မြန်မာဖောင့် (စိတ်ဝင်စားမှဖတ်ပါ ရှည်ပါသည် ငိငိ)
စံချိန်တစ်ခုဆီသို့ပြေးနေသော မြန်မာဖေါင့်များ သို့မဟုတ် UNICODE
ဘီစီ(၅၀၀)ခန့်က အိန္ဒိယနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် ဗြဟမီ (Brahmi)
အက္ခရာကို လက်ခံကျင့်သုံးခဲ့သော မြန်မာအက္ခရာ အရေး အသားသည် အေဒီ(၁၁၁၃)တွင်
ရာဇာကုမာရ်ရေးထိုးခဲ့သည့် မြစေတီ ကျောက်စာနှင့်အတူ စတင်ပီပြင်စွာ
ပေါ်ပေါက်လာပါသည်။ ပုံဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူနှင့် ညောင်ရမ်းခေတ်များတွင်
ခေတ်ရေစီး ကြောင်းနှင့်အတူ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကြီးထွားလာကာ၊ ကုန်း
ဘောင်ခေတ်ရောက်သောအခါ မြန်မာစာပေ အက္ခရာများကို စတင်
စက်တင်ပုံနှိပ်လာနိုင်ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာစာပေကို
လူထုကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ပို့ဆောင်နိုင်ခဲ့ကြပါသည်။ ရှေးယခင်
ပေပုရပိုဒ်ခေတ်က မြန်မာစာပေသည် တော်ဝင်၊ မှူးမတ်မိသားစုများနှင့်
စာပေပညာရှိများစသည့် လူတစ်စုအတွက်သာ ရေးသားသိမ်းဆည်းထားနိုင် သည့်
စာပေအနေဖြင့်ရှိခဲ့ရာမှ ပုံနှိပ်ခေတ်သို့ ရောက်လာသော အခါ
လူတိုင်းမြန်မာစာကို သိမ်းဆည်းထားနိုင်သည့် အခြေအနေသို့
တက်လှမ်းနိုင်ခဲ့သည်။ ထိုမှတဆင့်အိုင်တီ ကွန်ပျူတာခေတ်ရောက်လာသောအခါ၊
မြန်မာစာပေကို ကွန်ပျူတာပေါ်တွင် ရေးသားပြီး၊ ကွန်ပျူတာတွင် သိမ်း
ဆည်းထားနိုင်သည့်အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစား ကြပြန်ပါသည်။
အက္ခရာများကို ကွန်ပျူတာတွင်သိမ်းဆည်းပုံ ကွန်ပျုတာဖြင့်သိမ်းဆည်းရာတွင်
အချက်အလက် တစ်စုံတစ်ခုအား ဖတ်၍ရရှိရုံ ပုံသဏ္ဌာန် သိမ်းဆည်းခြင်း နှင့်
အက္ခရာပုံစံ သိမ်းဆည်းခြင်းဟူ၍ အကြမ်းဖြင်း နှစ်မျိုး သတ်မှတ်နိုင်သည်။
ဖတ်၍ရရှိရုံ ပုံသဏ္ဍာန် ဆိုသည်မှာ လက်ရှိ လက်ရေးစာများ၊ အခြားသော
ပုံစာများကို Scan ဖတ်ပြီး သိမ်းဆည်းခြင်းပုံစံမျိုးကို ဆိုလိုသည်။
ထိုကဲ့သို့ သိမ်းဆည်းပါက ဖတ်ရှု၍ ရနိုင်သော်လည်း အချက် အလက်များအား
ရွေးချယ်ကောက်နှုတ်ခြင်း ပြန်လည် ပြင်ဆင်ခြင်းများ ပြုလုပ်ရာတွင်
အဆင်ပြေခြင်း မရှိပါ။ ထိန်းသိမ်းရန် နေရာပမာဏ (Storage) များစွာလိုအပ်ခြင်း
စသည့်အားနည်းချက်များ ရှိသည်။ ထို့ပြင် အခြားသော စနစ်တခုကိုအသုံးပြု၍
အက္ခရာစီခြင်း ဘာသာပြန်ခြင်း တို့ကိုကား အလျှင်းမပြုလုပ်နိုင်တော့ပေ။
နောက်ပုံစံ တစ်မျိုးမှာ ဗြည်းအက္ခရာများကို ဖောင့် (Font) အနေဖြင့်
သိမ်းဆည်းခြင်းဖြစ်ပါသည်။ Font ဆိုသည်မှာ အနုပညာဆန်ဆန် ဒီဇိုင်း ထုတ်ထားသော
စာလုံးပုံစံကို ခေါ်ဆိုပါသည်။ Fonts စာလုံးပုံစံဖြင့် သိမ်း ဆည်းရာတွင်
ပြန်လည်ပြင်ဆင်ရန်လွယ်ကူခြင်း၊ အက္ခရာ ၀လိ စီစဉ်နိုင်ခြင်း၊ သိမ်းဆည်းရန်
နေရာအနည်းငယ်သာ လိုအပ်ခြင်း၊ အင်တာနက် ၀ဘ် စာမျက်နှာပေါ် တင်သော အခါတွင်
အဆင်ပြေချောမွေ့ခြင်း စသော အခြေခံအချက် များအပါအ၀င် အကျိုးကျေးဇူးမျာစွာ
ရှိနေပါသည်။ ပထမဦးဆုံး မြန်မာဖောင့် မြန်မာစာလုံးဖောင့်ကို ကွန်ပျူတာတွင်
အသုံးပြုနိုင် အောင် ပထမဆုံး တီထွင်ခဲ့သူမှာ လန်ဒန် အရှေ့တိုင်း ပညာ
လေ့လာရေးတက္ကသိုလ်မှ ဂျွန်အိုကဲလ် ဖြစ်ပါသည်။ ပထမဆုံး မြန်မာစာလုံးဖောင့်မှာ
အင်းဝကွန်ပျူတာ မြန်မာ စာလုံးဖောင့်ဖြစ်ပြီး Apple ကွန်ပျူတာစနစ်ပေါ်တွင်
တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် မေလထုတ် လင်းရောင်ခြည်မဂ္ဂဇင်း အမှတ်
(၇၆) တွင် စတင်အသုံးပြု နိုင်ခဲ့ပါသည်။ ထို့နောက် မြန်မာပြည်မှ Font
Designer များမှ မြန်မာဖောင့်များ ဆက်လက်ကြိုးပမ်း အကောင်
အထည်ဖော်ခဲ့ကြပါသည်။ Font များ ပိုမိုလှပလာသည့် နောက်ပိုင်းတွင် Windows
အတွက် ရယူသုံးစွဲခဲ့ကြပါ သည်။ ဖောင့်ရေးဆွဲရန်လိုအပ်သော ဆော့ဝဲများမှာလည်း
များပြားတိုးတက်လာသည့် အားလျှော်စွာ မြန်မာဖောင့် များစွာ ပေါ်ပေါက်ခဲ့ပြီး
စာစီစာရိုက်နှင့် ရုံးလုပ်ငန်းများ အတွက် အသုံးပြုနိုင်ခဲ့ကြပါသည်။
ထိုဖောင့်များမှာ Unicode မဟုတ်ချေ။ Unicode ဟုခေါ်ဆိုသော ဘာသာစကား
ပေါင်းများစွာကို ဖောင့် တစ်ခုတည်းတွင် ထည့်သွင်းအသုံးပြုနိုင်သည့်
နိုင်ငံတကာ အသိအမှတ်ပြု Unicode Consortium (ယူနီကုဒ်အကျိုးတူ
ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး)နှင့် ISO (International Standard
Organization) နိုင်ငံတကာ စံချိန်စံညွှန်း သတ် မှတ်ရေး အဖွဲ့အစည်းတို့မှ
အသိအမှတ်ပြု Unicode Font မဟုတ်ပဲ ASCII ဖောင့်များသာ ဖြစ်လေသည်။ ASCII
ဖောင့်ဆိုသည်မှာ ရေဒီယိုကုဒ်၏စနစ် မော့စ်ဆ်ကုဒ် (Morse code)၏
လုပ်နည်းလုပ်ဟန်အတိုင်း ASCII (American Standard Code for Information
Interchange) ဟု ဖန်းတီးခဲ့ကြခြင်း ဖြစ်ပါ သည်။ ASCII တွင် Roma အက္ခရာ ၁၂၈
လုံးအတွက် ဂဏန်းလေးလုံး (0000 မှ 1111)အထိသာ သတ်မှတ်ထားခြင်း ဖြစ်လေ သည်။
အခြားသော ဘာသာစကားများအတွက် နေရာ သတ်မှတ်ချက်နှင့် စံချိန်စံနှုန်းများ
လုံးဝမပါပေ။ ASCII သုံး မြန်မာစာလုံးဖောင့်ပုံစံများစွာ ရှိသော်လည်း
မြန်မာစာ အတွက် ASCII မှ သီးခြားသတ်မှတ်ထားခြင်း မဟုတ်ပေ။ Roma အက္ခရာများ၏
နေရာများအား ငှားယူသုံးစွဲထားရ ခြင်း ဖြစ်ပေသည်။ ဥပမာ မြန်မာအက္ခရာ ``က´´
ကို အသုံး ပြုရန် ASCII ``u´´ ၏နေရာ Code Point 117 ကို ငှားရမ်း encode
ပြုလုပ်ကာ အသုံးပြုထားခြင်းမျိုး ဖြစ်သည်။ ASCII ဖောင့်ဖြင့်
ပြန်လည်ကြည့်ရှုမည် ဆိုပါက မူလပုံစံအတိုင်း ``က´´ရိုက်နှိပ်ဖော်ပြထားသော
နေရာတွင် ``u´´ဖြင့်သာ ပြသသွားမည်ဖြစ်သည်။ စာစီစာရိုက်သမား များမှာမူ
စာမျက်နှာစာပုဒ်များ လှပရန်အတွက် ပုံစံမတူ သော ဖောင့်များစွာ
သုံးနေရသောကြောင့် ASCII နှင့် Unicode တို့၏ ခြားနားချက်ကို အနည်းငယ်မျှ
လစ်လျူ ရှုနိုင်ပေသည်။ ASCII Fonts သည် ဒီဇိုင်းဆွဲခြင်း၊ စာစီခြင်း လောက်သာ
အသုံးဝင်သောဖောင့် ဖြစ်ပါသည်။ ကျဉ်းမြောင်းလှသော ASCII ကန့် သတ်ချက်များမှ
လွတ်ကင်းပြီး နိုင်ငံတကာ ဘာသာစကားများအား ဖောင့် တစ်ခုအတွင်း အဆင်ပြေစွာ
ထည့်သွင်း အသုံးပြုနိုင်ရန် ရည်ရွယ်၍ Unicode Font ကို တီထွင်ခဲ့ကြသည်။
Unicod ဆိုသည်မှာ မည်သည့် OS တွင်ဖြစ်စေ မည်သည့် Program တွင်ဖြစ်စေ စာလုံး
အက္ခရာတစ်ခုခြင်းစီအတွက် သီးခြား ကိုယ် ပိုင်နေရာ (Code Point) များရရှိရန်
ဖြစ်သည်။ Unicode သည်ကမ္ဘာသုံး ဘာသာစကား အားလုံးမှ အက္ခရာ
တစ်လုံးတိုင်းအတွက် တိကျသောနံပါတ် တစ်ခုတည်းသာ သတ်မှတ်ပေးထားသည့်
ဘုံသုံးစနစ် ဖြစ်သည်။ Unicode မြန်မာစာတွင် ``က´´သည် ``u´´ ၏နေရာကို
ငှားရမ်း အသုံးပြုခြင်းမရှိတော့ပဲ ကိုယ်ပိုင်နံပါတ် U+1000 ဖြစ် လာပြီး
``ခ´´သည်လည်း U+1001 အဖြစ် ကိုယ်ပိုင်နေရာ ရရှိလာပြီ ဖြစ်သည်။
အကြမ်းဖျင်းဆိုရသော် Unicode သည် အခြေခံစာလုံးအတွက်
နေရာသတ်မှတ်သိမ်းပေးပြီး စာလုံးပုံစံကို သိမ်းခြင်း မဟုတ်ပေ။ အခြေခံစာလုံး၏
မူရင်း အစားထိုးနံပါတ်ကိုသာ အသုံးပြုပြီး ဖောင့်၊ အရွယ်အစား၊
ပုံသဏ္ဍာန်ပုံစံဖော်ရန်ကိုမူ Software များ(Web Browser, Word processing) ၏
လုပ်ငန်းဆောင်တာအဖြစ် ထားခဲ့ လေသည်။ Unicode တွင် စာလုံး၏
ပုံစံခွဲခြားရန်မူ ခက်ခဲ လေသည်။ ဥပမာ တရုတ်စာတွင် အခြေခံစာလုံးနှင့် စာလုံး
ပုံ ခွဲခြားရန် မလွယ်ပေ။ မြန်မာစာတွင်လည်း ရရစ်သည် ပုံသဏ္ဌာန်အားဖြင့်
ခုနှစ်မျိုးခန့် ရှိနိုင်သော်လည်း Code Point မှာ တစ်နေရာတည်းသာဖြစ်ပေသည်။
နမူနာရရစ် များကို နှိုင်းယှဉ်ကြည့်ရှုနိုင်ပါသည်။ မောက်ချနှင့် ၀ိုက်ချကို
လည်း Code Point တစ်နေရာသာ အသုံးပြုရမည် ဖြစ်ပါ သည်။ အခြားသော အသတ် ကင်းစီး
စသည့် Code Point များလည်း ထိုနည်းတူစွာ ရှိနေပါသည်။ မြန်မာယူနီကုဒ်
Unicode 1.0 Standard (Oct-1991) တွင် မြန်မာ ယူနီကုဒ်သည် တိဘက်ဘာသာစကား
အောက်တွင် ရှိနေ ခဲ့ပါသည်။ Unicode 1.1 (Jun-1993) တွင် မြန်မာဘာသာ စကားကို
Unicode မှ ဖယ်ထုတ်ခဲ့ပြီး Unicode 2.0 (Jul-1996) တွင် အခြား Unicode
များအောက်သို့ ပြန်လည် ထည့်သွင်းခဲ့ပြန်ပါသည်။ ၁၉၉၅ ခုနှစ် မတ်လ ၁၂ ရက်နေ့
တွင် အမေရိကန်နိုင်ငံဖွား အိုင်ယာလန်နိုင်ငံသားခံယူထား သူ မိုက်ကယ် အီဗာဆင်
မှ ယူနီကုတ် WG2 တွင် Names of Burmese characters: comment on Unicode
Technical Report အမည်ဖြင့် စာတမ်း တစ်စောင် စတင် တင်သွင်းခဲ့သည်။ ၁၉၉၆
ခုနှစ်တွင် Proposal တင်သွင်းခဲ့ ပြီး၊ ၁၉၉၈ ခုနှစ်တွင် amendment
တင်သွင်းခဲ့ပြန်ပါ သည်။ ၁၉၉၈ ခုနှစ် ဇူလိုင် ၂၄ တွင် MCC မှ ဦးဇော်ထွဋ်မှ
Response to Myanmar Proposal N1729 (Expert Contribution to Unicode
Consortium) ကို ရေးသားခဲ့သည်။ ထိုနှစ်အောက်တိုဘာလတွင် မြန်မာနိုင်ငံမှ
ဒေါက်တာအောင်မော် (CE)၊ ဦးခင်မောင်လွင် (ကွန်ပျူတာ ပညာရှင်အသင်း)၊
ဒေါက်တာကျော်သိန်း (ကွန်ပျူတာ တက္ကသိုလ်)၊ ဦးသောင်းတင်(KMD)နှင့်
ဦးသိန်းထွဋ် (Geocomp)တို့သည် UK London ၌ ကျင်းပသော WG 2 Meeting 35 သို့
လေ့လာသူအဖြစ် တက်ရောက်ပြီး မြန်မာစာအကြောင်း ပြည့်စုံစွာ
တင်ပြနိုင်ခဲ့သည်။ အခြေခံ မြန်မာယူနီကုဒ် Unicode Character Code 3.0 ကို
၁၉၉၉- ခုနှစ်တွင် သတ်မှတ်အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး တိုင်းရင်းသား ဘာသာစကား ၆
ဘာသာပါဝင်သော မြန်မာဘာသာ စကားအတွက် နေရာသတ်မှတ်ချက် ၁၆၀ နေရာအား U+1000 မှ
U+109F အထိ သတ်မှတ်ပေးပြီး ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော
Unicode 5.1 တွင် ဘာသာစကားများ၏ အက္ခရာပေါင်း ၁၀၀,၇၁၃ ခုပါ ၀င်ပြီး Unicode
5.0 တွင်ပါဝင်ခဲ့သော အက္ခရာပေါင်း ၉၉,၀၈၉ ခုကို ပြုပြင်
ဖြည့်စွက်ချက်များနှင့်အတူ ဘာသာ စကားအသစ် ၁၃ ခု၏ အက္ခရာ အသစ်များထပ်မံ ထည့်
သွင်းခဲ့ခြင်း ဖြစ်ပါသည်။ Unicode အတွက် နိုင်ငံတကာ
စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့မှ စံသတ်မှတ်ချက်မှာ ISO/IEC10646 ဖြစ်ပါသည်။
၁၉၉၉ ခုနှစ် Unicode 3.0 ထွက်ပေါ်ချိန်မှစ၍ ၂၀၀၂ ခုနှစ်အထိ အချိန်ကာတွင်း၌
မြန်မာစာယူနီကုဒ်ကို လိုက်နာသူ Graphite enabled Padauk Font တစ်မျိုး
တည်းသာ ရှိခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် မြစေတီ Unicode Font ထွက်လာပြီး
မြစေတီဖောင့်ကို သာမန်အသုံးပြုသူ များအတွက် အခမဲ့ ထုတ်ဝေခဲ့သော်လည်း
Keyboard Layout ကို Software Developer များ၊ Web Developer များ၊
Personal / Commercial များကို ဈေးနှုန်းတစ်မျိုးစီ ခွဲခြား၍
တရားဝင်လိုင်စင် မှတ်ပုံတင်၍ ရောင်းချပေးခဲ့ သည်။ မြစေတီဖောင့်ကို ၂၀၀၃
ခုနှစ် ဇန်န၀ါရီလတွင် etrademyanmar.com တွင် ပထမဆုံး အသုံးပြုခဲ့သည်။ ၂၀၀၂
ခုနှစ်တွင်ပင် နိုင်ငံတကာစံချိန်စံညွှန်း သတ်မှတ်ချက်မှ အသိအမှတ်ပြု
Unicode 3.0 (ISO/IEC 10646) ထွက်ပေါ်နေပြီး မြန်မာဘာသာနှင့် တိုင်းရင်းသား
ဘာစကားများအတွက် Code Point နေရာပေါင်း (၁၆၀) ကို U+1000 မှ U+109F အထိ
သတ်မှတ်ပေးထားပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အတည်မပြုနိုင်သေး
သည့်အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန် ယူလုပ်ဆောင်ပေးပါရန်
တိုက်တွန်းခဲ့ကြပါသည်။ နိုင်ငံ တော်မှ မြန်မာစံချိန်စံညွှန်းနှင့်
ပြည့်စုံသော ယူနီကုဒ် ဖြစ်ပေါ်လာရေးအတွက် ကျပ်သိန်း ၅၀ စတင်ထောက်ပံခဲ့ ပြီး
မြန်မာကွန်ပျူတာအသင်းချုပ်၏ စီမံမှုဖြင့် Unicode and NLP Research Centre
သည် ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့တွင် စတင်ပေါ်ပေါက်ခဲ့လေသည်။ NPL
(Natural Language Processing) တွင် မြန်မာစာတတ်ကျွမ်းသူနှင့်
နည်းပညာတတ်ကျွမ်းသူ ၁၇ ယောက်ဖြင့်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး NGO
(non-government organization) နှင့် NPO (non-profit organization)
အဖွဲ့အစည်းများအဖြစ် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။ NPL မှ ၂၀၀၆ ခုနှစ်တွင်
Myanmar1 (Unicode 4.0) စတင်ထုတ်ဝေနိုင်ခဲ့ပြီး Myanmar2 (Unicode 4.1)
နှင့် Myanmar3 (Unicode 5.1) Unicode ဖောင့်များကို Unicode/ISO
သတ်မှတ်ချက်နှင့် တတ်နိုင် သမျှ ကိုက်ညီအောင်ထုတ်ဝေခဲ့ကြသည်။
မြန်မာများအတွက် ဇော်ဂျီဖောင့် မြန်မာနိုင်ငံတွင် အသုံးပြုရအဆင်ပြေဆုံး
ဖောင့်မှာ ဇော်ဂျီဖောင့်ဖြစ်ပြီး Online တွင် Web ရေးသားရာနှင့် Google
Talk, Yahoo Messenger, စသည့် Instant Massager များတွင်
အသုံးပြုရာတွင်လည်းကောင်း အသုံး များသည်။ ၂၀၀၅ ခုနှစ် Unicode 4.0 ပေါ်တွင်
အခြေခံ ထားသော Unicode ဖြစ်သည်။ Unicode Standard 4.1 မှစ၍ ယခုလက်ရှိ
နောက်ဆုံးစံအဖြစ် ထွက်ရှိလာသော Unicode 5.2 အထိ Standard များကို
လိုက်နာခြင်းမရှိပဲ သုံးစွဲသူများ အဆင်ပြေရန် 4.0 ကို အခြေခံ၍ ပြုပြင်
ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။ User များ၏
အကြိုက်ဆုံးဖောင့်ဖြစ်ပြီး အခက်အခဲများကို ပိုမိုအဆင်ပြေရန် နှစ်စဉ်
ပြုပြင်မှု ပြုလုပ်လေ့ရှိသည်။ ဇော်ဂျီဖောင့်၏ ထူးခြားမှုမှာ ပါဠိစာလုံးများ၊
သုံး ထပ်စာလုံးများ ပါဝင်ပြီး လွယ်ကူစွာ အသုံးပြုနိုင်သည့်
အချက်များကြောင့် Unicode Font စစ်စစ်မဟုတ် သို့ မဟုတ် pseudo Unicode ခေါ်
ယူနီကုဒ်ယောင် ယူနီကုဒ် တု ဟု သတ်မှတ်ခံရခြင်း ဖြစ်သည်။ ထိုကဲ့သို့ သုံးထပ်
စာလုံးနှင့် ပါဠိစာလုံးများ အသုံးပြုရန် ဇော်ဂျီယူနီကုဒ်သည် တိုင်းရင်းသား
ဘာသာစကားများအတွက် သတ်မှတ်ထား သောနေရာများ (Code Point)များကို ပိုမိုရယူ
အသုံးပြု ထားသောကြောင့် ဖြစ်သည်။ NPL မှ မြန်မာယူနီကုဒ်၏ နောက်မှ
ထွက်ပေါ်လာသော လူငယ်များ ရေးသားထား သည့် ယူနီကုဒ်ဖောင့် My Myanmar Unicode
ထွက်ပေါ် လာသေးသည်။ ပထမဆုံး မိုင်မြန်မာ ယူနီကုဒ်စနစ်သည် Unicode 4.1
ကိုလိုက်နာထားပြီး Font Design လှပခြင်း၊ မြန်မာဝမ်း၊ မြစေတီတို့ထက် လူထုထံ
အသိပေးနိုင်သည်။ Free Version ကို အသုံးပြုခဲ့ကြပါသည်။ ထိုအခမဲ့ Version
သည် သာမန် အသုံးပြုသူအနေဖြင့် မလိုအပ်ပါက ပြန်လည် ထုတ်ပယ်ရန်
(ခွင့်မပြု)မလွယ်ကူခြင်း၊ ရယူအသုံးပြုရန် မလွယ်ကူခြင်း စသည့်တို့ကြောင့်
များမကြာမီ ပြန်လည် မှေးမှိန်ခဲ့ရလေသည်။ ဒုတိယအကြိမ် ထုတ်ဝေသော MyMyanmar
2G သည် မြန်မာစကားလုံးများ စစ်ဆေးခြင်း (Spelling Checker)၊ Burglish
Dictionary (မြန်မာအသံ ထွက် အင်္ဂလိပ်အက္ခရာ စာရိုက်စနစ်)၊ ကိုယ်ပိုင်ကီးဘုတ်
နှစ်မျိုး (Win Style + Mac Style)၊ ကိုယ်ပိုင်ဖောင့်တို့ကို
ထုတ်ဝေခဲ့သော်လည်း ပထမပါဝင်ခဲ့သော ပြဿနာများ ဖြစ်သည့် ပြန်လည်ထုတ်ပယ်ခြင်း၊
အခြားသော မြန်မာ ယူနီကုဒ်များနှင့် ယှဉ်တွဲသုံးမရခြင်း၊ စီးပွားရေးဘက်ကို
အဓိကထား ပြသထုတ်ဝေခြင်းစသည့် အကြောင်းရင်းများ ပါဝင်ဆဲဖြစ်သဖြင့်
အသုံးပြုသူ ရှားပါးခဲ့လေသည်။ အခြားသော Unicode များကို ရေးသားထုတ်ဝေ
ခဲ့ကြသော်လည်း အကြောင်းမျိုးစုံကြောင့် ဇော်ဂျီလောက် တွင်ကျယ်မှု မရှိခဲ့ပေ။
NPL မှနောက်ဆုံး Unicode ဖောင့် ဖြစ်သော Myanmar3 မှာ မြန်မာစာစနစ်၏
စံဝင်ခြင်း၊ Unicode ၏ သတ်မှတ်ချက်နှင့် ပြည့်စုံခြင်းများ ရှိသော် လည်း
Myanmar1 မှ Myanmar2 ထိမှတဆင့် Myanmar3 ပြောင်းလဲလာရာတွင် Unicode Code
Point ပေါ်တွင်လုံးဝ လိုက်နာလာရာ Unicode တစ်ခုမှတစ်ခု ပြောင်းလဲ တိုးမြှင့်
ရာတွင် အက္ခရာများ၏ Code Point များ ကွဲပြားခြားနား မှုများသဖြင့် Backward
Compliable မဖြစ်ပေ။ ထို့ကြောင့် Backward Compliable ဖြစ်သော ASCII
ဖောင့်နှင့် Unicode တုသာ နေရာယူလာခဲ့သည်။ ပိတောက်ယူနီကုဒ်ဖောင့်ကို
Unicode 5.1 နှင့်အညီ ရေးဆွဲထားပြီး နိုင်ငံခြားသားများ ဖြစ်ကြသော Martin
နှင့် Debbi Hosken တို့၏ ပရောဂျက် ဖြစ်သည်။ သံလွင်ဆော့ဖ်ဝဘ်စာမျက်နှာတွင်
လေ့လာပါ။ ပရပိုဒ် မြန်မာယူနီကုဒ်ဖောင့် မြစေတီကို ထုတ်ဝေခဲ့ သော Solveware
Solution Company မှ GPL နှင့် Creative Common License များဖြင့်
အခမဲ့ထုတ်ဝေသည်။ မေခနှင့် မလိခ ယူနီကုဒ်ကိုလည်းထုတ်ပြီး ဖောင့်များမှာ
Unicode 4.1 အတိုင်းလိုက်နာသော်လည်း အခမဲ့ရယူနိုင်ခြင်းမရှိပါ။
ယူနီမြန်မာနှင့် ယူနီဘားမားဖောင့်များမှာ ယူနီ မြန်မာမှ မြန်မာစာ
ယူနီကုဒ်ကို မည့်သည့် OS တွင်မဆို အခမဲ့သုံးနိုင်ရန် ရည်ရွယ်သည်။ Myanmar
Unicode များနှင့် ၄င်းတို့ပေါ် အခြေခံ သော Myanmar Localization Project
များမှာ - ဇော်ဂျီ Myanmar Unicode Font Myanmar 3 5.1 Unicode Font
MyMyanmar 5.1 Unicode Font MyaZedi 5.1 Unicode Font Ayar 5.2 Unicode
Font Win Myanmar 5.1 Unicode Font Kanaung Myanmar Font Converter Waitzar
Myanmar Roma Input Moth (Burglish Input) Web Text Tool Myanmar Phonetic
Input Moth + Text Converter + Keyboard layout Windows Myanmar -
(Myanmar 3 / or 5.1) (Windows) Translator Eng-Myan Translator MZ
Dictionary Eng > Mm Dictionary (Windows Babylon Application) Ornagai
(MZ) eng<->mm Dictionary (Web) Ornagai (MZ) eng->mm
Dictionary(Mobile Phone java Application) wxyDict Eng<->Mm Windows
Installer Myanmar Spell Windows Microsoft Office 2007 Check mm->eng
(.net 3 လိုအပ်) OpenOffice OpenOffice with Myanmar Language Pack
(Zawgyi/Padauk) (Any OS) SM3 Myanmar SMS System (Received Version is
Free) မြန်မာဖောင့်များကို ယူနီကုဒ်သို့ ပြောင်းရာမှာ တခါက ကမ္ဘာကျော်
ပန်းချီဆရာတစ်ဦး၏ ပန်းချီပြပွဲတွင် ကျွဲနှစ်ကောင်ခတ်သည့်ပုံကို လွန်စွာ
ကောင်းမွန်လှသော ပန်ချီအယူအဆဖြင့် ရေးဆွဲထားရာ လူတိုင်း ရင်သပ်ရှုမော
ချီးမွမ်းကြလေသည်။ သို့ရာတွင် ပန်းချီပြပွဲသို့ရောက်ရှိနေသော
နွားကျောင်းသားမှာမူ ဟား တိုက်ရယ်မောလေသည်။ အဘယ်ကြောင့် ပျက်ရယ်ပြု သနည်းဟု
မေးမြန်းသောအခါမှ နွားကျောင်းသားက ကျွဲနှစ်ကောင်ခတ်သော အခါတိုင်း ဤကဲ့သို့
အမြီးတန်းပြီး ဝှေ့သည်ကို မမြင်တွေ့ဖူးကြောင်း ထုံးစံမရှိကြောင်း ပြောပြ
သည်။ နည်းပညာပိုင်း မည်မျှမြင့်မားနေစေကာမူ အမှန် တကယ် လက်တွေ့ကျကျ
အသုံးပြုနေသူတို့၏ အမြင် အယူအဆများလည်း လိုအပ်နေသေးကြောင်း ဆိုလိုခြင်း
ဖြစ်ပေသည်။ Unicode Standard Fonts အသုံးပြုထားသော Content များ
စုံလင်လာမှသာလျှင် မြန်မာနှင့် တိုင်းရင်း သား ဘာသာစကားများ
တိုးတက်ရန်လမ်းစ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် Content စုံလင်မှ ဘာသာစကား
တစ်ခုကို မှတ်ကျောက်တင်နိုင်၊ ဆန်းစစ်လေ့လာနိုင်မည် ဖြစ်ပြီး
နိုင်ငံတကာအသိအမှတ်ပြု Unicode ဖြစ်မှသာ တစ်ဘာသာမှ တစ်ဘာသာသို့
အလိုအလျှောက် ဘာသာ ပြန်ခြင်း၊ ဘာသာဗေဒအလိုက် စကားစုခွဲခြင်း(Syllable)၊
အမှားအမှန်စစ်ခြင်း(Spelling Check)၊ အသုံးချ ဆော့ဝဲလ် များအား
ပြည်တွင်းဘာသာစကားဖြင့် အသုံးပြုခြင်း (Localization)၊
တရားဝင်ထုတ်ကုန်များတွင် မိမိတို့ဘာသာ စကားသည်လည်း OS များ (Windows, Mac,
Linux,) Software များ (Win Word, Open Office, Firefox) များတွင်
ဘုံဘာသာစကား တစ်ခုအနေဖြင့် ပါဝင်လာနိုင် မည်ဖြစ်လေသည်။ Unicode Standard
ဖောင့်ဖြစ်သောကြောင့် ယပင့်၊ ယရစ်၊ ၀ဆွဲ၊ ဟထိုး တို့ကို Code Point
တစ်ခုစီပေးမည် မဟုတ်ချေ။ ယပင့်သည် ယကိုပင့်ထားခြင်းဖြစ်ပြီး၊ ရရစ် သည်
ရကိုပင်သဏ္ဍာန်ပြောင်းထားခြင်းဖြစ်သည်။ ၀ဆွဲကို လည်း ၀ကိုတွဲထားခြင်း
ဖြစ်သဖြင့် ဇော်ဂျီကဲ့သို့ Code Point သီးသန့်ပေးမည် မဟုတ်ချေ။
စာရိုက်သွင်းရာတွင် လည်း မြန်မာသဒ္ဒါစနစ်ကို လိုက်နာပြီး အမှားအယွင်းများ
ကို အလိုအလျှောက် ပြင်ဆင်ပေးနိုင်သော Input System များလည်း
အသုံးပြုနိုင်ပါသည်။ ပိတောက်ဖောင့်နှင့် အက္ခရာစာရိုက်သွင်းစနစ်ကို
ကြည့်နိုင်ပါသည်။ ``ကို´´ ကို ရေးသားရာ၌ က + -ိ + -ု ဟု ၄င်းက က + -ု + -ိ
ဟု ၄င်းရိုက်သွင်းနိုင်ပြီ။ ``က + -ိ + -ု´´ ဟုသာ သိမ်းဆည်း ပါမည်။
ဇော်ဂျီဖောင့်သည် Unicode 5.1 နှင့် 5.2 ကို မလိုက် နာချေ။
ဆိုးသောအချက်များမှာ တိုင်းရင်းသား ဘာသာ စကားများ မထည့်သွင်းထားပဲ Code
Point များကို ယူသုံး ထားခြင်းပင် ဖြစ်သည်။ ဇော်ဂျီဖောင့်တီထွင်သူတို့၏
ရည်ရွယ်ချက်မှာ Unicode/Unicode Base Font တစ်ခုရှိမှသာ Online တွင်
မြန်မာဘာသာဖြင့် Content များစုံလင်စွာ ရှိလာနိုင်ရန် ဖြည့်သွင်းခြင်း
ရှာဖွေခြင်း ပြုပြင်ခြင်း လုပ်ငန်းများ လုပ် ဆောင်လာနိုင်ရန် ရည်ရွယ်လေသည်။
၎င်း၏ အယူအဆ မှာလည်း မှန်ကန်ပေသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ Online
ပေါ်ရှိ မည်သည့် ဇော်ဂျီဖောင့်သုံး အချက် အလက်ကိုမဆို Unicode 5.1 သို့မဟုတ်
5.2 သို့ အချိန် အတိုင်းအတာ မကြာစေပဲ ပြောင်းလဲခြင်း၊ ဇော်ဂျီဖောင့်ဖြင့်
ပြသထားသော စာမျက်နှာအားချက်ခြင်း Unicode 5.1ဖြင့် ကြည့်နိုင်ခြင်းတို့ကို
ယခုပင် ရယူသုံးစွဲနိုင်ပေသည်။ ယခု ဇော်ဂျီ 2009 ဟု ခေါ်ဆိုသည့် Publish
မလုပ်သေးသည့် Beta Version တွင်ပင် မောက်ချ (ာ )နှင့် ၀ိုက်ချ (ါ ) အား
ကီးတစ်ခုတည်းသုံးပြီး Unicode ပုံစံအတိုင်း ရိုက်နှိပ် နိုင်ပေသည်။
တွဲဖက်အသုံးပြုသည့် ဗြည်းအက္ခရာပေါ်မူတည်၍ အလိုအလျောက် ပြောင်းလဲပေးမည်
ဖြစ်သည်။ အခြား သော တစ်အချောင်းငင် ယခင်သုံးခုမှ ယခု တစ်ခုတည်း
အဖြစ်သော်၎င်း နှစ်ချောင်းငင်သည်၎င်း၊ အလိုအလျောက် ပြောင်းလဲပေးသွားကြောင်း
စမ်းသပ်တွေ့ရှိရလေသည်။ သို့ရာတွင် အရင်လာအရင်ရိုက် စနစ်ဖြင့် သုံးနေသော
ဇော်ဂျီဖောင့် အသုံးပြုသူများအတွက် ရပင့် နှင့် ရရစ်ကို အရင်လာ
အရင်ရိုက်အတိုင်း အသုံးပြုသော်လည်း Unicode စနစ်အတိုင်း ဗျည်းနောက်တွင်
သရအား သိမ်း ဆည်းပေးခြင်း၊ အခြားသော ပြုပြင်ပြောင်းလဲချက်များ လို
အပ်လာသဖြင့် Key Master ဆိုသော စာရိုက်သွင်း စနစ် ဆော့ဖ်ဝဲတစ်ခုကို
အက္ခရာတစ်ကို အက္ခရာစာရိုက်သွင်း စနစ် တီထွင်ခဲ့လေသည်။ ကိုညီလင်းဆက်၏
ရှာဖွေတွေ့ရှိချက်များကို အသုံး ပြု၍ ကိုစိုးမင်းမှ KeyMaster ဆော့ဝဲတွင်
အလိုအလျောက် ပြောင်းလဲနိုင်စေရန် ရေးသား၍ အခမဲ့ထုတ်ဝေခဲ့ပါသည်။ အကယ်၍
လုံးကြီးတင်ရိုက်ပြီးမှ လုံးကြီးတင်ဆံခတ် ရိုက်ခြင်း ပြုလုပ်ပါက
ထိုဆော့ဝဲမှ နှစ်ခုလုံးထပ်မနေစေပဲ လုံးကြီးတင်ဆံခတ် တစ်ခုတည်း အဖြစ်သို့
အလို အလျောက် ပြောင်းလဲပေးသွားမည် ဖြစ်သည်။ ထိုကဲ့သို့ စာရိုက်သူဘက်မှ
အမှားအယွင်းကို တတ်နိုင်သမျှ ဖြည့် ဆည်းခဲ့သည့်အပြင် မြန်မာစာ စနစ်နှင့်
လိုက်လျှောညီထွေ ပြောင်းလဲခဲ့လေသည်။ ဥပမာ Unicode Standard တွင်
မပါဝင်သေးသော ရှေ့ထိုးနှင့် အသတ်ကို Code Point ခွဲခြားပြီး ထည့်ပေးထားသည်။
အသုံးပြုသူမှ စိတ်ကြိုက် ရိုက်နိုင်ပြီး Key Master မှ
ပြောင်းလဲပေးသွားမည် ဖြစ် သည်။ စာရိုက်ရာတွင်လည်း ဇော်ဂျီစတိုင်၊ Unicode
စတိုင်၊ Shift + Alt ဖြင့်ဖြစ်စေ သုံးမျိုးရိုက်နိုင်သည်။ ဇော်ဂျီ ၂၀၀၉ ၏
အလုပ်လုပ်ပုံမှာ Unicode အဖြစ်အပြာင်းလဲရန် လွန်စွာ အဆင်ပြေလွယ်ကူ နေပေသည်။
သို့ရာတွင် ၄င်းစာရိုက်စနစ်ဆော့ဝဲသည်လည်း Unicode 5.1 ကို
အထောက်အကူပေးမပေး မသေချာ သေးပေ။ Unicode 5.1 ဖောင့်တို့၏ အားနည်းချက်မှာ
အများစုဟာ အခကြေးငွေနှင့် ရောင်းချနေခြင်း၊ Install လုပ်ရန်၊
ခက်ခဲခြင်းတို့နှင့် အခမဲ့ပေးသော Unicode များ မှာ အခမဲ့ရရှိနိုင်ပြီ။
လွယ်ကူစွာ သုံးစွဲနိုင်ကြောင်း လူသိ နည်းခြင်း ဖြစ်လေရာ၊
အမှန်တကယ်နားလည်အောင် ရှင်းပြနိုင်ပါက ဇော်ဂျီသုံးစွဲသူ မည်မျှ Unicode
စစ်စစ် ပြောင်းလဲ သုံးစွဲကြမည်ကို စဉ်းစားစေလိုပါသည်။ ဇော်ဂျီ ဖောင့်၏
ရည်ရွယ်ချက်မှာ အခြား ဂျပန်၊ တရုတ်ဘာသာ စကားများကဲ့သို့ Unicode
ချမှတ်ချက်အတိုင်း မဟုတ်ပဲ အခြားသော Standard များကဲ့သို့ လိုအပ်မှသာ
Content များကို Code Point များ ပြောင်းလဲယူခြင်း ဖြစ်သည်။ သို့ရာတွင်
ASCII ကဲ့သို့ အခက်အခဲများစွာတော့ မရှိပါချေ၊ ဂျပန် ၀င်းဒိုးတွင် Default
ဖြက်အသာ Shift-JIS သည် unicode.org မှ standard မဟုတ်ပါ။ Unicode မှ ပေးသော
Code Point များနှင့် အက္ခရာပုံစံများအား ပြသနိုင်ရန် အဆင်မပြေသဖြင့်
တီထွင်ကြံဆရမှ ပေါ်ပေါက်လာသော Local Standard Font နှင့် Input System သာ
ဖြစ်လေ သည်။ သို့ရာတွင် အသုံးပြုရ အဆင်ပြေသဖြင့် အသုံးပြုမှု များရာမှ
စံဖြစ်သွားပြီး Windows OS တွင် Default ဖြစ်သွားရခြင်းဟု သိရှိသည်။
မြန်မာစာ Unicode အတွက် Unicodeအဖွဲ့ကြီးမှ ၁၉၉၈ ခုနှစ်မှပင် Code Point
များ သတ်မှတ်ပေးပြီးခဲ့ သည်မှာ ယခု ၂၀၀၉ ခုနှစ်အထိ ၁၀နှစ်အကျော် ကြာမြင့်
ခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် Unicode 5.2 ကို တတ်နိုင်သမျှ လိုက်နာသည်ဟု
အများထောက်ခံထားကြသည့် ဧရာ ဖောင့်သည် သဝေထိုးနှင့် ရရစ်ကို User Input
အဆင်ပြေ စေရန် အက္ခရာအရှေ့တွင်သာထားရန် ကြိုးပမ်းထားပြီး
အများလက်ခံသောအချိန်တွင် Unicode အဖွဲ့ကြီး၏ သတ် မှတ်ချက်ကို
ပြန်ပြောင်းပေးရန် အဓိကထားလေသည်။ အရေးကြီး အချက်အလက်များ လွန်စွာမများပြား
ပါက ဖောင့်တစ်ခုမှတစ်ခုသို့ ပြောင်းလဲ ပုံသဏ္ဌာန်ဖော်နိုင် လေသည်။
မြန်မာဘာသာဖြင့် ရေးသားထားသော Wikipedia နှစ်ခုဖြင့် ဥပမာ - ပေးနိုင်ပါသည်။
ဇော်ဂျီဖြင့် ရေးသားထားသော wikimaynmar.co.cc မှ အချက် အလက်များကို
my.wikipedia.org သို့ ဖောင့်သဏ္ဌာန် ပြောင်းဆော့ဝဲဖြင့် အချိန်မရွေး
ပြန်ပြောင်းရယူနိုင်ပေ သည်။ ထို့အတူ Unicode 5.1 ဖြင့်ရေးသားထားသော
my.wikipedia.org မှ စာမျက်နှာများအား သဏ္ဌာန်ပြောင်း Bookmark
လေးတစ်ခုဖြင့်ပင် စက္ကန့်ပိုင်းလေးအတွင်း ဇော်ဂျီဖောင့်ဖြင့်
ပြောင်းလဲကြည့်ရှုနိုင်ပေသည်။ အခြား သော blog များနှင့် Web
စာမျက်နှာများသည်လည်း ထိုနည်းတူစွာ Javascript ဖြင့်ရေးသားထားသော fly.js
ဖိုင်လေးတစ်ခု ထည့်သွင်းရုံမျှဖြင့် မည်သည့်ဖောင့်ဖြင့် ရေး ထားသည်ဖြစ်စေ
ကြည့်ရှုသူအဆင်ပြေသည့် ဇော်ဂျီ သို့မဟုတ် ယူနီကုဒ် ၅.၁ ဖြင့် စိတ်ကြိုက်
ကြည့်ရှုစေနိုင်ပေ သည်။ သို့ဖြစ်ရာ Web, Blog နှင့် အခြားသော မြန်မာ ဘာသာ
အချက်အလက် ရေးသားသူများမှာ Unicode ကို အချိန်မရွေး
အသုံးပြုနိုင်နေပြီဖြစ်ရာဖောင့်များ Unicode စစ်စစ်ဖြစ်လာသည့် အချိန်တွင်
ယခုထက် ပိုမိုတိုးတက်မှု မြန်ဆန်စွာဖြင့် မြန်မာပြည်တွင်းအတွက် ပြည်တွင်း
ဘာသာစကား အသုံးပြုဆော့ဝဲလ်များ၊ ဘာသာပြန်စနစ် များနှင့် အခြားသော
တိုးတက်မှုများကို တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ စာစီစာရိုက်
အသုံးပြုသူများအနေဖြင့် လက်ရှိ Adobe မှပိတ်သိမ်းလိုက်ပြီဖြစ်အသာ PageMaker
အစား ၄င်းကုမ္ပဏီ၏ နောက်ဆုံးထုတ် InDesign ကို အသုံးပြု သင့်ပါသည်။
သို့မှသာ ယခုလက်ရှိ အသုံးပြုမှုပုံစံအပြင် ထပ်မံချဲ့ထွင်ထားသော
လုပ်ဆောင်ချက်များနှင့် Unicode ကိုပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Unicode
အသုံးပြုခြင်း ဖြင့် အားသာချက်များစွာ ရှိပါသည်။ သို့ရာတွင် ယခု
လက်ရှိအချိန်အထိ Design သမားများ အသုံးပြုနိုင်ရန် လုံလောက်သော
ဖောင့်ပုံစံကို ထုတ်လုပ်နိုင်ခြင်း မရှိသေး ပါ။ Design
ပိုင်းသုံးစွဲနိုင်မည့် Unicode အနေဖြင့် မကြာသေးခင် Win Myanmar
မှထုတ်ဝေသည့် Unicode Font Pack သာ ရှိပါသေးသည်။ သို့ရာတွင် ၄င်းဖောင့်များ
မှာ အခကြေးငွေနှင့် ရောင်းချခြင်းဖြစ်ရာ ပြန့်ပွားမှုတွင်
အားနည်းနေပါသေးသည်။ မြစေတီဖောင့်သည်လည်း ရောင်းချသည့် စီးပွားရေးသုံးဖောင့်
ဖြစ်ခဲ့သည့်အတွက် စွန့်ဦးတီထွင် ဖြစ်ခဲ့သော်လည်း အသုံးနည်းခဲ့ရခြင်း
ဖြစ်သည်ဟုယူဆပါသည်။ မြန်မာယူနီကုဒ်ဖြစ်အပေါ်ရန် နှောင့်နှေးခဲ့ရခြင်း
များမှာ မြန်မာယူနီကုဒ် ပေါ်ပေါက်ရန် အထောက်အကူပြု မှု အားနည်းခြင်း (Unicode
Project များသို့ ပုဂ္ဂလိက လှူဒါန်းထောက်ပံ့မှု ရှားပါးခြင်း၊ NPL သာ
နိုင်ငံတော်၏ ကူညီထောက်ပံမှု ရရှိခဲ့ပါသည်။) Myanmar NPL မှ Myanmar1
ဖောင့်သည်လည်း Unicode ဖြစ်သော်ငြား ကုဒ်သတ်မှတ်ပြီးချိန်နှင့် ကွာဝေးကာ
ထုတ်ဝေချိန် နောက် ကျခဲ့ခြင်း၊ စာလုံးပုံစံ အမြင်မလှပခြင်း၊ Unicode အစစ်
အမှန်၏ အသုံးဝင်ပုံကို အသုံးပြုသူများထံ ရှင်းလင်း ထုတ်ဖော်မှု
အားနည်းခြင်း၊ အခက်အခဲများကို အကြောင်း ပြန်ရန် မေးမြန်းရန် မလွယ်ကူခြင်း။
Padauk ဖောင့်မှာ Unicode နှင့် ကိုက်ညီပြီး ပထမဆုံးထွက်ပေါ်လာကာ
မြန်မာစာစနစ်ကို လိုက်နာပြီး စာရိုက်စနစ်မှာ လွန်စွာ စနစ်ကျသော်လည်း
လူထုအတွင်း ထိုးဖောက်နိုင်ရန် ကြော်ငြာအားနည်းခဲ့ပါသည်။ ဇော်ဂျီဖောင့်မှာ
အသုံးပြုသူတို့၏ စိတ်ကြိုက်ပုံစံ ပြောင်းလဲပေးခဲ့သောကြောင့် တိုင်းရင်းသား
Code Point များကို ရယူသုံးစွဲခဲ့ရခြင်း၊ နောက်ထွက်ပေါ်လာသည့် Unicode
စံများနှင့်ကိုက်ညီမှု မရှိခြင်းတို့ကြောင့် Unicode 5.1 သမားများ၏ ထောက်ခံ
မှုမရရှိချေ။ MyMyanmar Unicode မှာ ပြန်လည် ထုတ်ပယ်ရန်မလွယ်ကူမှု၊ မြန်မာ
ယူနီကုဒ်နှစ်ခုတွဲ၍ မသုံးစွဲနိုင်ခြင်း၊ စသည့်အားနည်းချက် များ
အသီးသီးရှိခဲ့ကြပါသည်။ နိဂုံး မြန်မာဖောင့် တီထွင်သူများနှင့်
အသုံးပြုသူများ သည် မြန်မာစာကို ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်စေရန်
ဒီဂျစ်တယ်ခေတ်ထဲတွင် မြန်မာစာကို နောက်မကျ မကျန် ရစ်ခဲ့စေရန် အတူတကွ
ပူးပေါင်းဆောင်ရွက်၍ ကောင်းနိုး ရာရာရွေးချယ်နိုင်ရပါမည်။ Unicode ၏
ဖွင့်ဆိုချက်ကို ဘာသာစကားပေါင်းများစွာ၏ အက္ခရာ ပေါင်းများစွာကို
ဖောင့်တစ်ခုတည်းတွင် ထည့်သွင်းနိုင်ပြီး အဆင်ပြေစွာ သုံးစွဲနိုင်ရန်နှင့်
စက်မှုပိုင်းဆိုင်ရာအတွက်ပါ ပြန်လည်သုံးစွဲ နိုင်ရန်ဟု နားလည်ထားပါသည်။
နည်းပညာတတ်ကျွမ်းသူ တို့သာ သုံးစွဲရန်ဟူ၍ ၄င်း ငွေကြေး ချမ်းသာသူတို့သာ
အသုံးပြုရန်အတွက်ဆိုကာ တီထွင်ခဲ့ခြင်း မဟုတ်ဟုထင် မြင်ပါသည်။
မြန်မာဘာသာစကားအတွက် အသုံးဝင်သော မိမိတို့၏ နည်းပညာနှင့်အချက်အလက်များကို
အများ အကျိုးအသုံးချနိုင်မှ လူအများ သုံးစွဲနိုင်သော Unicode
ဖြစ်ပေါ်လာနိုင်ပေမည်။ လူအများသုံးစွဲရန် ခက်ခဲစေသော စံနှုန်းများနှင့်
အသုံးပြုသူ လွယ်ကူစွာသုံးနိုင်အောင် ပြုပြင်ပြောင်းလဲ နိုင်ခဲ့ပါက
မြန်မာနှင့် တိုင်းရင်းသားဘာသာစကားများ သည် နိုင်ငံတကာစံနှင့် ဘာသာစကား၏
သတ်မှတ်ချက်စံ နှစ်ခုလုံးနှင့် ကိုက်ညီပြီး အသုံးပြုရ အဆင်ပြေလွယ်ကူ သော
ကွန်ပျူတာသုံးမြန်မာစာစနစ် ဖြစ်ပေါ်လာမည်ဟု တထစ်ချယုံကြည်မိပါသည်။
မြန်မာဘာသာစကား တိုး တက်မှုအတွက် စည်းချက်ညီညီ ဆောင်ရွက်ရမည်ဖြစ်ပါ သည်။
ပဲ့ကိုင်သူများအနေဖြင့်လည်း သဘောညီညီ လှုပ် ရှားဆောင်ရွက်မှသာ
လိုရာပန်းတိုင်သို့ မြန်မြန်ရောက်မည် ဖြစ်ပါသည်။ ကိုကိုရဲ Knowledgebridge
Ref: MyanmarNLP Alpha.com.mm Zawgyi Thanlwinsoft.org Myazedi MyMyanmar
Tavultsoft Unicode Range: 1000-109F
No comments:
Post a Comment