Wednesday, November 16, 2016

ကြယ်တွေသေတာရှင်းတယ်

ကြယ်တွေသေတာရှင်းတယ်
___________________
ကြယ်တွေသေတာရှင်းတယ် !
သေတမ်းစာ မရေးဘူး
အမွေ မခွဲဘူး
မျက်ရည်မကျပဲ
လင်းကနဲ လက်ကနဲ သေတယ်
ပုပ်စော်မနံဘူး
မြေနေရာ မပေးရဘူး
မီးသဂြိုလ်စရာ မလိုဘူး
မြစ်ရေထဲ ညစ်ထေးသွားစရာ မရှိဘူး
သတင်းစာမှာ မကြေညာဘူး
ဆယ်လူကောတက် မထိုးခဲ့ရဘူး
ပိုက်ဆံ သောက်သောက်လဲ မကုန်ဘူး
ယပ်တောင်တွေ ဝေစရာ မလိုဘူး
မုန့်ဟင်းခါး ကျွေးစရာ မလိုဘူး
ဖဲဝိုင်းထောင်စရာ မလိုဘူး
သရဲကြောက်စရာ မလိုဘူး
ခုနှစ်ရက်လည် အခမ်းအနား မရှိဘူး
ကြယ်တွေဟာ သရဏဂုံ မြဲတယ်
ဘုန်းကြီးတွေ ပင့်စရာမလိုဘူး
သံယောဇဉ် မချန်ခဲ့လို့
အသံဗြဲ နဲ့ အော်ငိုသံတွေ မရှိဘူး
တက်မတတ်ချက်မတက် ဖြစ်လို့
ခြေမ လိမ်ချိုးပေးစရာလည်း မလိုဘူး
ဝမ်းနည်းကျန်ခဲ့မယ့် သူမရှိဘူး
ဒါ့ကြောင့် အလောင်းကောင်ကို
အမင်္ဂလာဆောင် ပေးစရာ မလိုဘူး
ဒါ့ကြောင့် ငွေတစ်မတ် ကုန်စရာ မလိုဘူး
ကြယ်တွေသေတာ ရှင်းတယ်
နာရေး ကားတွေကို အကြောင်းကြားစရာမလိုဘူး
ဘာဆိုဘာမှ မပူလောင်ရဘူး
တစ်ခုတော့ ရှိတယ်
လူတွေဟာ
သူသေရင် လိုရာဆုပြည့်ဖို့
ဆုတောင်းထောပနာပြု တတ်ကြလို့
သူဟာ ဘယ်တော့မှ ကမ္ဘာ ပေါ်ရောက်အောင်
မသေဘူး ............
အဲ့ဒီတစ်ချက်တော့ရှိတယ်
ဒါ့ကြောင့် ကြယ်တွေသေတာ ရှင်းတယ် .....။
လင်းသန့်(ကနောင်)

No comments:

Post a Comment