်မီကုသဖို့၊ ဆေးဝါးမှီဝဲဖို့ အချက်ပြတာဖြစ်တယ်။ တကယ်လို့ ဒီလိုနာကျင်မှုအချက်ပြတာမရှိရင် ရောဂါဖြစ်နေမှန်း ကျွန်တော်တို့မသိနိုင်တော့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့နာကျင်မှုက ခန္ဓာကိုယ်ကို ပိုဂရုစိုက်သင့်ပြီ၊ ကျန်းမာရေးကို အလေးထားသင့်ပြီဆိုတဲ့ အကျိုးအမြတ်ကိုရတယ်။ ဒီလိုအင်္ဂါအစိတ်အပိုင်းရဲ့ နာကျင်မှုအချက်ပြကို တကိုယ်ကောင်းဆန်တယ်လို့ ပြောလို့ရသလို တကိုယ်ကောင်းမဆန်ဘူးလို့လည်း ပြောလို့ရပါတယ်။ တကိုယ်ကောင်းဆန်တယ်ဆိုတာက ဒီအင်္ဂါအစိတ်အပိုင်းတွေဟာ သူတို့ရဲ့ကျန်းမာရေးအတွက်၊ အနာတရမဖြစ်ဖို့အတွက် အချက်ပြတာဖြစ်တယ်။ တကိုယ်ကောင်းမဆန်ဘူးဆိုတာက သူတို့ဟာ သူတို့ရဲ့တန်ဖိုးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တာဝန်ထမ်းဆောင်နေတာ၊ ပေးဆပ်နေတာဖြစ်တယ်။

ဒီအင်္ဂါအစိတ်အပိုင်းတွေက သူတို့တာဝန်ကို သူတို့ထမ်းဆောင်နေတယ်။ အချက်ပြတာဟာလည်း သူတို့ရဲ့တာဝန်အရဖြစ်တယ်။ ဒီလိုအချက်ပြကို မှန်ကန်တဲ့တုန့်ပြန်မှုနဲ့ ခန္ဓာကိုယ်ကို အလေးထားသင့်ပြီဖြစ်ကြောင်း အသိပေးတာဖြစ်တယ်။

စိတ်ရဲ့နာကျင်မှု
××××××××

အခက်အခဲ၊ ဆင်းရဲဒုက္ခ ဒါမှမဟုတ် အသဲကွဲတာနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါ ကျွန်တော်တို့ရဲ့စိတ်မှာ နာကျင်တဲ့ဝေဒနာကို ခံစားရတယ်။ ဒီလိုနာကျင်မှုက သင်ခန်းစာတစ်မျိုး၊ ဒီလိုနာကျင်မှုကို ကျွန်တော်တို့ ဘယ်လို သဘောထားမယ်ဆိုတဲ့အပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကိုအောင်နိုင်ဖို့ ကျွန်တော်တို့ကို အခွင့်အရေးပေးပါလိမ့်မယ်။ နာကျင်မှု အမျိုးမျိုးရှိတယ်။ ဥပမာ......

နစ်နာတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ အထင်လွှဲတဲ့အခါ

ထိခိုက်တဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ စွန့်ပစ်သွားတဲ့အခါ

လိမ်ညာခံရတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ လိမ်ညာသွားတဲ့အခါ

သစ္စာဖောက်ခံရတဲ့နာကျင်မှု --- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ သစ္စာဖောက်သွားတဲ့အခါ

ဒီလိုနာကျင်မှုတွေက တစ်ခါတလေမှာ စကားလုံးနဲ့ဖော်ပြလို့မရသလို ထုတ်ဖော်ပြသလိုလဲ မရနိုင်ဘူး။ နာကျင်တဲ့အခါ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တယ်၊ ကြေကွဲတယ်၊ ထိခိုက်တယ်၊ အော်ဟစ်ဆဲဆို ပေါက်ကွဲချင်စိတ်ဖြစ်တယ်။ စိတ်တိုနာကျင်လွန်းလို့ ခန္ဓာကိုယ်တောင် တုန်လှုပ်နိုင်တယ်။ သွေးတိုးနိုင်တယ်။

ဒါပေမဲ့ ဒီလိုနာကျင်မှုကလည်း သူ့အဓိပ္ပာယ်နဲ့ သူရှိနေခဲ့တယ်။ အဲဒီအဓိပ္ပာယ်ကို ကျွန်တော်တို့ ဖတ်သိနားလည်နိုင်ရင်၊ အပြုသဘောနဲ့ ရင်ဆိုင်ဖြေရှင်းဖို့သင်ယူတတ်ခဲ့ရင် အချစ်ရဲ့ တကယ့်အနက်အဓိပ္ပာယ်ကိုသိဖို့ ဒီနာကျင်မှုတွေက ကျွန်တော်တို့ကို သိနားလည်စေပါလိမ့်မယ်။ အချစ်မှာ တကယ်နာကျင်ခဲ့ဖူးသူကမှ အချစ်ရဲ့တန်ဖိုး၊ အချစ်ကို ပိုတန်ဖိုးထား နားလည်မှာဖြစ်တယ်။

တစ်ခါဆုံးရှုံးရင် တစ်ခါကြီးပြင်းသတဲ့။ တကယ်လို့ သင့်ကိုယ်သင် ပိုရင့်ကျက်ချင်ရင် တစ်ခါလောက်တော့ အသဲကွဲကြည့်ပါ။ ရင့်ကျက်တဲ့လမ်းဆီ သင်ရောက်သွားပါလိမ့်မယ်။ ဘဝထဲက အခက်အခဲ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ လူဟာ ပိုကြံ့ကြံ့ခံ သန်မာလာတာဖြစ်တယ်။ သေဆုံးတာကို တွေ့ကြုံဖူးသူတစ်ယောက်က လက်လွှတ်ဖို့ကို ပိုသိနားလည်လာတာဖြစ်တယ်။

ဒါကြောင့် ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် သူ့အဓိပ္ပာယ်နဲ့သူရှိပါတယ်။ ဒီနာကျင်မှုတွေကို လက်ခံနိုင်တဲ့စိတ်နဲ့ သေသေချာချာသိနားလည်နိုင်မှ ကျွန်တော်တို့ကို အပြုဆောင်တဲ့အရာတွေ ပိုပေးလာနိုင်မှာဖြစ်တယ်။ နာကျင်မှုထဲကနေ ကြီးပြင်းရင့်ကျက်ဖို့ ပိုသင်ယူနိုင်မှာဖြစ်ပါတယ်။

-နိုင်းနိုင်းစနေ

Sunday, January 19, 2014

ဖိနပ်တိုက်ခဲ့တဲ့ သမ္မတ

>> ဖိနပ်တိုက်ခဲ့တဲ့ ဆင်းရဲသား ကောင်လေးဟာ ဘယ်သူလဲ <<

၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို မွေးဖွားခဲ့ပါတယ်..။ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား အရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်..။ ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အ၀တ်အထည် လုံလုံလောက်လောက်လည်း မ၀တ်ဆင် ခဲ့ရပါဘူး..။ ကျောင်းစ တက်စ အရွယ်မှာ ကောင်လေးဟာ ကျောင်းအားလပ် ချိန်တိုင်း ...အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့ပါတယ်..။ အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင် သူတို့အငတ်ခံနေကြရပါတယ်...။

ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ်... တစ်ညမှာ ပင်းမင်းဆိုင်က သူဌေး တစ်ဦး ဖိနပ်လာတိုက် ပါတယ်...။ ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်
ငါ ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေး ၃ယောက်
ရဲ့ တောင့်တနေတဲ့ မျက်ဝန်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါ
တယ်။ နောက်ဆုံးတော့ သူဌေးက အကြွေစေ့ ၂ စေ့ ကိုထုတ်ပြီး “ဖိနပ် တိုက်ခ ၂ ကျပ်ပေးမယ်... ဘယ်သူဖိနပ်တိုက်ပေးမလဲ...” ဆိုပြီးမေးပါတယ်။ ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက် ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်ဝန်းတွေဟာ အရောင်တွေလင်းလက် သွားတော့တာပေါ့....။ တစ်ယောက်က “ကျနော်တိုက်ပါရစေ.. မနက်ကတည်းက အစာမစားရသေးပါဘူး...၊ စားဖို့ ပိုက်ဆံမှမရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်....” ဆိုပြီး ပြောလေရာ... နောက်တစ်ယောက်က လည်း “ကျနော်တို့အိမ်မှာ အစာပြတ်နေတာ ၃ ရက်ရှိသွားပါပြီ...၊ အမေက လည်း နေမကောင်းဘူး..၊ အိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ..၊ ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျနော်အရိုက်ခံရတော့မယ်...” ဆိုပြီးပြောရှာပါတယ်...။ ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်..ပြီးတော့.... “တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ် ကျနော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ် ပေးလိုက်ပါ့မယ်...” လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက် အံ့အားသင့်သွားကြပါတယ်...။ “သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ..၊ သူတို့တကယ်ဆာနေကြတာ ပါ...၊ ကျနော်ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထား ရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်..၊ သူဌေးဖိနပ်ကို ကျနော် တိုက်ပါရစေ...၊ သူဌေးကျေနပ်စေရပါ့မယ်....” ကောင်လေးရဲ့စကားကြောင့် သူဌေးခံစားသွားရတယ်...။ ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ် ကိုပေးလိုက်တယ်..။ ကောင်လေးကဘာမှမပြောဘဲ သူ့အဖော် နှစ်ယောက် ကို ချက်ချင်းခွဲပေးလိုက်တယ်...။

ရက်အနည်းငယ်အကြာမှာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာ သူ့ပင်းမင်းဆိုင်မှာ အလုပ်ဝင်စေပါတယ်...။ ညစာထမင်းပါကျွေးခဲ့တယ်..။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက် တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်...။ ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့ အခွင့်အရေးဆိုတာကောင်လေးသိတယ်...။ ဒါကြောင့် နောင်တွေမှာလည်း အခက်အခဲရှိသူတိုင်းကို သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်...။ နောက်တော့ ကောင်လေး ဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့ပါတယ်...။ အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်...။ အသက် ၂၁ နှစ် အရွယ်မှာ အလုပ်သမား အသင်းထဲ သူဝင်ခဲ့တယ်...။ အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်.။ ၂၀၀၂ ခုနှစ် အောက်တိုဘာ လမှာ “ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး တစ်နေ့ကိုထမင်းသုံးနပ်မှန်မှန်စားစေ ရမယ်...” ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်...။ ပြည်သူအများရဲ့ ထောက်ခံ မှုကို ရရှိခဲ့ပြီး အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်...။ အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်...။ ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ်ပြန် လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ သူပြောခဲ့တဲ့ အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တယ်...။ တစ်နိုင်ငံလုံမှာရှိတဲ့ ၉၃% ကလေးငယ်တွေနဲ့ ၈၃% အရွယ်ရောက်ပြီးသူတွေကို တစ်န့သုံးနပ် မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ “မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘ၀ကနေ အမေရိကတိုက်ရဲ့ ခြင်္သေ့” အဖြစ် တကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်...။

သူကတော့ တခြားလူမဟုတ်ပါဘူး...။ ၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်...။

ဒါကြောင့် ဘယ်လိုဘ၀ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေ... ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဇွဲမလျှော့ပါနဲ့...။ လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာ ရှိနေပြီးသားပါ...။ အဲ့ဒီပန်းတိုင်ကိုရောက်အောင် သွားဖို့ကြိုးစားရမှာကသာ မိမိတာဝန်ဖြစ်ပါတယ်....။

Julyshwemoe

Source: Myanmar Market Economy

ကောသလမင်းအိမ်မက် ၁၆ ချက်

ကောသလမင်းအိမ်မက် ၁၆ ချက်
**********************
ကာသလမင်းကြီး မြင်မက်သောအိမ်မက်အား မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော်မူ၏။

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။ နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။ နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။ နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။ နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။ နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။ နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။ နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။ နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။ နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။ နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။ နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။ နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။ နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။ နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။ နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။ နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ) မှ ကူးယူ ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။

credit : ဣစ ၦာသယ ဘေလာ့

Saturday, January 18, 2014

ငွေနဲ့ဝယ်လို့မရတဲ့အရာ

ငွေနဲ့ဝယ်လို့မရတဲ့အရာ
==============

တစ်ခါတုန်းကအလွန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးဟာ ကျနော့်ဆေးခန်းကိုရောက်လာပါတယ်။သူမဟာ တန်ဖိုးကြီးအဝတ်အစားများနဲ့အဖိုးတန်ရတနာများကိုဝတ်ဆင်လာပါတယ်။နယ်စပ်မှာနေတဲ့အတွက် ဒီလိုမြင်ကွင်းမျိုးတွေ့မြင်နေကျဖြစ်ပေမယ့်သူမရဲ့ဝတ်ဆင်မှုက သူများထက်အများကြီးပိုနေတယ်လို့ထင်မိပါတယ်။သူမရဲ့နာမည်ကိုမေးကြည့်တော့မှ မရွှေကြိုင်ဖြစ်ပြီး၊အသက်မှာ ၃၆-နှစ်ဖြစ်ကြောင်းသိရပါတယ်။သူမကို သေသေချာချာစမ်းသပ်ကြည့်တော့လည်းထူးထူးခြားခြားရောဂါဆိုပြီး ဘာမှ မတွေ့ရပါ။သူမပြောစကားကိုနားထောင်ကြည့်တော့ သူမဟာ မကြာသေးခင်ကမှလင်ယောကျာ်းနဲ့ကွာရှင်းပြတ်ဆဲပြီးကြောင်းသိရပါတယ်။သူမရဲ့တောင်းဆိုမှုတွေကများလွန်းလာတာကြောင့်လင်ယောကျာ်းမှာ မခံနိုင်တော့၍ ကွာရှင်းခြင်းဖြစ်ကြောင်းလည်းပြောပြပါတယ်။အခု သူမမှာ တိုက်အိမ် သုံးလုံး၊ ကားသုံးစီးအပြင် ရတနာပစ္စည်းမြောက်များစွာ ပိုင်ဆိုင်နေပေမယ့်စိတ်ထဲမှာ အထီးကျန်၊အဖော်မဲ့နေကြောင်း၊စိတ်ထဲမှာလည်း ရောဂါတစ်မျိုးမျိုးရှိနေတယ်လို့ထင်မြင်မိကြောင်းပြောပါတယ်။လောလောဆယ်စိတ်သက်သာမှုရအောင် ဆေးကုသမှုပေးလိုက်ပြီး နောက်တစ်နေ့ကို ချိန်းလိုက်ပါတယ်။သူမဟာ ပြောတဲ့အတိုင်း လာပါတယ်။အဲဒီတော့မှ သူမကို အမျိုးသမီးတစ်ဦးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။သူမရဲ့နာမည်ကတော့ မစပယ်ဖြစ်ပါတယ်။မစပယ်ရဲ့ပြောပြတဲ့ဇာတ်လမ်းကို သေသေချာချာနားထောင်ဖို့နဲ့အဲဒီစကားဟာ မရွှေကြိုင်အတွက် အဖြေတစ်ခုခုရနိုင်ကြောင်းကျနော်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။မစပယ်က…“ ကျမရဲ့ခင်ပွန်းက အဆုပ်အအေးမိပြီး ဆုံးပါးသွားပါတယ်။နောက်ထပ်သုံးလကြာတော့ ရုတ်တရက်အန္တရာယ်ကျရောက်ပြီးသားလည်းဆုံးပါးခဲ့ပြန်ပါတယ်။ကျမမှာ ဘယ်သူမှ မကျန်၊ဘာမှ မရှိတော့ပါဘူး။ကျမငေးငေးငိုင်ငိုင်ခြေဦးတည့်ရာ လျှောက်သွားခဲ့ပါတယ်။အိပ်လည်းမရခဲ့ပါဘူး။စားသာ စားတယ် စားတယ်လို့လည်း မမှတ်မိပါဘူး။ဘယ်သူကိုတွေ့တွေ့ ပြုံးတောင် မပြုံးပြနိုင်ခဲ့ပါဘူး။အဲဒီအခြေအနေက နေကောင်းလာမယ်လို့တောင် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။တစ်ညမှာတော့ အလုပ်က အိမ်အပြန်မှာ ကြောင်လေးတစ်ကောင် ကျမနောက်က လိုက်လာတာကိုတွေ့ပါတယ်။အဲဒီကြောင်လေးအတွက် ကျမ စိတ်မကောင်းပါဘူး။အပြင်မှ အေးတယ်မို့လား။ဒါကြောင့် ကြောင်လေးကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပါတယ်။နွားနို့လည်း နည်းနည်းတိုက်လိုက်ပါတယ်။ကြောင်လေးက သူ့ကိုယ်လုံးနဲ့ကျမခြေထောက်ကို လာပွတ်ပါတယ်။အဲဒီတော့ ကျမပြုံးမိပါတယ်။အဲဒီအပြုံးဟာ လပေါင်းတော်တော်ကြာကြာအတွင် ပထမဆုံးအကြိမ်ပြုံးခဲ့မိတာပါ။အဲဒီအချိန်ကစပြီး ကျမရဲ့အတွေးပြောင်းခဲ့ပါတယ်။ဒီလိုကြောင်လေးတစ်ကောင်ကို ကူညီတာကငါ့ကို ပြုံးစေနိုင်တယ်ဆိုရင် အခြားလူတွေအတွက်ကောင်းတာလုပ်ပေးရင် ငါလည်းပျော်ရွှင်လာမှာပဲလို့တွေးမိလာပါတယ်။ဒါကြောင့် နောက်နေ့မှာ ကျမစားစရာတချို့ပြုလုပ်ပြီးအိပ်ရာထဲမှာလဲပြီး နေမကောင်းနေတဲ့ အိမ်နီးချင်းတွေကို သွားကျွေးခဲ့ပါတယ်။နေ့စဉ်လူတစ်ဦးဦးအတွက် ကောင်းတာတစ်ခုတော့ လုပ်ပါတယ်။ကောင်းတာလုပ်ပေးတော့ လုပ်ပေးခံရသူလည်းပျော်ပါတယ်။သူတို့ပျော်တာကြည့်ပြီး ကျမဝမ်းသာရပါတယ်။ငါ ဘယ်လောက်ရမလဲလို့ စဉ်းစားနေရင် လူတွေဟာ မပျော်ရွှင်နိုင်ပါဘူး။အခြားသူတွေကို ဘယ်လောက်ကူညီနိုင်မလဲဆိုတာ စဉ်းစားရင်တော့ ပျော်ရွှင်နိုင်ပါတယ်။အခုတော့ ကျမကောင်းကောင်းအိပ်နိုင် စားနိုင်ပါတယ်။ဘယ်သူမှ ကျမလောက် အိပ်ကောင်း၊စားကောင်းမယ်တောင် မထင်ပါဘူး။ကျမ ပျော်ရွှင်ချမ်းမြေ့မှုကို ဒီလိုနည်းနဲ့တွေ့ခဲ့ပါတယ်”လို့ ရှင်းပြပါတယ်။မစပယ်ရဲ့စကားကို ကြားရတော့မရွှေကြိုင်ဟာ ချုံးပွဲချ ငိုပါတော့တယ်။သူမမှာ ငွေနဲ့ပေးဝယ်နိုင်တာအားလုံး ရှိပါတယ်။ဒါပေမယ့် ငွေနဲ့ပေးဝယ်လို့မရတဲ့အရာ ဆုံးရှုံးခဲ့ပါတယ်။အဲဒီနောက် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်ပါတယ်။“ ဒီနေ့ကစပြီး အသုံးမကျတဲ့ ရုပ်လှလှဘဝကနေပြီးလူသားဆန်တဲ့ စိတ်လှလှဘဝကိုရအောင်ကြိုးစားပါတော့မယ်”လို့ပြောပြီးပြန်သွားပါတော့တယ်။

ပုရွက်ဆိတ်

ကမ္ဘာပေါ်မှာ ရှိတဲ့ ပုရွက်ဆိတ်အကုန်လုံးရဲ့ အလေးချိန်က ကမ္ဘာ့လူသားအားလုံးရဲ့ အလေးချိန်နဲ့ တူညီ
------------------------------------------------------------------------------------
တကယ်လို့ ခင်ဗျားအိမ်ကြမ်းပြင်မှာ အစားအစာတစ်ခုလောက် ပြုတ်ကျခဲ့ပြီး နောက်တစ်နာရီလောက်နေလို့  ပြန်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေ အုံခဲနေတာကို တွေ့ ရပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျား ပုရွက်ဆိတ်တွေကို သိပ်ဂရုစိုက်ဖြစ်မယ်မထင်ပါဘူး။ သူတို့ ဟာ အရမ်းသေးငယ်တဲ့အကောင်လေးတွေ၊ အဆိပ်မရှိဘူး၊ ပြီးတော့ ကြောက်စရာလည်းမကောင်းပါဘူး။ ဒါပေမယ့် ခင်ဗျား ဒီအချက်ကို သိပါသလား။ ပုရွက်ဆိတ်တွေဟာ ကျွန်တော်တို့ လူသားတွေထက် အဆပေါင်းများစွာ ပိုများပြီး ကမ္ဘာပေါ်မှာ လူသားဦးရေတစ်ယောက်ဆို ပုရွက်ဆိတ်အကောင်ရေက တစ်သန်း ရှိပါတယ်။ ပုရွက်ဆိတ် အဆတစ်သန်း မှာမှ လူသားက တစ်ဆပါ။

နောက်ထပ်ထူးခြားတာတစ်ခုက ပုရွက်ဆိတ်တစ်ကောင်ရဲ့ ခန္ဓာကိုယ်အရွယ်အစားအလေးချိန်ဟာ ပုံမှန်လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန်ရဲ့ အဆတစ်သန်းပုံ တစ်ပုံပဲ ရှိပါတယ်။ ဒီအတွက်ကြောင့် သချာင်္နည်းအရ ပျှမ်းမျှတွက်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ပုရွက်ဆိတ်အကုန်လုံးရဲ့ အလေးချိန်ဟာ လူသားအားလုံးရဲ့ အလေးချိန်နဲ့  ညီမျှပါတယ်။

ကမ္ဘာပေါ်မှာ ပုရွက်ဆိတ် အကောင်အမျိုးအစားပေါင်း တစ်သောင်းကျော်ရှိပြီး ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ထဲက သူတို့ ဟာ အသက်ရှင်နေထိုင်လာခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ ကျော်က ရှေးဦးပုရွက်ဆိတ်မျိုးနွယ်တွေကို ကျောက်ဖြစ်ရုပ်ကြွင်းအစေး တွေမှာ တွေ့ ရှိခဲ့ရပါတယ်။

ခေတ်တွေရွေ့ လျားလာတာနဲ့ အမျှ ပုရွက်ဆိတ်တွေဟာလည်း သူတို့ ရဲ့ ပုံစံ အနည်းငယ်ပြောင်းလာခဲ့ပြီး အသက်ရှင်နေထိုင်နည်းပုံစံတွေကို အောင်မြင်စွာ ပြောင်းလဲကျင့်သုံးနိုင်ခဲ့ပါတယ်။ တစ်ချို့  သိပ္ပံပညာရှင်တွေဟာ ပုရွက်ဆိတ်တွေ ဒီလို နှစ်သန်းပေါင်းများစွာ မျိုးဆက်မပျက်သုဉ်းဘဲ နေထိုင်နိုင်ခဲ့တာဟာ သူတို့ ရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ အမူအကျင့်ကြောင့်လို့ ယူဆကြပါတယ်။ ပုရွက်ဆိတ်တွေဟာ အုပ်စုဖွဲ့  ပြီးသား နေထိုင်ကြပြီး ရှာဖွေတွေ့ ရှိလာတဲ့ အစားအသောက်တွေကို သူတို့ မျိုးနွယ်စုတွေနဲ့ အတူဝေမျှ စားသောက်ဖို့ ဘယ်နေရာကမဆို အသိုက်ကို ပြန်သယ်လေ့ရှိပါတယ်။

ငိငိ

ကိုယ့်အတွက်မဟုတ်ပင်မဲ့ တင်လိုက်တယ်

ensitive လေဒီလေးတွေကို ဘယ်လိုချဉ်းကပ်သင့်လဲ အမျိုးသားတစ်ဦးဟာ နှုတ်ဆက်စကားတစ်ခွန်းကြောင့်တော့ အမှားမတွေ့နိုင်ဘူးလို့ ထင်နေမှာပေါ့။ ဒါဆိုရင်တော့ မှားပါတယ်။ အမျိုးသမီးတွေဟာ ထိလွယ်ရှလွယ်ပြီး သဘောထားလည်း သိပ်မကြီး တတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ သူမနဲ့ ရင်းနှီးမှု ယူလိုတယ်ဆိုရင်တော့ မပြောသင့်တဲ့ နှုတ်ဆက်စကား လေးတွေကို သတိထားရှောင်ရှားဖို့တော့ လိုပါလိမ့်မယ်။ (၁) မင်းကသိပ် အပြစ်ကင်းရိုးသားတာပဲ။ ဒီစကားကို ဘာသာပြန်ကြည့်မယ်ဆိုရင်တော့ သင်ဟာ သိပ်ပြီး အတွေ့အကြုံမရှိသူလို့ ထင်ချင်စရာ ရှိပါတယ်။ ဘယ်မိန်းကလေးကမှ သူမတို့ကို ရိုးတယ်လို့ သင်တွေးနေတာကို မလိုချင်တတ်ကြပါဘူး။ သူမကို ကောင်းကောင်းမသိသေးဘဲနဲ့ ရမ်းသမ်းပုံဖော်တယ်လို့ ထင်ချင်စရာရှိပါတယ်။ နောက်တစ်ချက်က innocent ဆိုတာ “လှည့်စားဖို့လွယ်ကူတယ်” ဆိုပြီး ပြောချင်တာလို့လည်း အဓိပ္ပါယ်ကောက်နိုင်ပါတယ်။ သင့်ဟာ သူမအပေါ် အခွင့်အရေးယူလိုသူ တစ်ယောက်လို့တော့ မထင်မခံချင်ဘူးမဟုတ်လား။ (၂) မင်းဒီနေ့ဘာလုပ်မှာလဲ?။ မင်းဒီနေ့ အရမ်းလှတယ်နော်။ ဒီလိုဆိုတော့ သူမက “အိုး - ဒါဆို အခါတိုင်းနေ့တွေမှာ ငါကဘာနဲ့များတူနေလို့တုန်း” ဆိုပြီးတွေး မိတတ်ပါတယ်။ သင်က ဒီလိုမျိုး မဆိုလိုရင်တောင်မှ သူမက အဲဒီလိုယူဆပါလိမ့်မယ်။ အမျိုးသမီးတွေ ဆိုတာက သူတို့ကိုယ်သူတို့ နေ့တိုင်းမှာလှပပြီး ကြည့်ကောင်းနေတယ်လို့ အထင်ရောက်နေ တတ်တာမျိုးလေ။ ဒါကြောင့် “မင်းကိုကြည့်ရတာ အရမ်းလှတာပဲ” ဆို လုံလောက်ပြီဖြစ်လို့ “ဒီနေ့” ဆိုတဲ့ စကားကိုတော့ ကြပ်ကြပ်ကြီး ရှောင်ရှားရပါလိမ့်မယ်။ (၃) မင်းကြည့်ရတာ ကျန်းမာတဲ့ပုံပဲ။ မင်းဝလာတယ် (ဒါမှမဟုတ်) ၀ိတ်တက်လာတယ် ဆိုပြီး ပြောချင်တာလို့ ထင်ချင်စရာရှိပါတယ်။ ဒီစကားလုံးကို နှုတ်ဆက်စကားအဖြစ်သုံးမယ် စဉ်းစားထားရင်တော့ sorry ပါ။ ဒါဟာ သင့်ရဲ့ dating game ကို ထာဝရနီးပါး အဆုံးသတ်သွားစေနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန်အကြောင်းကို စကားပြောရာမှာ ဘယ်တော့မှ ထည့်မပြောပါနဲ့။ (၄) အရွယ်တင်တယ်နော် ။ ဒါကလည်း ရှော့်ခ်ရှိတဲ့ စကားပါပဲ။ တကယ်လို့များ အသက် (၄၀)အရွယ် အမျိုးသမီး တစ်ယောက်ကို ဒီလိုပြောလိုက်မိမယ်ဆိုရင် “(၄၀)ဆိုတာ အတော်များအိုတဲ့အရွယ်လို့ ထင်နေလားမသိဘူး” ဆိုပြီး သူမစိတ်ထဲ တွေးနေပါလိမ့်မယ်။ ဒါကြောင့် အမျိုးသမီးတွေနဲ့ စကားပြောရာမှာ ကိုယ်ခန္ဓာအလေးချိန် ၊ အသက်အရွယ် စတာတွေကို ဝေးဝေးပို့ထားလေ အန္တရာယ် ကင်းလေပါပဲ။ တခြားအကြောင်းအရာတွေနဲ့ အစားထိုးပြောတာ အကောင်းဆုံးပါ။ သူမတို့က အလှအပနဲ့ ပတ်သက်ရင် sensitive ဖြစ်တတ်လွန်းတယ်လေ။ (၅) မင်းက ပိုပြုံးလေ ပိုလှလေပဲနော်။ တကယ်လား?။ ဘယ်အမျိုးသမီးကမှတော့ သွားဖြဲပြီး ရယ်နေရတာမျိုး မျက်နှာပေါ် အချိန်ပြည့် တပ်ဆင်မထားနိုင်ပါဘူး။ ဒါဆို သူမ ပြုံးမနေတဲ့ အချိန်တိုင်းမှာ ရုပ်ဆိုးနေတယ်လို့ ဆိုလိုတာပေါ့။ သင်က ဒီလို မရည်ရွယ်သည့်တိုင်အောင် သူမကတော့ အသည်းနုတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တာကြောင့် ဒီလိုပဲ ထင်မှာပါပဲ။ သင်ဒီလိုပြောလိုက်ရင်တော့ သူမကို မကြာမကြာ ရယ်နေအောင် လုပ်ပေးဖို့ တာဝန်ယူသင့်ပါတယ်။ ဘာကြောင့်လဲဆို မကြာမကြာ ထ ထရယ်ဖို့က လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲ။ ဒီလိုဆိုတော့ သူမတို့က သိပ်ပြီး အထအနကောက်လွယ်တာပဲ လို့ စောဒကတက်စရာရှိပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဇီဇာကြောင်မယ် ၊ စိတ်ကောက်မယ် ၊ အပြစ်ရှာမယ်၊ မြည်တွန်တောက်တီးမယ်။ အမျိုးသမီးတစ်ဦးမှာ ဒီလိုအရည်အချင်း အများကြီးမဟုတ်တောင် တစ်ခုတလေတော့ ရှိတတ်ပါတယ်။ ဒါတွေကြောင့်ပဲ အမျိုးသမီးတွေရယ်လို့ ဖြစ်နေတာပေါ့။ ဒီလိုပြောလို့ သူမတို့ဟာ စိတ်ပျက်စရာတွေတော့ မဟုတ်ပါဘူး။ သူမတို့ရဲ့ တခြား ကောင်းတဲ့ အရည်အချင်းတွေလည်း အများကြီး ရှိပါသေးတယ်။ Ref:mensxp Trend Myanmar

ဆရာနဲ့တပည့်

ဆရာနဲ့တပည့်

ဆရာ။ ။ကမ္ဘာကျော် နှာဗူးမင်းသားကြီးရဲ့အမည်ကိုသိချင်ပါတယ်တပည့်

တပည့်။ ။ ဂျိမ်းစ်ဘွန်းပါ ဆရာ

ဆရာ ။ ။ twillight ကားထဲမှာ မင်းသားက မင်းသမီးကို အခြား vampire တွေရဲ့ သွေးစုပ်ခြင်းမခံရအောင် ကယ်ခဲ့တာ ဘာဖြစ်လို့လဲ

တပည့် ။ ။ သူ စုပ်ချင်လို့ပါဆရာ

ဆရာ ။ ။တပည့်တို့တရုတ်ပြည်ရောက်ရင်ပထမ ဆုံးပြောရမဲ့စကားက....

တပည့် ။ ။ ကျူးမီးဝါး ပါဆရာ

ဆရာ ။ ။မြန်မာလူမျိုးများရဲ့ အတောင့်တဆုံးအရာက....

တပည့် ။ ။ ၁၅၀၀ တန် ဖုန်းပါ ဆရာ

ဆရာ ။ ။အဆိုတော်ဝိုင်းဝိုင်းရဲ့ သီချင်းတွေ ဘာလို့ လူကြိုက်များတာလဲ

တပည့် ။ ။တရုတ်ပြည်မှာ..ကျော်ကြားပီးသားဖြစ်နေလို့ပါ

ဆရာ ။ ။Metal ဂီတ ဆိုတာဘာလဲ

တပည့် ။ ။နားထောင်ရင် ရင်ကွဲပီး.....ဆိုလိုက်ရင်ဖင်ပြဲတဲ့ဂီတပါဆရာ

ဆရာ ။ ။ရန်ကုန်မြို့ လမ်းလည်ခေါင်မှာ touch mobile တစ်လုံးကိုင်ပီး ဟိုပွတ်ဒီပွတ် လုပ်နေတဲ့ သူတွေကိုဘယ်လိုမြင်လဲ

တပည့် ။ ။မျောက်အုန်းသီး ရနေတယ်လို့မြင်ပါတယ်ဆရာ

ဆရာ ။ ။ဆရာတို့မြန်မာပြည်မှာ သယံဇာတ တွေ...ပေါများကြောင်းကို ဘယ်သူတွေပိုသိသလဲ

တပည့် ။ ။တရုတ်တွေကပိုသိပါတယ် ဆရာ

ဆရာ ။ ။ ဘွဲ့ရပီးရင် ဘာလုပ်မယ်လို့စိတ်ကူးတုန်း...

တပည့် ။ ။အဖေ့ ဆိုက်ကား ၀င်နင်းမယ်လို့ စိတ်ကူးထားပါတယ် ဆရာ

ဆရာ ။ ။ဆေးလိပ်များများသောက်ရင်ဘာဖြစ်မလဲ

တပည့် ။ ။ အငွေ့ များများ ထွက်ပါမယ် ဆရာ

တိန်......

ရီမောပျော်ရွှင်ပါစေ....

Lon Ely

အံ့ဖွယ်ရှစ်ဖြာ သာသနာ

"" အံ့ဖွယ်ရှစ်ဖြာ သာသနာ ""
~~~~~~~~~~~~~~~~
 ဂေါတမရှင်တော် ဗုဒ္ဓလက်ထက် ဘုရားရှင်သည် ဝေရဉ္ဇနာပြည်အနီး “နရေရု” ခေါ်တဲ့ တမာပင်ရင်းမှာ သီတင်းသုံးနေစဉ်အချိန် - - ပဟာရာဒ ခေါ်အသူရိန်နတ်မင်းကြီးက ဘုရားရှင်ကို မေးတဲ့စကားဖြစ်ပါတယ်။ အသူရိန် နတ်မင်းကြီးကို ဘုရားရှင်ကစပြီး “ သင်နေထိုင်ရာဖြစ်တဲ့ သမုဒ္ဒရာကြီးမှာ အံ့သြဖွယ်ရာ ဘယ်နှစ်မျိုးရှိသလဲ ” ၊ “ အံ့သြဖွယ်ရာ ရှစ်မျိုးရှိပါတယ်ဘုရား ” လို့လျှောက်ထားပါတယ်။ အဲဒီနောက် ပဟာရာဒ အသူရိန်နတ်မင်းကြီးကလည်း “ မြတ်စွာဘုရား . . အရှင်ဘုရားရဲ့ သာသနာမှာရော အံ့ဖွယ်ရာ ဘယ်နှစ်မျိုး ရှိပါသလဲဘုရား ” . . . ငါဘုရားရှင်တည်ထောင်ခဲ့တဲ့ သာသနာဆိုတာလည်း အံ့ဖွယ်ရှစ်မျိုးနဲ့ ပြည့်စုံတဲ့ သာသနာတော်မြတ် ဖြစ်ပါတယ်၊ အဲဒီ အံ့ဖွယ်ရှစ်ဖြာ သာသနာဆိုတာ ဘာတွေလည်းဆိုရင် . . . ၁။ မဟာသမုဒ္ဒရာကြီးဆိုတာ အစဉ်အတိုင်း နက်သွားတယ် အစကတည်းက နက်သွားတာမဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ နက်မှန်းမသိ နက်သွားသလိုပဲတဲ့။ ဒီဥပမာလို ငါဘုရားသာသနာတော်မြတ်ကြီးကလည်း အစဉ်အတိုင်း သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်အတိုင်း တဖြည်းဖြည်း မြင့်မားလာသလို။ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးရဲ့ အကျိုးကျေးဇူးကြောင့် ပြန့်ပွားလာတဲ့ အကျင့် ပဋိပတ်ဆိုတာကလည်း ဒီလိုပါပဲ၊ အရဟတ္တမဂ် အရဟတ္တဖိုလ် ရဖို့ရာအတွက် သာသနာရဲ့ အဆုံးအမ ကျင့်စဉ်ကလည်း အစဉ်အတိုင်း လေးနက်သွားတယ်။ ဒါနပြုတယ်ဆိုတာ ရလာတဲ့လူ့ဘ၀ကို စီးပွားဥစ္စာတွေ နှင့် ပြည့်စုံစေတယ်။ သီလဆိုတာက ကိုယ်နှုတ်စိတ်ကို ထိန်းသိမ်းပြီး နေထိုင်ကျင့်သုံးရင် အနာရောဂါကင်း ကျန်းမာခြင်းနှင့် ပြည့်စုံစေတယ်၊ ၀ိပဿနာဆိုတာက စိတ်ရဲ့ အညစ်အကြေးဖြစ်တဲ့ ကိုယ်တွင်းကိလေသာ အပူမှန်သမျှကင်းဝေး၊ သောကဟူသမျှ ချုပ်ငြိမ်းစေတယ်။ ဒါ အံ့ဖွယ်တစ်ခု ဒီအံ့ဖွယ်က တခြားသော ဘာသာအယူဝါဒတွေမှာ မရှိပါဘူး။ ထေရ၀ါဒ သာသနာတော်မှာပဲရှိပါတယ်။ ဒါက ထူးခြားတဲ့ ဂုဏ်တစ်မျိုးပါ။ ဆောင် - သီလကစ နိဗ္ဗာန်ထိအောင် တစ်စ တစ်စ နက်နဲစွာ သာသနာ့ အံ့ဖွယ်တော်။ ၂။ မဟာသမုဒ္ဒရာကြီးထဲကရေတွေ ဘယ်လောက်များများ ကမ်းကို လွန်သွားတယ်ဆိုတာ မရှိ။ အင်း၊ အိုင်၊ ကန် တွေ ရေလျှံပေမယ့် မဟာသမုဒ္ဒရာကြီးထဲက ရေတွေကတော့ လျှံတယ်ဆိုတာ မရှိဘူးတဲ့၊ မဟာသမုဒ္ဒရာကြီးရဲ့ အံ့ဖွယ်ပါပဲ။ သာသနာမှာလည်း သာသနာ့ဝန်ထမ်း ရဟန်းတော်တွေဟာ ဘုရားရှင် ပိုင်းခြားသတ်မှတ်ထားတဲ့ ကိုယ်ကျင့်သီလ သိက္ခာဝိနည်း စည်းကမ်း (ဥပဒေ) သိက္ခာပုဒ် ပညတ်ချက်တွေကို မကျော်လွန်ကြဘူး။ ဆောင် - ၀ိနည်းစည်းကမ်း၊ မကျော်လွှမ်းဘဲ ရဟန်းပီသ၊ ကျင့်ကုန်စွ သာသနာ့အံ့ဖွယ်တော်။ ၃။ မဟာသမုဒ္ဒရာကြီးမှာ လူသေကောင်ပုဒ်၊ ခွေးသေပုပ်တွေရှိရင် ကြာကြာမနေနိုင်၊ မဟာသမုဒ္ဒရာကြီးရဲ့ လှိုင်းခတ်ပေးတဲ့ အတွက်ကြောင့် အပုပ်နဲ့ အညစ်အကြေးမှန်သမျှ လွင့်စင်သွားတယ်။ မဟာသမုဒ္ဒရာကြီးထဲမှာ ကြာကြာမနေနိုင်ဘဲ ကမ်းကိုရောက်သွားသလို၊ ထို့အတူ ဘုရားရှင်သာသနာမှာလည်း မဟုတ်တဲ့ အကျင့်တွေကို ကျင့်နေတဲ့ ဆန့်ကျင်ဘက် မှန်သမျှ မကောင်းတဲ့အကျင့်တွေကို ကျင့်ပြီး အပုပ်နံ့ ရှိတဲ့သူတွေ ဘုရားရှင်သာသနာမှာ ကြာကြာနေခွင့် မရှိဘူး။ သံဃာဝိနည်းစည်းကမ်းနဲ့ မညီညွတ်ရင်သံဃာက လက်မခံ၊ ဖယ်ထုတ်ခြင်း ခံရတယ်။ ဘုရားရှင် သာသနာက အပုပ်နံ့တွေမရှိ ပကတိစင်ကြယ်နေတယ်။ ဆောင် - ရဟန်းဒုဿီ၊ အလဇ္ဇီသို့ မတည်နိုင်ကြ ကင်းစဉ်ပ၊ သာသနာ့အံ့ဖွယ်တော်။ ၄။ ဂင်္ဂါ၊ ယမုံနာ၊ အစိရ၀တီ၊ သရဘူ၊ မဟီ ဆိုတဲ့မြစ်ကြီးငါးသွယ်ထဲကရေတွေသည် အမည်တွေအမျိုးမျိုးပြောင်းလဲစီးဆင်းနေပေမယ့် မဟာသမုဒ္ဒရာ မြစ်ကြီးထဲကို ရောက်လာတဲ့ ရေတွေအားလုံး အမည်တစ်မျိုးတည်းဖြစ်သွားတယ်။ သာသနာမှာလည်း လူအမျိုးမျိုး၊ ဇာတ်အမျိုးမျိုးတို့သည် မြတ်ဗုဒ္ဓ သာသနာ့ဘောင်တွင်းသို့ ၀င်ရောက်လာပါက မင်း၊ သူကြွယ်၊ သူဌေး၊ ဆင်းရဲသား စသည် မခွဲခြားပဲ ဘုရားသားတော်အဖြစ်သို့သာတည်သွားတယ်။ ဒါက သာသနာရဲ့ အံ့ဖွယ်တစ်ပါးပါ။ ဆောင် - ရဟန်းဖြစ်လျှင်၊ မျိုးဇာတ်စဉ်၍၊ ခေါ်တွင် သမဏ အမည်ရ၊ သာသနာ့အံ့ဖွယ်တော်။ ၅။ မဟာသမုဒ္ဒရာကြီးသည် ကောင်းကင်က ကျလာသော ရေတွေအားလုံး မြစ်ကြီးငါးသွယ် ဘယ်ကလာတဲ့ ရေပဲဖြစ်ဖြစ် သမုဒ္ဒရာကြီးထဲကို ရောက်လာရင် လျော့လျှံသွားတယ်မရှိဘူး။ ဒီအတိုင်းပဲ သာသနာတော်အတွင်းမှာ နိဗ္ဗာန်ကို စံဝင်သွားတဲ့ ပုဂ္ဂိုလ်မြတ်တွေ ဘယ်လောက်ရှိရှိ နိဗ္ဗာန်ကြီးက လျော့သွားတယ် မရှိဘူး။ အားလုံး လက်ခံတဲ့ သဘာဝရှိတယ်။ ဆောင် - ရွှေပြည်နိဗ္ဗာန်၊ အများစံလည်း၊ ပြည့်လျံကင်းပ၊ ထူးခြားလှ သာသနာ့အံ့ဖွယ်တော်။ ၆။ မဟာသမုဒ္ဒရာကြီးက ရေတွေသည် အရသာတစ်မျိုးပဲရှိသလို၊ အဲဒီအရသာတစ်မျိုးဟာ ဆားငံဆိုတဲ့ အရသာတစ်မျိုးတည်းရှိခြင်းက မဟာသမုဒ္ဒရာကြီးရဲ့ အံ့ဖွယ်တစ်ရပ်ပဲဖြစ်ပါတယ်။ ထို့အတူ ဦးဇင်းတို့သာသနာတော်မှာလည်း ဒါန၊ သီလ၊ ၀ိပဿနာတွေကျင့်သုံး လိုက်နာပြီးရင် နောက်ဆုံးအနှစ်ဖြစ်တဲ့အရသာကတော့ သံသရာက လွတ်မြောက်မှု၊ ထွက်မြောက်ရာ အမှန်ဖြစ်တဲ့ ၀ိမုတ္တိရသ တစ်မျိုးတည်းသာရှိတယ်တဲ့။ ကိလေသာအပူဘေးက လွတ်မြောက်သူတိုင်း ရရှိတဲ့အကျိုးကျေးဇူး ထူးခြားမှုပါ။ ဒါကလည်း ထူးခြားတဲ့ အံ့ဖွယ်ရာတစ်ပါး ဖြစ်ပါတယ်။ ဆောင် - မဂ်ဖိုလ်ရရှိ၊ ခံစားဘိ၊ ၀ိမုတ္တိရသ၊ တူညီမှ သာသနာ့အံ့ဖွယ်တော်။ ၇။ သမုဒ္ဒရာကြီးဟာ ရတနာအမျိုးမျိုးတို့ရဲ့ တည်ရှိရာနေရာဖြစ်တယ်။ ပါဠိလိုကတော့ “ ရတနာကရ ” တဲ့။ ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ သန္တာ၊ နီလာ၊ ပတ္တမြား အစရှိတဲ့ ရတနာများစွာ ရတနာအမျိုးမျိုးတို့ရဲ့ တည်ရာဖြစ်တယ်။ အဲဒီလို ထေရ၀ါဒ မြတ်ဗုဒ္ဓသာသနာတော်မှာလည်း (၁) သတိပဌာန် - တည်းဟူသောရတနာ (၂) ဣဒ္ဓိပါဒ် - တည်းဟူသောရတနာ (၃) မဂ်ဖိုလ် - တည်းဟူသောရတနာ (၄) မဂ္ဂင်ရှစ်ပါး - အစရှိသောရတနာ (၅) ဗောဓိပက္ခိယတရား - စသည့်တည်ရှိရာ ရတနာအမျိုးမျိုးကိုနှစ်သက်သူတိုင်း၊ ငြိမ်းချမ်းလိုသူတိုင်း၊ ရယူကျင့်သုံးနိုင်တယ်။ လောကလူတွေ သာသနာရဲ့ အနှစ်ဖြစ်တဲ့ ၀ိပဿနာတရားအလုပ် အားထုတ်တဲ့ သူတွေကတော့ သာသနာရဲ့ အဆီအနှစ်ကို ဖော်ထုတ်စားသုံးနိုင်ကြတယ်။ သိသူဖော်စားကြလို့ ဒုက္ခခပ်သိမ်း ငြိမ်းကုန်ကြတယ်။ မသိသူတွေကတော့ ကျော်လွန်သွားကြလို့ဆင်းရဲဒုက္ခ ဖြစ်နေကြရတယ်။ ငါ၊ ငါ့ဥစ္စာ၊ ငါ့ဇနီး၊ ငါ့သမီး ဆိုတဲ့ မမြဲခြင်းတွေကို မြဲတယ်ထင်ပြီး စွဲလန်းမှုတွေနဲ့ ဘ၀နိဂုံး အဆုံးသတ်ပြီး ချားရဟတ်လို လည်ပတ်ကာ ကုသိုလ်အလုပ် ၀ိပဿနာအလုပ်တွေ မေ့လျော့နေကြတယ်။ သိသူတွေက ဘ၀တန်ဖိုးကို နားလည်ကြတယ်။ လူ့ဘ၀ ခဏလေးကို ဓမ္မဖြင့် ဘ၀ကို အလှဆင်ကြတယ်။ အဲဒီရတနာအမျိုးမျိုးက ဘုရားရှင်ပွင့်တဲ့ အခါမှာပဲ ဒီအခွင့်အရေးမျိုးကို ရရှိနိုင်ပါတယ်။ ဒါလည်း ဘုရားရှင် သာသနာတော်ကြီးရဲ့ ထူးခြားတဲ့ “ အစ္ဆရိယ ” အံ့သြဖွယ်တစ်ပါး ဖြစ်ပါတယ်။ ဆောင် - ဗောဓိပက္ခိယ၊ ဓမ္မရတနာပြည့်စုံစွာ၊ သာသနာ့အံ့ဖွယ်တော်။ ၈။ မဟာသမုဒ္ဒရာကြီးဟာ ကြီးကျယ်သော သတ္တ၀ါတို့ရဲ့တည်နေရာ နတ်တွေ၊ နဂါးတွေ စသည့် ရေပိုင်နက်မှာ နေထိုင်ကြသည့် သတ္တ၀ါကြီးတွေရဲ့ တည်ရာနေရာဖြစ်တယ်။ အဲဒီလိုပါပဲ ထေရ၀ါဒ သာသနာတော်မြတ်ကြီးကလည်း ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တို့၏တည်နေရာ မဂ္ဂဌာန်ပုဂ္ဂိုလ်လေးယောက်၊ ဖလဌာန်ပုဂ္ဂိုလ်လေးယောက်တို့၏ တည်နေရာ အရိယာမွန်၊ အရိယာပုဂ္ဂိုလ်တွေရဲ့တည်နေရာဖြစ်တယ်။ ထူးခြားမွန်မြတ်သော ဘုရားရဟန္တာမထေရ်၊ အရိယာသူတော်စင် သူတော်ကောင်းတို့ရဲ့ တည်နေရာမို့ “ အစ္ဆရိယ ” သာသနာ အံ့ဖွယ်ရှစ်ဖြာ သာသနာတော်မြတ်ကြီးပါ။ ဒီအခွင့်အရေးမျိုးက မြတ်ဗုဒ္ဓသာသနာမှာပဲ ရှိပါတယ်။ ဆောင် - မဂ်ဖိုလ်ရပြီး ပုဂ္ဂိုလ်ကြီးတို့၊ ခိုမှီး ပျော်ရာ မွေ့လျော်ရာ၊ သာသနာ့အံ့ဖွယ်တော်။ အရှင်တိလောကသာရ (နတ်မောက်)၏ -“ ရဟန်းဘ၀တန်ဖိုး သင်္ကန်းတန်ခိုး ” စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

မိုးပေါ်ပျံတက်စေတဲ့အရာ

မိုးပေါ်ပျံတက်စေတဲ့အရာ
==============
တစ်ခါက မိုးပျံပူပေါင်းတွေကို ဈေးပွဲမှာရောင်းပြီးအသက်မွေးသူတစ်ယောက်ရှိပါတယ်။ သူ့မှာ အနီရောင်၊ အ၀ါရောင်၊ အစိမ်းရောင် တွေအပါအ၀င် မိုးပျံပူပေါင်းရောင်စုံရောင်းပါတယ်။

-
သူဟာ ဈေးရောင်းမကောင်းတဲ့အခါတိုင်း ဟီလီယံဓာတ်ငွေ့ဖြည့်ထားတဲ့ မိုးပျံပူပေါင်းတွေကို ကလေးတွေရှေ့မှာ ကောင်းကင်ကိုလွှတ်တင်ပြပါတယ်။ အဲဒါကိုမြင်တဲ့ကလေးတွေဟာ မိုးပျံပူပေါင်းတွေကို ၀ယ်ချင်လာပါတယ်။ ကလေးတွေလာဝယ်ကြတဲ့အခါမှာ သူဟာ ဈေးရောင်းကောင်းလာပြန်ပါတယ်။ဒီလိုနည်းနဲ့သူ တနေကုန်အောင်ရောင်းချပါတယ်။ ဒီလိုနဲ့ မိုးပျံပူပေါင်းရောင်းသမားရဲ့အိတ်ဟာ တစ်နေ့အရောက်မှာ ဖောင်းလာရပါတယ်။
-
သူဈေးလှည့်ရောင်းနေတဲ့ တစ်နေ့မှာ ကောင်လေးတစ်ယောက်ကသူ့ကိုမေးတယ်။
“ဈေးသည်ကြီး၊ အနက်ရောင်ပူပေါင်းကို လွှတ်တင်လိုက်ရင်လည်း မိုးပေါ်ကိုပျံမှာပဲလား၊ သားမသိလို့” လို့မေးလာပါတယ်။
-
အဲဒီအခါမှာ မိုးပျံပူပေါင်းရောင်းတဲ့ ဈေးသည်ကြီးဟာ ကလေးငယ်ကို ဂရုဏာသက်စွာနဲ့ အခုလိုဖြေပေးပါတယ်။
“သားငယ်လေးရေ၊ မိုးပေါ်ပျံတက်ဖို့ရာ အရေးကြီးတာ ပူပေါင်းရဲ့အရောင်အဆင်းမဟုတ်ပါဘူး။ ပူပေါင်းအတွင်းထဲမှာ ထည့်ထားတဲ့အရာပါ။”
-
ကျွန်တော်တို့တွေရဲ့ဘ၀တွေဟာလည်း ထိုနည်းတူစွာပါပဲ။ အတွင်းပိုင်းမှာ ရှိသောအရာကပဲ အရေးပါတာပါ။ အတွင်းပိုင်းမှာရှိတဲ့ မိုးပေါ်ကိုပျံတက်စေတဲ့အရာကတော့ ကျွန်တော်တို့တွေရဲ့ သဘောထားပါပဲ။
***********
Source: English-မြန်မာ စာပဒေသာ

အဆံချောင်တဲ့ဝါးပင်

စာအုပ်မရှိတဲ့ဘဝက အဆံချောင်တဲ့ဝါးပင်လိုပဲ။
===============
စာဖတ်ခြင်းက ခန္ဓာကိုယ်ပေါ်က ပျော့ညံ့၊ ကြမ်းတမ်းတာတွေကို လျော့နည်းစေတယ်။ ယောက်ျားတစ်ယောက်ကပြောတယ် "အိမ်ထောင်ပြုပြီးတဲ့
အမျိုးသမီးတစ်ယောက်ဟာ စာဖတ်မှပဲ မကြမ်းတမ်း၊ ဒုံးမဝေး၊ မသိမ်ငယ်တတ်မှာ"တဲ့။ ဟုတ်ပါတယ်.. စာပေနဲ့ဝေးရင် လူဟာတဖြည်းဖြည်း ကြမ်းတမ်းရိုင်းစိုင်းလာတတ်ပါတယ်။
မိန်းမပျိုငယ်လေးတိုင်းလိုလိုက စိ...တ်ကူးယဉ်ဆန်တတ်ကြတယ်၊ ဘဝရဲ့အချုပ်အနှောင်၊ အခက်အခဲကို သူတို့ တကယ်မခံစားရသေးဘူး။
သူတို့ကြုံရတဲ့အခက်အခဲတချို့ဆိုတာ စာဖွဲ့လို့မရသေးဘူး၊ သူတို့ရဲ့စိတ်ကူးအိပ်မက်ကလည်း နွေဦးရွက်ကြွေကို ပူဆွေးတဲ့အိပ်မက်လေးတွေ၊
အိမ်ထောင်ပြုပြီးတဲ့မိန်းကလေးမှာ စိတ်ကူးယဉ်ဆန်မှုတွေ၊ စိတ်ကူးအိပ်မက်တွေ လျော့နည်းသွားတယ်။ မိသားစုဝေယျဝစ္စအတွက် သူတို့ရဲ့အချိန်တော်တော်များများကို
စတေးလိုက်ရတယ်။ မိန်းကလေးတချို့က အလုပ်တွေများရင်းကနေ ကိုယ့်ကိုယ်ကိုမေ့လျော့လာခဲ့ကြတယ်၊ ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့စိတ်ဝိညာဉ်ကို ဂရုစိုက်ထိန်းသိမ်းဖို့ ပိုလို့မေ့လျော့သွားခဲ့ကြတယ်။
စာအုပ်ကိုချစ်တဲ့ မိန်းကလေးတွေက သူတို့ဟာ အားလပ်ချိန်မှာ သူတို့ကိုယ်သူတို့ ပဲ့ပြင်တယ်၊ ပြုစုပျိုးထောင်တယ်။ စာအုပ်ကိုချစ်သလို သီချင်းတွေကိုလည်း သူတို့ချစ်တယ်။ အားလပ်ချိန်မှာ သံစဉ်တွေနဲ့ သူတို့ရဲ့စိတ်နှလုံးကို သာယာစေတယ်။ ပျော်ရွှင်စေတယ်။
ရာစုသစ်တစ်ခုမှာ ရှင်သန်နေတဲ့ငါတို့က စာအုပ်ကိုချစ်သင့်တယ်။ စာအုပ်ကို ချစ်တယ်၊ ဖတ်တယ်၊ စုဆောင်းတယ်။ စာအုပ်တွေနဲ့ ဖက်လှဲတကင်းနေထိုင်၊ ပေါင်းသင်းတဲ့အချိန်ဟာ ဘဝကိုခံစားသက်ဝင်ရ အပျော်ဆုံးအချိန်ဖြစ်တယ်။
စာဖတ်တဲ့လူဟာ ကောင်းကင်ပေါ်က ကြယ်ကလေးတွေဖြစ်တယ်။ လရောင်ကြောင့်လင်းလက်တဲ့ကောင်းကင်ကို ပိုတောက်ပစေတယ်။ သန်မာကြံ့ခိုင်တဲ့စိတ်ဓာတ်၊ မိမိကိုယ်ကိုယ်ယုံကြည်တဲ့ ခေတ်လူငယ်တစ်ဦးဖြစ်ချင်ရင် စာဖတ်ခြင်းက အကောင်းဆုံးရွေးချယ်ရာလမ်းဖြစ်တယ်။
စာအုပ်က လူတွေကို ရိုင်းစိုင်းကြမ်းတမ်းခြင်းနဲ့ ဝေးကွာစေတယ်၊ သိမ်ငယ် အားငယ်ခြင်းကို ဖယ်ရှားပေးတယ်။ မိန်းကလေးတစ်ယောက်ကို ချစ်ခင်နှစ်လိုစွဲမက်စေတယ်။ စာဖတ်တဲ့သူဟာ စာအုပ်ရနံ့နဲ့ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင် လုပ်တယ်။
သူဟာတိမ်တစ်ပွင့်လို ဖြူစင်နိုင်တယ်၊ ရေနွေးကြမ်းတစ်ခွက်လို မွှေးပျံ့နိုင်တယ်၊ ကန်ရေပြင်လို အေးဆေးတည်ငြိမ်နိုင်တယ်၊ ညနေဆည်းဆာလို အရောင်အသွေးစုံနိုင်တယ်။
စာဖတ်တဲ့လူက အမှားအမှန်ကို ခွဲခြားသိနိုင်တယ်၊ ဖြားယောင်းသွေးဆောင်တာကို လျစ်လျူရှုနိုင်တယ်။ စာဖတ်တယ်.. စာအုပ်ထဲက လတ်ဆတ်ရိုးရှင်းတဲ့စကားလုံးတွေက
သင့်ရဲ့ဖုန်အလိမ်းလိမ်းတက်နေတဲ့ စိတ်ဓာတ်၊ ညိုးငယ်စိတ်၊ အားငယ်စိတ်၊ ကြမ်းတမ်းခက်ထန်မှုကို ဆေးကြောပစ်နိုင်တယ်။ ငယ်ရွယ်နုပျိုခြင်းက တိုတောင်းတယ်၊ ရုပ်ရည်က အိုလွယ်တယ်။ စာအုပ်ရနံ့ကသာ သင့်အပါး အမြဲမွှေးပျံ့နိုင်မှာဖြစ်တယ်။

ဒီထဲက လိုအပ်တာလေးတွေကိုပဲ ကောက်နုတ်ဘာသာပြန်ပါတယ်

နိုင်းနိုင်းစနေ ဘာသာပြန်သည်

Friday, January 17, 2014

Rambo

ကျနော်တို့ မြန်မာမှာ Rambo မင်းသား လို့ သိထားကြတဲ့ Sylvester Stallone ရဲ့ ဘ၀ အစ ကောက်ကြောင်းလေးပါ။ အဖြစ်မှန်လေးပါ ဖတ်ကြည့်ကြပါ။

သူ Hollywood မှာ မင်းသားအဖြစ် နာမည်မကြီးခင်မှာ သူ့ဘ၀ဟာ
ကောက်ကြောင်းများလှပါတယ်။ သူ ရုပ်ရှင်မင်းသား အရမ်း ဖြစ်ချင်ပါတယ်။ သူကြိုးစားပါတယ် သို့သော် မအောင်မြင်ပါဘူး။ အလုပ်မရှိ ပိုက်ဆံလည်း မရှိတော့ မိန်းမ လက်ဝတ်လက်စားတွေကို ခိုးရောင်းပါတယ်။ နောက်ဆုံး မိန်းမကွဲ အိမ်ကနှင်ချခံရ အိမ်ရာမဲ့ဘ၀တောင် ရောက်သွားပါတယ်။

နောက်ဆုံးတော့ သူနဲ့အတူ ပါလာတဲ့ သူ့ခွေးလေးကို လူတစ်ယောက်ဆီမှာ
ဒေါ်လာ ၅၀ နဲ့ ရောင်းလိုက်ပါတယ်။ သူ ပိုက်ဆံလိုလို့ ရောင်းတာ မဟုတ်ပါဘူး သူ့ခွေးလေးကို သူအစာမကျွေးနိုင် တော့လို့ပါ။ သူ့ ပြောပြ ပါတယ် သူ့ခွေးလေးကို ရောင်းတုန်းက သူ့စိတ်ထဲမှာ နာကျဉ်းလွန်းလို့ ယောင်္ကျားတန်မဲ့ မျက်ရည်တွေ ကျခဲ့ပါတယ်တဲ့။

ဒီအတိုင်း နှစ်ပတ်လောက် ရှာကြံစားသောက်ပြီး နေရင်း နာမည်ကျော် လက်ဝှေ့သမား Mohammed Ali နဲ့ Chuck Wepner တို့ရဲ့ ပွဲကို ကြည့်မိရာမှ အကြံရကာ ဇာတ်ညွန်းတခုရေးပါတယ်။

ထို ဇာတ်ညွန်းကို ရုပ်ရှင်ရိုက်သူတွေဆီ သွားရောင်းပါတယ် ၊ သူတို့ ဒေါ်လာ ၁၂၅,၀၀၀ ပေးပါတယ်၊ ဒါပေမယ့် သူ မရောင်းပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ သူ့ ကိုယ်တိုင် မင်းသားလုပ်ရမှ သူရောင်းမယ်လို့ အခိုင်အမာကို ပြောတဲ့ အတွက် ဟိုဘက်က သူ့ကို မလိုချင်ဘူး၊ Rambo လည်း မရဘူးပဲ။

နောက် studio company တခုက သူ့ကို ဒေါ်လာ သုံးသိန်းပေးတယ်၊ မရောင်း ဘူး၊ သူ့ကို မင်းသားအဖြစ် သဘောမတူလို့၊ နောက်ဆုံး အဲ့ studio ကပဲ လက်ခံလိုက်တယ်၊ ဒေါ်လာ သုံးသိန်းကျော်နဲ့ ဇာတ်ညွှန်း ကို ရောင်းတယ် သူ မင်းသားလုပ်ခွင့်ရတယ်။

နောက်ဆုံး ရုပ်ရှင်ရိုက်ပြီး ရုံတင်တော့ သူရုပ်ရှင်ဟာ အကောင်းဆုံး ဓါတ်ပုံဆု၊ အကောင်းဆုံး ဒါရိုက်တာ ဆု၊ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ် ဆု၊ စသဖြင့် Oscar ဆုတွေ တန်းစီပြီး ရပါတယ်။ သူ့ဘ၀လည်း အဲက စပြီး လုံးဝပြောင်းလဲသွားပါတယ်။ ရုပ်ရှင်ကတော့ ROCKY BALBOA ပါ။

သူ့ပိုက်ဆံရတော့ သူပထမဆုံး လုပ်တဲ့ အလုပ်က သူ့ ခွေးလေးကို ရှာပုံတော် ဖွင့်ပါတယ်။ နောက်ဆုံး ပြန်တွေ့တယ် သူပြန်ဝယ်ဖို့လုပ်တယ်။ ဟိုလူက မရောင်းဘူး ဈေးကိုင်တယ် နောက်ဆုံး ဒေါ်လာ ၃၀၀၀ နဲ့ ဈေးတည့်ပြီး သူ့ ခွေးလေးကို သူပြန်ရပါတယ်။

ဒါသူ့ရဲ့ ဘ၀ အစလေးပါ။ အောင်မြင်သူတိုင်းမှာ အခက်အခဲရှိ စမြဲပါပဲ။ ကိုယ်ယုံကြည်ရာကို ဇွဲမလျော့ တန်း ကြိုးစားသူကတော့ ကိုယ့် ပန်းတိုင်ကို ရောက်သင့်တဲ့ အချိန်ကြရင် ရောက်သွားမှာပဲ၊ မနက်ဖြန် ဖြစ်ချင် ဖြစ်မယ် နောက် ၃ နှစ် ဖြစ်ချင်ဖြစ်မယ်၊ ကြိုးစားနေဖို့က ကိုယ့်တာဝန်၊ လောကမှာ မဖြစ်နိုင်ဆိုတာ မရှိပါ။

~MM~

Thursday, January 16, 2014

လင်မယားဖြစ်ရခြင်း

လင်မယားဖြစ်ရခြင်း အခြေခံအကြောင်းရင်း (၂) မျိုး

ဇန်န၀ါရီ ၁၆ ရက် ၂၀၁၄


၁ - ပုဗ္ဗသန္နဝါသ - ရှေ့ဘဝ ၊ ဘဝ မှ လင်မယားဖြစ်ခဲ့ရဖူးသောကြောင့် လင်မယားဖြစ်ရ၏ ။

၂ - ယခုဘဝတွင် တစ်ဦး၏အကျိုးကို တစ်ဦးက စေတနာအပြည့်နှင့် သယ်ပိုးဆောင်ရွက်ခဲ့ဖူးခြင်းကြောင့် လင်မယားဖြစ်ရ၏ ။

အောက်ပါအချက်များနှင့် တူညီတဲ့ အကြင်လင်မယားဖြစ်ပါက
သမ္မသဒ္ဓါ - သဒ္ဒါတရားချင်းတူညီ
သမသီလာ - အကျင့်ချင်းလည်းတူညီ
သမဓဂါ - စွန့်ကြဲပေးကမ်းမှုချင်းလည်း တူညီ
သမပညာ - အယူအဆ ၊ အတွေးအခေါ် ၊ ပညာချင်းလည်း တူညီ
မည်ဆိုပါက ဤ လင်မယား သည် ယခု ဘဝတွင် ကွဲကွာခြင်း မရှိသည့်အပြင် ယခုလက်ရှိဘဝတွင်သာမက နောက်ဘဝဆက်ဆက်တိုင်အောင်

၁ - အကျိုးစီးပွား တိုးတက်ခြင်း

၂ - ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း

၃ - ရန်သူများ မနှိပ်စက်နိုင်ခြင်း

၎ - မှန်ကန်သော တရားကို ကျင့်ကြံနိုင်ခြင်း

စသည့်အကျိုးတရားများကို ရရှိနိုင်ပေသည်ဟု ဘုရားရှင် က ဟောကြားတော်မှုခဲ့ပေသည်။

အရိုးဆူးပါလျှင်

လည်ချောင်းတွင် အရိုးဆူးပါလျှင်
•••••••••••••••••••••••••••••

(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။
ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။

ရှင်ဥပဂုတ်ရှင်းတမ်း

ရှင်ဥပဂုတ်ရှင်းတမ်း
================
ကျွန်တော်တို့ဗုဒ္ဓဘာသာ လူမျိုးတွေမှာ အတော်များများက
ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်နေရဲ့သားနဲ့ အယူမှား အမှတ်မှားတွေ
အများကြီးရှိနေပါတယ် ။ တကယ် တော်၍ ထက်မြတ်သော ပါဠိစာပေများကို
နိုင်နင်းသော ဘုန်းတော်ကြီးများက ပြောတာတောင် လက်မခံနိုင်တဲ့
ဗုဒ္ဓဘာသာဝင်တွေ အများကြီးပါ ။ ကျွန်တော်တို့အားလုံးက လူသားတွေပါ
ကျွန်တော်တို့ကိုးကွယ်တဲ့ ဘာသာကို ဆန်းစစ်နိုင်တဲ့ အသိဥာဏ်တွေရှိပြီးသားပါ ။
လောက သဘာဝ တရားနဲ့ယှဉ်ပြီး ငါတို့ ကိုးကွယ်မှုတွေက တကယ်ရော
ထေရ၀ါဒ စစ်မှန်ရဲ့ လား ငါတို့ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ လမ်းစဉ်တွေရော
ဟုတ်ရဲ့လားဆိုတာ စိစစ်သူ အတော်နည်းပါတယ် ။
ဘုန်းတော်ကြီးတွေ ဓမ္မကထိကတွေထဲက အမုန်းခံကာ ထေရ၀ါဒသာသနာ
မှာ အတုအယောင်တွေ ပပြောက်ဖို့ တွန်းအားပေးခဲ့ပေမယ့် 
ရှေးရိုးစွဲနေသော လူ့အတ္တသမားများကြောင့် စစ်မှန်သောထေရ၀ါဒကို
လက်ခံကျင့်သုံးသူ တစ်နေ့ထက်တစ်နေ့ နည်းပါးလာပါတယ် ။
အင်မတန် ကြောက်တတ်သော မြန်မာလူမျိုးများအတွက် ခြောက်နိုင်သော
မဟာယန ဗုဒ္ဓဘာသာ ရဲ့ အယူအဆတွေ လွှမ်းမိုးခဲ့သည်မှာ
ယနေ့ထက်တိုင်ပါပင် ။ ကျွန်တော်ဒီနေ့ ပြောချင်တာလေးက 
ဗုဒ္ဓဘာသာတွေ အလွဲကြီးလွဲနေတဲ့ ရှင်ဥပဂုတ် ဆိုတဲ့ အကြောင်းလေးပါ ။
စာဖတ်နေသူတွေထဲမှာ ယုံကြည်သူတွေလည်းပါမယ် ၊ မယုံကြည်သူတွေလည်းပါမယ် ၊
ဒွိဟ ဖြစ်နေသူလည်း များမယ် ကျွန်တော့်အသက် ၂၀ အတွင်းမှာ
ဒီအကြောင်းအရာကိုကျွန်တော်အတော်လေး လေ့လာခဲ့ပြီးမှ
ဒီစာကိုရေးလိုက်ရတာပါ ။ တစ်ဦးတစ်ယောက်ရဲ့ဟောပြောချက် ကို
မှန်တယ်ဆိုပြီး ပြောနေခြင်းမဟုတ်ပါ ။ စာဖတ်သူတွေ
ယုံကြည်ရမယ် ၊ လက်ခံရမယ်လို့ မဆိုလိုပါ မိမိအတွေးနဲ့
မိမိ စဉ်းစားဆုံးဖြတ်လိုက်ပါ ။အဲလိုတွေးဖို့အတွက် ဒီဆောင်းပါးက အထောက်အကူပြုမှာပါ ။
ဒီစာရေးလို့ ကျွန်တော့်အတွက် လူမုန်းပိုများလာမှာ သိရက်နဲ့
ထေရ၀ါဒ သာသနာ အတွင်းမှာ တကယ်ကိုးကွယ်မှုလွဲနေမှုတွေအတွက်
ဆန်းစစ်သုံးသပ်နိုင်အောင် ရေးလိုက်ရတာပါ ။ 

ရှင်ဥပဂုတ် ဘယ်ကစဖြစ်လာသလဲ
================
ဒီအကြောင်းလေးကို စပြောဖို့အတွက် ရှင်ဥပဂုတ် ဘယ်ကစဖြစ်လာသလဲ
ကစပြောရပါလိမ့်မယ် ။ ထေရ၀ါဒ ဗုဒ္ဓဘာသာတွေရဲ့ ပါဠိ ကျမ်းဂန်စာပေတွေမှာ
မတွေ့ရတဲ့ ရှင်ဥပဂုတ်က ဘာကြောင့် ဒီလောက် နာမည်ကြီးနေရသလဲဆိုရင်
လူအများပြောကြ ဇာတ်သမားတွေပြောကြတာလေးက
သီရိဓမ္မာသောက မင်းကြီးရဲ့ အလှူကြီးမှာ မာရ်နတ်နှောက်ယှက်
မည်ကို စိုးသဖြင့် မင်းကြီးက တိဿနာဂထေရ် ခေါ်ရှင်ဥပဂုတ်ကို
ခေါ်ထားပါတယ်တဲ့ ။ အလှူပွဲကျင်းပတဲ့အခါမှာ
မာရ်နတ်က လာဖျက်သဖြင့် ရှင်ဥပဂုတ်က မာရ်နတ်လည်ပင်းကို
ခွေးသေကောင်ပုပ်ဆွဲကာ တောင်းပန်ခိုင်းပါတယ် ။ တောင်းပန်ပြီးတော့မှ
လည်ပင်းက ခွေးသေကောင်ပုပ်ကို ချွတ်ကာ တောင်နံရံမှာ ခါးပန်း
ကြိုးနဲ့ ချည်ထားလိုက်ပါတော့တယ် ။ အလှူပွဲကြီး မပြီးမချင်း
မာရ်နတ်ကို ကြိုးနဲ့ ချည်ထားစဉ် မာရ်နတ်က ဘုရားရှင်ကို 
နှောက်ယှက်တုန်းက ယခုလို မခံစားရဘဲ တပည့်သာဝကတွေနဲ့ကျမှ
ယခုလို အနှိပ်စက်ခံရသဖြင့်သာဝကတွေက မေတ္တာ ၊ ဂရုဏာ နည်းပါးလှပြီး
ဘုရားရှင်က မေတ္တာ ၊ ဂရုဏာ ကြီးမားတော်မူသဖြင့် ထိုနေရာမှာတင်ပဲ
မာရ်နတ် ဘုရားဆုကို ပန်ခဲ့ပါတယ် "တဲ့ ဒါက ဇာတ်သမားတွေ
ပြောကြပါတယ် လူအတော်များများကလည်း ဒါကိုသိကြမှာပါ ။
အမှန်တော့ အဲဒီ ဇာတ်လမ်းက မဟာဝင်ကျမ်းက လာပါတယ် ။
မဟာဝင်ကျမ်းကလည်း အဲဒီ ရှင်ဥပဂုတ် အကြောင်းက 
လောကပညတ္တိ ကျမ်းက လာတယ်ဆိုပြီး ပြန်လည်ညွှန်းဆိုထားပါတယ်။
အဲဒီကျမ်းကနေ ဘယ်ကိုဘယ်လို ပြန်ပြန်ညွှန်းသလဲဆိုတာတော့ မသိတော့ပါဘူး။
မြန်မာနိုင်ငံမှာ ကျင်းပတဲ့ သင်္ဂါယနာ တင်ပွဲတွေမှာတော့
ရှင်ဥပဂုတ် အကြောင်းတစိုးတစိမျှ မပါလာပါဘူး ။

နောက်တစ်ခါ မဟာယနဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ တရုတ် ၊ ဂျပန် နိုင်ငံတွေက
မဟာယာနဂိုဏ်းသုံး ကျမ်းစာဖြစ်သော ဒိဗျာဝါနကျမ်းမှ ဖန်တီးပေးလိုက်သော ဇာတ်လမ်း ဖြစ်သည်။ ရှင်ဥပဂုတ္တမထေရ်သည် ဣန္ဒဂုတ္တ၊ အဿဂုတ္တ၊ တိဿနာဂ၊ ဥပဂုတ္တတိဿနာဂ၊ အာဂတ်စတယမုနိ ဟူသော ဘွဲ့မည် အမျိုးမျိုးဖြင့် ထင်ပေါ်ကျော်ကြားသူ ဖြစ်သည်။
ဇာတ်လမ်းက ဒီလိုပါ
"မဓုရာပြည် ကုဏ္ဍိမြို့ အနီးမှာ ဥရုမုဏ္ဍ အမည်ရှိတဲ့ သာဏတောင်မှာ
သာဏ၀ါသီထေရ် က သတင်းသုံးနေတော်မူပါတယ် ။ အဲဒီ
ကုဏ္ဍိမြို့မှာ နံသာကုန်သည်တစ်ဦးရှိတယ် အမည်က
ဂုတ္တပါ ။ သူ့ မှာ သားသုံးယောက် ရှိပါတယ် ။
အဿဂုတ္တ ၊ ဓနဂုတ္တ ၊ ဥပဂုတ္တ ဆိုပြီး အမည်ရှိကြပါတယ် ။
အဲဒီ ဥပဂုတ္တ အမည်ရှိတဲ့ အငယ်ဆုံးသားက လူဝတ်အနေနဲ့ပဲ
သချိုင်းမှာ ခြေဖြတ် ၊ လက်ဖြတ် ခံရတဲ့ ပြည့်တန်ဆာမ ၀ါသ၀ဒတ္တာ
ကို တရားဟောခဲ့တဲ့အတွက် ပြည့်တန်ဆာမက သောတပန်ဖြစ်ကာ
ဟောပြောသူ ဥပဂုတ္တကတော့ အနာဂါမ် ဖြစ်ပါတယ် ။
အဲဒီ လို အကြောင်းကို သာဏ၀ါသီထေရ်က သိသွားတော့ အဖေဖြစ်တဲ့
ဂုတ္တကို ခွင့်တောင်းကာ ရဟန်းပြုပေးလိုက်ပါတယ်။ ရဟန်ပြုပြီးလို့
အချိန်သိပ်မကြာခင်မှာပဲ အာသဝေါ ကုန်ခမ်းကာ ရဟန္တာဖြစ်သွားပါတယ်လို့"
မဟာယန တွေက ဆိုထားပါတယ် ။ ရဟန္တာဖြစ်ပြီးသွားတော့
တရားပွဲကျင်းပ ပါတယ် အဲဒီမှာ မာရ်နတ်က တရားပွဲပျက်ရန်
ပုလဲမိုးရွာချပါတယ် နောက်တစ်ခါ တရားပွဲကျင်းပတော့
ရွှေမိုးရွာပြီး နှောက်ယှက်ပါတယ် ။ နောက်တစ်ကြိမ် ကျင်းပတော့
နတ်တူရိယာတွေနဲ့ မြူဆွယ် နှောက်ယှက်ပါတယ် 
အဲဒါနဲ့ ဥပဂုတ္တလည်း မာရ်နတ်လုပ်မှန်းသိတော့ 
မာရ်နတ်ကို ဆုံးမဖို့အတွက် မြွေသေကောင်ပုပ်ကို ဦးခေါင်းကိုစွပ်ပါတယ်
နောက်ခွေးသေကောင်ပုပ်ကို လည်ပင်းဆွဲပါတယ် ။
လူသေကောင်ပုပ်ကိုလည်း နောက်ကိုကျောပိုးစေပြီး
နှစ်ရွက်နှစ်ဖက်နဲ့ ဆွဲထားပါတယ် အဲဒါကို မာရ်နတ်ရဲ့ တန်ခိုးနဲ့
ဖြုတ်မရပါဘူး အဲဒါနဲ့ မာရ်နတ်လည်း နောက်ဘယ်သာသနာပွဲကိုမှ
မနှောက်ယှက်တော့ပါဘူးလို့ တောင်းပန်ပါတယ် " အဲဒီလို မဟာယန ကလည်း ဆိုထားပြန်ပါတယ်။

ဒီလောက်ဆို ရှင်ဥပဂုတ် ကို ဘယ်သူတွေက ဘယ်လိုအယူဝါဒတွေနဲ့
ဘယ်လိုပေါ်လာပါတယ်ဆိုတာမျိုး တစ်ယောက်တစ်ပေါက်ဖြစ်နေကြပုံကို
သိကြမှာပါ ။ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားလက်ထက်မှာ တကယ်ပင်
ရှိနေခဲ့ပါက ပါဠိစာပေများ ကျမ်းဂန်များတွင် ဒီလောက်
တန်ခိုးကြီးသော မထေရ်တစ်ပါးကို ထည့်ရေးခဲ့မည်မှာ ဧကန်မလွဲပါ။

ရှင်ဥပဂုတ်ရှိမရှိ ဆန်းစစ်ကြမယ်
=================
ဒီအပိုင်းလေးကတော့ ကျွန်တော့်ရဲ့ အတွေးအမြင်တွေကိုဖော်ပြပေးမှာပါ
မိတ်ဆွေတို့ လက်ခံမလား လက်မခံဘူးလားဆိုတာလေးကမိမိတို့
အမြင်အရ အတွေးအရ ဆုံးဖြတ်ကြပါ ။

(၁)ထေရ၀ါဒ ဆိုသော ဝေါဟာရက ပထမ သင်္ဂါယနာ တင်ချိန်မှစ၍ 
ယခု ဆဠသင်္ဂါယနာ ၆ ကြိမ်တင်ထားသော ပါဠိတော် ၊ အဠာကထာ ၊
ဋီကာ အစရှိသော ပိဋက ကို ဆိုလိုပါသည် ။

ဒါဖြင့်ရင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး ထေရ၀ါဒမှာ မပါရှိတဲ့
အယူဝါဒတွေကို ကျွန်တော်တို့ လက်ခံကျင့်သုံးသင့်သလား ??
အဲဒါလေးကို အရင်ဆုံး မိမိကိုယ်တိုင် မေးကာ စဉ်းစားဆုံးဖြတ်လိုက်ပါ

(၂)အများက ရှင်ဥပဂုတ်ကို ရဟန္တာလို့ အပေါ်က ပြောခဲ့သလို
သမုတ်ခဲ့ရင် ရဟန္တာရဲ့ ဂုဏ်သိက္ခာပုဒ်တွေရှိပါတယ်

ရဟန္တာမဆိုထားနဲ့ သောတာပန်အဆင့်လောက်ဆိုရင်တောင် မြတ်စွာဘုရားရှင် ပညတ်တော်မူတဲ့ သိက္ခာပုဒ်တွေကို အသက်ဟူသော အကြောင်းကြောင့်တောင်မှ မချိုးဖောက်ကြတော့ပါဘူး။ 
စူဠ၀ဂ္ဂပါဠိတော် ခုဒ္ဒက၀တ္ထုက္ခန္ဓကမှာ အရှင်ပိဏ္ဍောလဘာဇဒွါရမထေရ်ကို အကြောင်းပြုပြီးတော့ “န ဘိက္ခဝေ ဂိဟီနံ ဥတ္တရိမနုဿဓမ္မံ ဣဒ္ဓိပါဋိဟာရိယံ ဒေဿတဗ္ဗံ၊ ယော ဒေဿယျ အာပတ္တိဒုက္ကဋဿ”လို့ ဘုရားရှင်က ပညတ်တော်မူခဲ့တယ်။
(လူတွေကို တန်းခိုးမပြရ၊ ပြလျှင် ဒုက္ကဋ်အာပတ်သင့်၏)

ဒီနေရာမှာ ပိုပြီးနားလည်သပေါက်အောင်လို့ ဣဒ္ဓိသုံးမျိုးရှီတယ်ဆိုတာကို ရှင်းပြချင်သေးတယ်။

အဓိဋ္ဌာနိဒ္ဓိ
ဝိကုဗ္ဗနိဒ္ဓိ
မနောမယိဒ္ဓိဆိုပြီး ဣဒ္ဓိသုံးမျိုးရှိတယ်။

တစ်ယောက်ကို အများဖြစ်အောင် အများကိုတစ်ယောက်ဖြစ်အောင်လုပ်ခြင်း၊ ကိုယ်ယောင်ဖျောက်ခြင်းစတဲ့ အရာတွေကို အဓိဋ္ဌာနိဒ္ဓိလို့ ခေါ်တယ်။

မိမိရဲ့ ပင်ကိုယ်မူလအသွင်သဏ္ဍာန်ကို ဖျောက်ပြီးတော့ ကျားယောင်ဖန်ဆင်းပြတာ ဘီလူးအဖြစ်ဖန်ဆင်းပြတာ စတဲ့ သူတစ်ပါးရဲ့ အသွင်အမျိုးမျိုး ဖန်ဆင်းပြတာတွေကို ၀ိကုဗ္ဗနိဒ္ဓိလို့ခေါ်တယ်။

ပကတိခန္ဓာကိုယ်အတွင်း၌ အလားတူ ခန္ဓာကိုယ်တစ်ခု ရှိနေအောင် ဖန်ဆင်းပြတာကို မနောမယိဒ္ဓိလို့ခေါ်တယ်။

ဒီဣဒ္ဓိသုံးမျိုးထဲက ၀ိကုဗ္ဗနိဒ္ဓိကို လူတို့အားပြရင်သာ ဒုက္ကဋ်အာပတ်သင့်တယ်လို့ အဋ္ဌကထာဆရာက ဖွင့်ပြပါတယ်။

ရှင်ဥပဂုတ်တန်ခိုးပြခန်းကို ပြန်လည်စဉ်းစားကြည့်လိုက်ပါ။ ကျားအဖြစ်ဖန်ဆင်းတာ ဘီလူးအဖြစ်ဖန်ဆင်းတာ ဂဠုန်အဖြစ်ဖန်ဆင်းတာတွေကို တွေ့ရပါလိမ့်မယ်။

ရဟန္တာဆိုတာ ဘုရားရှင် ဒီသိက္ခာပုဒ်ကို ပညတ်ထားတယ်ဆိုတာ မသိရင်သာ ကျူးလွန်မိချင် ကျူးလွန်မိမယ်။ ပညတ်ထားတယ်လို့ သိရင် ဘယ်တော့မှ မချိုးဖောက်ဘူး။ အသက်သေမယ်ဆိုရင်တောင် မချိုးဖောက်ဘူး။

ရှင်ဥပဂုတ်ဟာ ဒီသိက္ခာပုဒ် ပညတ်ထားတာကို မသိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းမယ်ဆိုရင်တော့ မိုးကြိုးပစ်တာကို ထန်းလက်ခြောက်နဲ့ ကာလိုက်တာနဲ့ အတူတူပဲလို့ ဆိုချင်တယ်။ ရှင်ဥပဂုတ်ရှိတာ မရှိတာ အပထား ဇာတ်လမ်းအရဆိုရင် ဘုရားပရိနိဗ္ဗာန်စံပြီးမှ သူပေါ်ခဲ့တာလေ။ မသိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဒါဆိုရင် အရှင်မဟာမောဂ္ဂလာန်ကြီး ၀ိကုဗ္ဗနိဒ္ဓိပြတာကျတော့ ဘာပြောမလဲ
(အောင်ခြင်းရှစ်ပါးက နန္ဒောပနန္ဒ နဂါးကို အောင်တော်မူခြင်း ကိုဆိုလိုတာပါ)

ပညတ်တော်ကို စဉ်းစားကြည့်လိုက်ပါ။ သေချာပြန်ပြီးတော့လေ..။

ပညတ်တော်မှာ “လူပုဂ္ဂိုလ်တို့ကို မပြရ”လို့ ပါတယ်လေ။

ဒါကြောင့် အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြချိန်တုန်းက လူဝတ်ကြောင်တစ်ယောက်မှ အနားမှာ မရှိဘူး။ အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြတာကို ဘယ်လူဝတ်ကြောင်မှလဲ မမြင်တွေ့နိုင်ဘူး။ ဒါကြောင့် အရှင်မဟာမောဂ္ဂလာန်ဟာ ဒီပညတ်တော်ကို ချိုးဖောက်ရာမရောက်ပါဘူး။

နောက်တစ်ခုစဉ်းစားစရာရှိတာက အရှင်မဟာမောဂ္ဂလာန် ၀ိကုဗ္ဗနိဒ္ဓိပြချိန်တုန်းက ဒီပညတ်တော်ကို ဘုရားရှင် မပညတ်ရသေးတာလဲ ဖြစ်နိင်တယ်။

ရှင်ဥပဂုတ် ၀ိကုဗ္ဗနိဒ္ဓိပြချိန်က “မပြရ”လို့ ဘုရားရှင်က ပညတ်ပြီးဖြစ်သလို သူ ၀ိကုဗ္ဗနိဒ္ဓိပြတာလဲ လူတွေ အုံနဲ့ကျင်းနဲ့ကို တွေ့မြင်ကြတာပါ။ (ဇာတ်အလမ်းရပြောတာနော်)

အရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်စံခါနီးမှာ ဘုရားရှင်က တန်ခိုးပြခိုင်းတော့ ၀ိကုဗ္ဗနိဒ္ဓိမပြပဲ “အဓိဋ္ဌာနိဒ္ဓိ”တွေကိုပဲ ပြသွားခဲ့တယ်လေ။

ဒီလောက်ဆိုရင် နားလည်လောက်ပြီလို့ ထင်ပါတယ်။

(၃)ရှင်ဥပဂုတ်ဟာ ယနေ့တိုင် အသက်ရှင်လျှက်ရှိကာ
သမုဒ္ဒရာအတွင်း သီတင်းသုံးနေသည်ဟု ပြောနေကြသော အကြောင်းလေးကို
နည်းနည်းရှင်းပြပါရစေ ။ ရဟန္တာဖြစ်ပြီဆိုကတည်းက ခန္ဓာကို စက်ဆုပ်ရွံရှာ
နေပါပြီ ဒီခန္ဓာကိုယ်ကြီး အမြန်ဆုံး ပျက်ဆီးချင်နေပါတယ် ဒီခန္ဓာကိုယ်ကြီးရှိနေတာကိုက
အပုပ်ကောင်တွေ တွယ်ကပ်နေသည့်အလား ရွံရှာနေပါတယ်။
ဒါဆို ရှင်ဥပဂုတ်ဟာ ရဟန္တာဖြစ်ပြီး ယနေ့ အချိန်ထိတိုင် ဘာကြောင့်များ
အသက်ရှင်နေပြီးသတင်းသုံးနေရပါလဲ? 

(၄)နေကိုကြည့်၍ ဆွမ်းစားခြင်း ဆိုသော အရာမှာလည်း မှားယွင်းသော
အယူတစ်ခုပါ ။ ပုတုဇဉ် သာမဏေ တောင် ဆွမ်းစားတဲ့အခါ
သပိတ်အမှတ်နဲ့စားရပါတယ် ။ ဒီလိုမထေရ်မြတ်က
နေကိုကြည့်၍ ဘာကြောင့် ဆွမ်းစားရတာလဲ ?

စသည့် ဆန်းစစ်မှုများအပြင်အခြားသော မိမိအတွေးအမြင်မှီသလောက်
တကယ်ရှိမရှိ ဒီအယူအဆတွေက မှန်ကန်မှုရှိမရှိ 
စဉ်းစားပြီးမှ ဆုံးဖြတ်ပါ ။ ကိုယ်အသက်ရင်းပြီး ကိုးကွယ်ရမယ့် ဗုဒ္ဓဘာသာမှာ
သရဏဂုဏ်မပျက်ဖို့အတွက် အယူမှားမှုတွေကိုတော့ ဖယ်ရှားရပါလိမ့်မယ်။
ဒီ အကြောင်းအရာတွေကို ဘုန်းကြီးများက အမုန်းခံ၍ သာသနာအတွက်
လမ်းမှန်ပြောသော်လည်း အချို့က ဘုန်းကြီးက ဘုန်းကြီးအလုပ်မလုပ်ဘူးပြောကြပါတယ်
ဒါဆို ဘုန်းကြီးက ထေရ၀ါဒ လမ်းစဉ်တွေ မှန်ကန်ဖို့ လမ်းပြဆောင်ရွက်
ပေးဖို့ မဟုတ်ဘူးလား သံဃာတော် အရှင်မြတ်တွေက ဗုဒ္ဓရဲ့ တရားဓမ္မတွေနဲ့
လူ့လောကက မှားယွင်းမှုတွေကို တတ်နိုင်သလောက် ပြင်ဆင်ပေးရမယ်မဟုတ်ဘူးလား
ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မှားယွင်းတဲ့ အယူဝါဒတစ်ခုနဲ့ တကယ်စာပေတတ်
ကျမ်းဂန်နှံ့စပ်သော ဘုန်းတော်ကြီးများကို ပြစ်မှားမိမှာစိုး၍ ကျွန်တော်ရေးသား
လိုက်ရပါသည် ။ တစ်ခုခုမှားယွင်းခဲ့သော် စာရေးသူ ကျွန်တော်၏ အမှား
အယွင်းသာဖြစ်ပါသည် ။

စာဖတ်သူအားလုံးကို လေးစားလျှက်
အောင်ကျော်ခိုင်(ပုသိမ်)