Wednesday, February 10, 2016

ယောင်္ကျားဦးနှောက်နဲ့ မိန်းမဦးနှောက် ဘာကွာသလဲ?

ယောင်္ကျားဦးနှောက်နဲ့ မိန်းမဦးနှောက် ဘာကွာသလဲ?
--------------------

ကျုပ်တို့ ယောင်္ကျားတွေက တကယ်တမ်းဆို အရမ်း ရိုးရှင်း လွန်းတယ်။ မိန်းမတွေကမှ ပြောရမယ် ဆိုရင် ပိုပြီး နားလည်ရ ခက်တာ။ ဘာကြောင့်တုန်းဆိုရင် မိန်းမ ဦးနှောက် နဲ့ ယောင်္ကျား ဦးနှောက် ဖွဲ့စည်းတည်ဆောက်ပုံ ကွာခြားတာ ကနေစတာပဲ။

ယောင်္ကျားဦးနှောက်ဆိုတာလည်း ယောင်္ကျားတွေလိုပဲ အရမ်း ရိုးရှင်းနေလေ့ရှိတယ်ဗျ။ ဘယ်လိုမျိုး ရိုးရှင်းတုန်းဆိုရင် ကျုပ်တို့ ဦးနှောက်ထဲမှာ သူ့ဆိုင်ရာ ဆိုင်ရာ သေတ္တာလေးတွေနဲ့ သိမ်း ထား တာကိုး။ အဲ့သလောက်ကို သန့်တယ်။ ဒါကို မိန်းမတွေ ဘယ်တော့မှနားလည်မှာ မဟုတ်ဖူးနော်။ ထားပါလေ..။

သေတ္တာအကြောင်းဆက်ပြောမယ်။ ကျုပ်တို့ ခေါင်းထဲမှာ သေတ္တာ မျိုးစုံရှိတယ်။

ကားသေတ္တာ ဆိုတာရှိတယ်။ ငွေ သေတ္တာ ဆိုတာရှိတယ်။ အလုပ်သေတ္တာ ဆိုတာရှိတယ်။ ဇနီးသေတ္တာ ဆိုတာရှိမယ်။ သားသမီးသေတ္တာ ဆိုတာရှိမယ်။ စသဖြင့် သေတ္တာတွေ အများကြီးဗျို့။

သို့သော် ကျုပ်တို့မှာ စည်းကမ်း ရှိသဗျ။ သေတ္တာ တစ်ခုနဲ့ တစ်ခု မထိရဘူး။ မထိအောင်လဲ အမြဲကို မွှေပြီးတာနဲ့ သေချာ ပြန် ထည့် လေ့ ရှိတယ်။

ယောင်္ကျားလေး နှစ်ယောက် တစ်ခုခုကို ဆွေးနွေးနေပြီ ဆိုပါစို့။

ကျုပ်တို့ ဆိုင်ရာ သေတ္တာလေးကို ပြိုင်တူဖွင့်တယ်။ အထဲကို နှစ်ယောက်သား ငုံ့ကြည့်တယ်။ အထဲမှာ မြင်နေရတာတွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ စိတ်ကြိုက် ငြင်းခုန်တယ်။

ပြီးပြီဆိုတာနဲ့ သေတ္တာကို ပြန်ပိတ်။ သေချာစနစ်တကျနဲ့ တခြား ဘာနဲ့ မှ မထိအောင် ပြန်ထားလေ့ရှိတယ်။ ဒါယောင်္ကျား ဦးနှောက် ဗျို့။ မှတ်ထားကြ။

ကဲ..မိန်းမဦးနှောက်.. သူကျတော့ ကျုပ်တို့ နဲ့ အရမ်း အရမ်းကို..(အဟမ်းအဟမ်း)... ကွာခြားသွားပြီဗျို့။

သေတ္တာဆိုတာ မရှိဘူး။ ပြန့်ကျဲလို့ အားလုံး.. မြင်သာအောင် ပြောပြ ရမယ်ဆိုရင် ဆံပင် အထွေးလိုက် လိုမျိုးလေး။ အားလုံး က ပြန့်ကျဲနေတယ်။

တစ်ချိန်ထဲမှာ ချိတ်ဆက် နေတတ်သဗျ။ ပိုက်ဆံ အကြောင်းနဲ့ ကားနဲ့ လဲ ချိတ်ချင် ချိတ်နေတယ်။ ဒီကနေ ကလေးတွေဆီ ရောက်ချင်ရောက်သွားမယ်။ ဟော.. အဲဒီကနေ ခွေး အိမ် ကျောင်း ညစာ မနက်စာ ..အားပါး..တကယ့်ကို အင်တာနက် ကွန်ယက်ကြီး လိုပဲဗျို့။ ရောက်ချင်သလိုရောက် ဖြစ်ချင်သလို ဖြစ်နေတာ။

ဒါကြောင့် မိန်းမတွေက သူတို့ "အားလုံးးးးး" ကို အချိန်တိုင်း သိနေတယ် ထင်တတ်ကြတယ်။ သေတ္တာမှမရှိတာ။ ထင်တာ ပေါ့။

အဲ..သေတ္တာဆိုမှ သတိရသဗျို့။

ကျုပ်တို့ဆီမှာ အရမ်း ထူးခြား တဲ့ သေတ္တာတစ်လုံးလဲ ရှိတယ်။ ဒီသေတ္တာလေးထဲမှာ ဘာမှမရှိဘူး။ ကျုပ်တို့ အခေါ် "ဗလာ သေတ္တာ" ပေါ့နော့။

ကြိုက်တဲ့ ယောင်္ကျား တစ်ယောက်ဆွဲခေါ်ပြီးမေးကြည့်ဗျာ။ သေတ္တာတွေ အားလုံးထဲ ဘယ်သေတ္တာ အကြိုက်ဆုံးလဲလို့။ "ဗလာသေတ္တာ" အကြိုက်ဆုံးလို့ အားလုံးဖြေကြလိမ့်မယ်။

ဟုတ်ပ။ ဒီသေတ္တာလေး ကျုပ်တို့ အင်မတန် နှစ်ခြိုက်သဗျ။ ယောင်္ကျား တစ်ယောက် အချိန်အားပြီ ဆိုတာနဲ့ စောင့်ကြည့် နေ.. ဗလာသေတ္တာ ဖွင့်တော့မယ်။ ဒီသေတ္တာထဲကိုပဲ အကြာ ကြီး ထိုင်ကြည့်နေရင် ကြည့်နေတတ်တယ်။

ဒါ့ကြောင့် တစ်ခါ တစ်ခါ ကိုယ်တွေကိုယ် သတိထားမိ ကြသလား တော့မသိဘူး။ လူသေကြီးတွေ လိုပဲလေ။

တီဗီ ရီမုဒ်လေးကို ကိုင်လျက်လေး.. တီဗီကိုလဲ ကြည့်နေတယ်။ သို့သော် ဘာမှမသိ။ အတွေးက ဗလာသေတ္တာကို မွှေနေတာ လေ။

အံမယ်..ရယ်မနေနဲ့... ကျုပ်ပြောတာ မယုံမရှိနဲ့ဗျ။ ပန်ဆယ် ဗေးနီးယား တက္ကသိုလ်က သုတေသန လုပ်ထား ဖူးတယ်။

ဘာတဲ့.. ယောင်္ကျား တစ်ယောက်ဟာ ဘာမှမဟုတ်တာ မရှိတာ လေးကို နာရီပေါင်းများစွာ တွေးနိုင်တဲ့ အရည်အချင်း ရှိသတဲ့ဗျ။

မိန်းမတွေ ဒါကို လုံးဝ နားမလည်ဘူးနော်.. ဒီသေတ္တာ အကြောင်း မသိတော့ ကျုပ်တို့ တစ်ခုခု တောင်တောင်အီအီ ဖြစ်နေရင် ယုန်ထင်ကြောင်ထင် ထင်လေ့ ရှိတယ်။

သို့သော် ဒါမျိုးထင်တာလဲ သူတို့ အပြစ်တော့ မဟုတ်ဖူးလေ။ ခေါင်းကိုက အဲ့လိုတွေးအောင် ဖွဲ့စည်းထားတာကိုးဗျ။ ဒါကြောင့် ကျုပ်တို့ ဘာတွေးတွေး လုပ်လုပ် ဒီဗလာသေတ္တာ ဖွင့်နေတယ် ဆိုတာကို ပြောပြရင် မိန်းမတွေဟာ စဉ်းစား မရတဲ့အဆုံး စွပ်စွဲချက် တွေနဲ့ ပြန်ပြီးတော့ ပစ်ခတ်လေ့ရှိတယ်။ ကျုပ်တို့ ကတော့ ဘာမှမရှိတာကို ငြင်းလို့ကောင်းတုန်း.. အဟေးဟေး

[Mark Gungor: tale of two brains] ကို ဆီလျော်အောင် ဘာသာပြန်သည်။

- မှတ်စုကြမ်း

No comments:

Post a Comment