Saturday, June 6, 2015

ချိန်သီးမပါသောနာရီ

မပြောဖြစ်ခဲ့တဲ့ အတိတ်

”ရပ်နေတဲ့နာရီတောင်မှ တစ်နေ့မှာ နှစ်ခါမှန်တယ်”
၁၀ တန်းပြီးကာစ ကျွန်တော်စာဖတ်နေရင်း အဲ့ဒီစာတစ်ကြောင်းတွေ့သွားတော့ နောက်ထပ်စာဆက်မဖတ်နိုင်တော့ပါဘူး … ဆက်ပြီးစဉ်းစားနေလို့ပါ… ပြီးတော့မှ ဟုတ်ပေသားပဲ ….
အဲ့ဒီနောက်နေ့ကစပြီး ကျွန်တော့ရှေ့မှာ ဘယ်သူတွေ ဘယ်လောက်မှားနေနေ သူတို့ကို အပြစ်မပြောတော့ဘူး … သူတို့က ရပ်နေတဲ့ နာရီလဲဖြစ်နိုင်တယ်လို့ ကျွန်တော်သတ်မှတ်ထားလိုက်လို့ပါ…
ဒီလိုနဲ့ ပြက္ခဒိန်ပေါ်က နှစ်တွေ လက်တစ်ဖက်ချိုးရေစာလောက် ကုန်လာခဲ့တဲ့နောက်…
”မှားနေတဲ့ နာရီက ဘယ်တော့မှ မမှန်ဘူး” ဆိုတဲ့ စာတစ်ကြောင်းထပ်ဖတ်မိပြန်တယ်….
သေချာစဉ်းစားကြည့်လိုက်တယ်…. ဟုတ်ပ.. မှားနေတဲ့နာရီက ဘယ်တော့မှ မှန်မှာမဟုတ်ပါလား….
ဒါနဲ့ပဲ .. လူတစ်ယောက်မှားနေရင် ကိုယ့်ကိုယ်တွေ့နဲ့တိုက်ကြည့် (မှားနေတဲ့ နာရီနဲ့ ကိုယ့်နာရီနဲ့တိုက်သလို) ဒီလိုကွ ဒီလိုရှိတယ်ဟ.. ဆိုပြီး လိုက်ပြော… (ကိုယ်က ငပွကြီးဖြစ်) ရပါတယ်… ဘယ်သူမှ ပြန်မပြင်လဲ ကျွန်တော် ကိုယ့်အလုပ်လို့ သဘောထားပြီး ဆက်လုပ်ပါတယ် … (မှတ်ချက် - တစ်ယောက်ကို တစ်ကြိမ်သာပြောပါတယ်) နောက်ထပ်နောက်ထပ် နှစ်တွေကြာလာတော့ ကျွန်တော် ဟော်တယ်တစ်ခုကိုရောက်သွားတယ်…. အဲ့ဒီဟော်တယ် ဧည့်ကြိုကောင်တာမှာ နာရီ ၅ လုံး…. အချိန် ၅ မျိုး…… ချက်ချင်းတော့ ကျွန်တော်ကြောင်သွားတယ်… (အူကြောင်ကြောင်ဖြစ်ခြင်းကိုဆိုလိုသည် လေးဘက်ကြီးသွားခြင်းမဟုတ်)
ခဏနေမှ နာရီအောက်က စာလေးတွေ ဖတ်လိုက်မိတယ်… သြော် တခြားနိုင်ငံက စံတော်ချိန်တွေပါလား… ဒါဆို မှားနေတဲ့ နာရီဆိုတာလဲ ဒီနိုင်ငံက စံတော်ချိန်အတွက် မှားနေတာဖြစ်ပြီး တခြားနိုင်ငံရဲ့ စံတော်ချိန်ဖြစ်နေနိုင်တယ်…
ဒါဆို မှားနေတဲ့နာရီ တနည်းအားဖြင့် မှားနေတဲ့ လူဆိုတာ မရှိနိုင်ဘူး…. တကယ်လို့ မှားနေတယ်လို့ သတ်မှတ်ခံရတာများနေရင် နေရာဒေသ ပြောင်းကြည့်ဖို့လိုမယ် ဒါမှမဟုတ်ရင် အဲ့ဒီအမှားကိုပြင်ဖို့လိုပါလိမ့်မယ်ဗျ

ဒီတော့သူငယ်ချင်း မင်လုပ်သမျှ ငါဘာမှမပြောဘူးဆိုရင် မင်းက ရပ်နေတဲ့နာရီလို့သတ်မှတ်ထားလိုက်ပြီ ဆိုတာသိပါ
မင်းလုပ်တာကို ဒီလိုလေးကွ ဒါမျိုးဟ ဆိုပြီး ဆရာကြီးဝင်လုပ်နေရင် ငါ့အတွေ့အကြုံနဲ့ မင်းမှားနေတယ်လို့ထင်လို့ပါ
ငါမင်းနားမှာမရှိတော့ဘူးဆိုရင်တော့ ငါနဲ့ သင့်တော်တဲ့ နေရာသစ်ကို ရှာဖို့ထွက်သွားပြီလို့ သိလိုက်ပါ ကွာ

ကျော်စံလင်း (သို့) ချိန်သီးမပါသောနာရီ

No comments:

Post a Comment