ကမ္ဘာ့အဖိုးထိုက်တန်ဆုံး
ကျန်းမာရေးလျှို့ဝှက်ချက်များ
ဗီတာမင်အားဖြည့်ဆေးနှင့် ပတ်သက်၍
သိသင့်သည်များ
ဗီတာမင်အားဆေးပုလင်းတွေကို
ရေခဲသေတ္တာထဲ မသိမ်းသင့်ပါ
ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ ဗီတာမင်
အားဆေးပုလင်းတွေကို အဖုံးဖွင့်လိုက်တိုင်း ဗီတာမင်ဆေးပြားတွေဟာ ပြင်ပမှ
လေနွေးနွေးနဲ့ ထိတွေ့ပြီး တစ်ခုနဲ့တစ်ခု စေးကပ်သွားနိုင်ပါတယ်။ အားဆေးတွေကို
ရေချိုးခန်းထဲမှာလည်း သိမ်းမထားရပါ။ အပူငွေ့နဲ့ ရေငွေ့ပြန်တာကြောင့်
ဗီတာမင်ရဲ့သက်တမ်း တိုသွားနိုင်ပါတယ်။ ဗီတာမင်ကို မီးဖိုချောင် ဒါမှမဟုတ်
ထမင်းစားခန်းမှာ ထားပါ။ ဒါမှ အခန်းအပူချိန်အတွင်းမှာ ခြောက်သွေ့နေနိုင်ပါတယ်။
Lactobacilli လိုမျိုး အားဖြည့်ဆေးတွေကိုတော့ ရေခဲသေတ္တာထဲ ထည့်ထားနိုင်ပါတယ်။
စိတ်ကျဝေဒနာနှင့် ဗီတာမင်ဘီဆက်စပ်မှု
စိတ်ကျဝေဒနာပျောက်ဆေးနဲ့ ကုသလို့မပျောက်ကင်းတဲ့
စိတ်ကျဝေဒနာရှင်တွေဟာ ဗီတာမင်ဘီ (ဖောလိတ်)ချို့တဲ့တာကို ညွှန်ပြတာပါလို့ ဆိုပါတယ်။
စိတ်ကျဝေဒနာရောဂါရှိသူ ၂၁၃ ယောက်ကို လေ့လာမှု ပြုလုပ်ရာမှာ စိတ်ကျဝေဒနာပျောက်ဆေး
Prozac ဟာ ဖောလိတ်အက်စစ် ချို့တဲ့သူတွေမှာ ပုံမှန်ဖောလစ်အက်စစ် ရှိသူတွေထက်
ထိရောက်မှု လျော့နည်းတယ်လို့ ဆိုပါတယ်။
သတိထားစရာ ဗီတာမင် B12
အသက် ၅၀ ကျော်သူတွေအနေနဲ့ ဗီတာမင် B12
ကို နေ့စဉ်အနည်းဆုံး ၂၅ မိုက်ခရိုဂရမ် လိုအပ်ပါတယ်။ ဗီတာမင် B12
အားဆေးတစ်မျိုးတည်း သောက်နိုင်သလို ဖောလစ်အက်စစ်နဲ့လည်း တွဲဖက်ပြီး
သောက်နိုင်ပါတယ်။ တခြားဗီတာမင် ဒါမှမဟုတ် သတ္တုဓာတ်ပါဝင်တဲ့ အားဖြည့်ဆေးနဲ့
တွဲဖက်ပြီး မသောက်သင့်ပါ။ ဝမ်းဗိုက်ထဲ ရောက်သွားရင် ဗီတာမင် B12 ကို
ဖျက်ဆီးနိုင်လို့ပါ။ ဗီတာမင် B12 အားဆေးသောက်ပြီးလို့ တစ်နာရီကြာမှ တခြားအားဆေးတွေ
သောက်ပါ။
ဗီတာမင်စီနှင့် အဆုတ်ပြဿနာ
ဗီတာမင်စီဟာ ရင်ကျပ်ပန်းနာ၊
လေပြွန်ရောင်နာနဲ့ တခြား အဆုတ်ပြဿနာတွေ မဖြစ်အောင် ကာကွယ်ဖို့ ကူညီနိုင်ပါတယ်။
သုတေသနပြုသူတွေက အစားအစာနဲ့ အဆုတ်လုပ်ငန်း ပတ်သက်မှုကို လူပေါင်း ၂၅၀၀ ကျော်ကို
လေ့လာခဲ့ရာ ဗီတာမင်စီအများဆုံး အသုံးပြုသူတွေဟာ အဆုတ်လုပ်ငန်း
အကောင်းဆုံးဖြစ်တာကို တွေ့ရှိခဲ့ပါတယ်။ ဗီတာမင်စီ အသုံးပြုတဲ့ ပမာဏများသူ
(လိမ္မော်ရည် ၁၀ အောင်စ = ၉၉ မီလီဂရမ်)နဲ့ လုံးဝ အသုံးမပြုသူတွေမှာ အဆုတ်လုပ်ငန်း
ကွာခြားချက်ဟာ ဆေးလိပ် လုံးဝမသောက်သူနဲ့ နေ့စဉ် ဆေးလိပ်တစ်ဘူးကို ငါးနှစ်လောက်
သောက်သူတွေရဲ့ ကွာခြားချက်အတိုင်း ရှိတယ်လို့ ဆိုပါတယ်။
ဗီတာမင်စီနှင့် အဆစ်ရောင်ရောဂါ
ဗီတာမင်စီ အသုံးပြုတာကြောင့်
ဒူးဆစ်ရောင်သူတွေမှာ ရောင်ရမ်းမှု တိုးတက်နှုန်း သိသိသာသာ နှေးကွေးသွားတယ်လို့
ဆိုပါတယ်။ လူပေါင်း ၆၄၀ ယောက်ကို ရှစ်နှစ်ကြာ လေ့လာမှုအရ ဒူးဆစ်ရောင်ရမ်းသူတွေရဲ့
ရောင်ရမ်းတိုးတက်နှုန်းဟာ ဗီတာမင်စီ အသုံးပြုတာများသူတွေမှာ အသုံးပြုနည်းသူတွေထက် သုံးဆ
ပိုမိုနှေးကွေးတာကို တွေ့ရှိခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက
အကြောင်းနှစ်ချက်ကြောင့်လို့ ဆိုပါတယ်။ ပထမအချက်ဟာ ဗီတာမင်စီဟာ ဓာတ်တိုး
ဆန့်ကျင်ပစ္စည်းအဖြစ် အဆစ်ရောင်တဲ့ ဒူးဆစ်မှထုတ်လုပ်တဲ့ ဓာတ်တိုးပစ္စည်းတွေကို
ချေဖျက်နိုင်တာကြောင့်ဖြစ်ပြီး ဒုတိယအချက်အနေနဲ့ ဗီတာမင်စီဟာ
အဆစ်ရောင်တာကြောင့်ဖြစ်တဲ့ ပျက်စီးမှုတွေကို ပြုပြင်ပေးတာကြောင့်လို့ ဆိုပါတယ်။
ဗီတာမင်စီနှင့် အစာအိမ်ရောဂါ
ကာကွယ်ရေး
ဗီတာမင်စီဟာ အစာအိမ်ရောဂါ မဖြစ်အောင်
ကာကွယ်နိုင်ဖို့ ထိရောက်တဲ့နည်းလမ်း တစ်ခုပါ။ သွေးတွင်းမှ ဗီတာမင်စီ အဆင့်
မြင့်မားစွာရှိသူတွေမှာ အစာအိမ်ရောဂါ ဖြစ်စေတဲ့ H.pylori ဘက်တီးရီးယားရှိတဲ့
လက္ခဏာတွေ့ရတာ နည်းပါးတယ်လို့ ဆိုပါတယ်။ အစားအစာနဲ့ အားဖြည့်ဆေးမှ နေ့စဉ်ဗီတာမင်စီ
၂၅၀ မှ ၅၀၀ မီလီဂရမ် ရရှိအောင်ယူပါ။ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ အနီရောင်
ငရုတ်ပွသီးတွေမှာ ဗီတာမင်စီများစွာ ပါဝင်ပါတယ်။
ဗီတာမင်စီအန္တရာယ်
ဝါးစားလို့ရတဲ့ ဗီတာမင်စီဟာ
သင့်သွားတွေအတွက် မကောင်းပါဘူး။ အက်စ်စကောဗစ်အက်စစ် (ဗီတာမင်စီရဲ့
ဓာတုဗေဒအမည်ပါ)နဲ့ မကြာခဏ တွေ့ထိခံရတဲ့သွားတွေရဲ့ ကြွေသားလွှာတွေ တိုက်စားခံထိပြီး
ပျက်စီးတတ်လို့ပါ။
Credit to ဒေါက်တာခင်မိုးမိုး
ကျော်စံလင်း
https://www.facebook.com/kyawsanlinn87
No comments:
Post a Comment