“မျောက်စိတ်၊ မိကျောင်းဦးဏှောက်နဲ့ ထူးခတ်ထားတဲ့ ဆင်...”
လွန်ခဲ့တဲ့ တစ်လလောက်က လူငယ်တစ်ယောက်နဲ့ online ပေါ်မှာ စကားပြောဖြစ်တယ်..သူမေးတဲ့ မေးခွန်းလေးက စိတ်ဝင်စားစရာကောင်းလို့ ဝေမျှပေးလိုက်ပါတယ်..
လူငယ်။ “မင်္ဂလာပါဆရာ..ဆရာအချိန်ရရင် မေးခွန်းတစ်ခုလောက် မေးချင်လို့  ပါ..”
ကျနော်။ “မင်္ဂလာပါ...ဒီညတော့ ကျနော် အားပါတယ်..ကျနော် သိတာဆိုရင် ဖြေပေးပါ့မယ်..”
လူငယ်။ “အောင်မြင်ဖို့ အတွက် ဘာပဲလုပ်လုပ် အရင်ဆုံး..အတွေးစိတ်ကူးက အရေးကြီးတယ်လို့ သိရပါတယ်၊ အဲဒါအတွက် အတွေးအခေါ် ကောင်းအောင် ဘယ်လို လေ့ကျင့် ရမလဲ ဆရာ”
ကျနော်။ “ဒီမေးခွန်းလေးက တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်ဗျ.. တကယ်တော့  ဒီမေးခွန်းမျိုးကို ကျနော်လဲ ကိုယ့် ကိုယ်ကို မေးခဲ့ဘူးတယ်၊လွန်ခဲ့တဲ့ ၁၀နှစ်လောက် ကပေါ့ ..ကျနော် စင်္ကာပူ ရောက်ကာစ အချိန်က..။ လုပ်ငန်းခွင်မှာ၊ အစည်းအဝေးတွေ၊ ဟောပြောပွဲတွေမှာ တစ်ချို့ သူတွေ ပြောတာဆိုတာ ကြည့် ပြီး တွေးဖြစ်တာ.. သူတို့ များ အကြောင်းအရာတခု၊ပြဿနာတစ်ခုအပေါ် တွေးတတ်၊ပြောတတ်ကြတာ.. အဲဒီလို တွေးတတ်အောင် ဘယ်လို စဉ်းစားတွေးခေါ် ရရင်ကောင်းမလဲလို့ ..”
လူငယ်။ “ဟုတ်တယ်ဆရာ၊တချို့ သူတွေ အတွေးလဲ ကောင်း၊အပြောလဲ ကောင်းတာ အားကျစရာကောင်းတယ်..”
ကျနော်။ “ဟုတ်တယ်ဗျ...ကြည့် ရတာ ကျနော်တို့ ပညာရေး စနစ်ကြောင့် လဲ ဖြစ်မယ်ထင်တယ်..ကျနော်တို့ ကို သင်ကြားပေးတဲ့ ပုံစံက တွေးတတ်အောင်ထက် မှတ်တတ်အောင် သင်ကြားပေးခဲ့တာကိုး..တကယ်တော့  အတွေးကောင်းအောင် ဘယ်လိုတွေးရရင်ကောင်းမလဲ လို့ တွေးရတာကကို..နဲနဲတော့  ကြောင်စီစီ နိုင်တယ်”
လူငယ်။ “အဲဒီတော့ ဆရာ သင်တန်းတွေ၊ ဘာတွေတက်ခဲ့သလား..”
ကျနော်။ “သင်တန်းတော့ မတက်ဖြစ်ပါဘူး..ဒါပေမယ်..ငါ့ ကို အဲဒီလို တွေးတတ်ဖို့  အကြောင်းပြောပေးမယ့် စာအုပ်တစ်အုပ်တော့ ရှိမှာပဲ ဆိုပြီး စာအုပ်ဆိုင်တစ်ဆိုင် ရောက်သွားတယ်ဗျ၊ စင်္ကာပုူမှာ Kinokuniya ဆိုတဲ့ စာအုပ်ဆိုင်က နာမည်ကြီး.. စာအုပ်အစုံရှိတယ်.. ဒါနဲ့ စာအုပ်တွေကို အမြည်းသဘောဖတ်ရင်းနဲ့ Tim Hurson ရေးတဲ့ “Think Better” (ပိုကောင်းအောင် တွေးနည်း)ဆိုတဲ့ စာအုပ် ဖတ်မိတယ်”
လူငယ်။ “စာအုပ်နံမည်က ရိုးပေမယ့် စိတ်ဝင်စားစရာတော့ ကောင်းတယ်နော် ဆရာ”
ကျနော်။ “ဟုတ်တယ်.အဲဒီစာအုပ်ရဲ့ နိဒါန်းမှာပဲ.သူရေးထားတာက“ လူအများစုရဲ့  တွေးခေါ် စဉ်းစားတဲ့ ပုံစံက “မျောက်ရဲ့ စိတ်၊မိကျောင်းရဲ့ ဦးဏှောက် နဲ့ ထူးခတ်တဲ့ ဆင်" လို တဲ့ ”Monkey mind, Gator brain, Elephant’s tether လို့ ရေးထားတာ..အဲဒါလေး ဖတ်လိုက်ရကထဲက တော်တော် စိတ်ဝင်စားသွားတာနဲ့  ဒီစာအုပ်လေး ၀ယ်ခဲ့ပြီး ဖတ် ဖြစ်ခဲ့ တယ်”
လူငယ်။ “စိတ်ဝင်စားစရာတော့ ကောင်းလာပြီ ဆရာ..ဆက်ပြောပါဦး”
ကျနော်။ “သူက မော်တော်ကားသူဋ္ဌေးကြီး ဟင်နရီဖို့ ဒ် ရဲ့ စကားတခွန်းကို လဲ ကိုးကားထားသေးတယ်...ဖို့ ဒ်ပြောခဲ့တာက “စဉ်းစားတွေးခေါ်တယ်ဆိုတာ အလုပ်တွေထဲမှာ အခက်အခဲ ဆုံး အလုပ် ဖြစ်မယ်၊ဒါကြောင့် ထင်ပါရဲ့ .. လူအနည်းစု လောက်ကပဲ စဉ်းစားတွေးခေါ်မှု လုပ်ကြတာ”...တဲ့”
လူငယ်။ “ဒီစကားလေးက စိတ်ဝင်စရာကောင်းတယ် ဆရာ.. ဒါပေမယ့်  ကျနော်တို့  အများစုကလဲ တချိန်လုံးလိုလို တွေးနေကြတာ မဟုတ်ဘူးလား..ကျနော်ဆို ထိုင်နေရင်းလဲ တွေးတယ်၊လမ်းလျှောက်ရင်းလဲ တွေးတယ်”
ကျနော်။ “ဟုတ်တယ်..သာမာန်ကြည့် ရင်တော့ ကျနော်တို့ လဲ စဉ်းစားတွေးခေါ် နေတယ် လို့ ထင်လိမ့် မယ်..တကယ်တော့ တစ်ခါတစ်လေ ကျနော်တို့ က တွေးတယ်ဆိုတာထက် ပူပန်နေကြတာများတယ်လို့ ကျနော်ထင်တယ်၊ကျနော်လဲ တွေးသလိုလို နဲ့ တော်တော် ပူပန်ဖူးတယ်...သူပြောတာက “ကျနော်တို့ တွေးတာက အမှန်တကယ် စူးစိုက်ပြီး အဖြေကောင်းတွေ ထွက်ဖို့ တွေး ဖြစ်ဖို့ အရေးကြီးတယ်” တဲ့ ၊ဒါကြောင့်  လူအများစုရဲ့ တွေးခေါ်စဉ်းစားတဲ့ပုံစံက..“မျောက်ရဲ့ စိတ်၊ မိကျောင်းရဲ့ ဦးဏှောက် နဲ့  ထူးခတ်ထားတဲ့ ဆင်”..လို့ သူပြောချင်တာ..တဲ့”
လူငယ်။ “မျောက်စိတ်ဆိုတာတော့ နည်းနည်းရိပ်မိတယ် ဆရာ..ကျနော် စိတ်တွေက ဟိုတွေးလိုက် ဒီတွေးလိုက်နဲ့ ဂနာမငြိမ် ဖြစ်တာမျိုး ပြောတာမဟုတ်လား..”
ကျနော်။ “ဟုတ်ပါတယ်..မျောက်ဆိုတာ သိတဲ့အတိုင်း ငြိမ်ငြိမ်နေတာမှ မဟုတ်ပဲ၊ ဟိုပြေးဒီပြေးနဲ့ ။ ကျနော်တို့ စိတ်ကလဲ ဒီလိုပဲ.သိပ်ဂနာငြိမ်တာမဟုတ်ဘူး..distraction သိပ်ဖြစ်တာလို့ ပြောရမှာပေါ့ ။တရားထိုင်ကြည့် ရင် သိပ်သိတာတယ်..၁မိနစ်/၂မိနစ် အချိန်လေးအတွင်းမှာတောင် စိတ်က ဟိုရောက်၊ဒီရောက်နဲ့  မဟုတ်လား.. အဲဒီင်္တော့ ”focused thinking” လို့ ခေါ်တဲ့  “စူးစိုက်မှု ရှိတဲ့ စဉ်းစားတွေးခေါ်မှု” ဘယ်ဟုတ်တော့ မလဲ..”
လူငယ်။ “သိပြီ ဆရာ..အတွေးကောင်းဖို့  ကျနော်တို့ စိတ်ကို အကြောင်းအရာတစ်ခု အပေါ် စူးစူးစိုက်စိုက် ထားသင့် တာပေါ့ နော်..ဒါမှ ကိုယ်စဉ်းစားတဲ့ အကြောင်းအရာ ရဲ့ အသေးစိတ် ကို တွေးမိတော့ မှာပေါ့.. ဒါနဲ့ မိကျောင်းဦးဏှောက် ဆိုတာကတော့  ဘယ်လို ဆိုလို တာလဲ..ဆရာ..”
ကျနော်။ “တကယ်တော့ မိကျောင်းတွေမှာ ကျနော်တို့ လို တွေးတတ်ခေါ်တတ်တဲ့ ဦးဏှောက်ကြီး (cerebral cortex) ဆိုတာ မပါဘူးတဲ့၊သူတို့ မှာ ရှိတာက brain stem လို့ ခေါ်တဲ့ လှုံဆော်မှုတွေလာရင် တုန့် ပြန်တတ်တဲ့ ဦးဏှောက်မျိုး၊အဲဒီတော့ မိကျောင်းတစ်ကောင်ဟာ သူ့ အနားကို တခြား မိကျောင်းတစ်ကောင်လာတာပဲ ဖြစ်ဖြစ်၊ သူ့ ရဲ့ သားကောင်တစ်ကောင်လာတာပဲ ဖြစ်ဖြစ်.လှုံ့ ဆော်မှု တစ်ခုခု ရှိလာရင် သူ့ သဘာဝအလျှောက်ဖြစ်လာတဲ့ တုန့် ပြန်တဲ့ ပုံစံ၎/၅မျိုးလောက်အတိုင်း ချက်ချင်း တုန့့်ပြန်လိုက်တာပဲတဲ့.. “Instinctive reaction” ပေါ့ ..ဘာမှ တွေးမနေဘူး..”
လူငယ်။ “ဒါလဲ ဟုတ်လောက်တယ် ဆရာ..တော်တော်များများကိစ္စတွေမှာ ကျနော်တို့ က သိပ်လေးလေးနက်နက်တွေးနေတာ မဟုတ်ဘူး..ဖြတ်ကနဲ ပေါ် ဇတ်ကနဲ လုပ်ဆိုသလိုပဲ ချက်ခြင်းတုန့် ပြန်ဖြစ်တာများတယ်.ဒေါသဖြစ်စရာ ရှိရင် ချက်ချင်း ဒေါသ ဖြစ်လိုက်တာပဲ..ကိုယ်ကြိုက်ရင် ချက်ချင်း ချီးကြူးပြီး ကိုယ်မကြိုက်ရင် ချက်ချင်း ဆဲဆိုပြစ်လိုက်တာမျိုးနေမှာပေါ့ ၊အကြောင်းအရာကိစ္စတခုကို သေချာ စဉ်းစားတွေးခေါ် တာမျိုး သိပ်မလုပ်မိဘူး ထင်ပါရဲ့ဆရာ.. သူပြောမှ သတိထားမိတယ်။ ဒါနဲ့  “ထူးခတ်ထားတဲ့ ဆင်” ဆိုတာကတော့  ဘာဆိုလိုတာလဲ ဆရာ”
ကျနော်။ “အဲဒါကတော့ ..ဆင်ကို ထူးခတ်၊ကြိုးချည်ထားရင် ဆင်က ဝေးဝေး သွားလို့  မရပဲ တစ်နေရာထဲမှာပဲရှိနေသလို..ကျနော်တို့  စဉ်းစားတွေးခေါ် လေ့ ရှိတာ၊လုပ်လေ့ ရှိတာကလဲ ကိုယ်သိပြီးသား၊အများက လက်ခံပြီးသား၊ ကို်ယ်နဲ့  အသားကျနေတဲ့ အတွေးအခေါ်ပုံစံနဲ့ ပဲ တွေးလေ့ရှိကြတယ်တဲ့ ၊pattern thinking လို့ ခေါ်တာပေါ့ ၊ ဒီနေရာမှာပဲ တ၀ဲလည်လည် ရှိနေကြ။ တွေးနေကျ၊လုပ်နေကျပုံစံနဲ့ ပဲ အသားကျနေကြတော့ ပိုကောင်းတာတွေ၊ အသစ်တွေ ထွက်မလာတော့ဘူး”
လူငယ်။ “ဒါလဲ ဟုတ်တယ်ဆရာ..ကျနော်တို့ က..မနေ့ကတွေးတာ၊လုပ်တာနဲ့  ဒီနေ့  တွေးတာ၊လုပ်တာ အတူတူပဲ..ကျနော်ထင်တာတော့ ဒီနေ့ တွေးသလို၊လုပ်သလိုပဲ မနက်ဖြန်လဲ လုပ်မှာပဲ..လို့ ”
ကျနော်။ “ဟုတ်တယ်..တကယ်သေချာစဉ်းစားကြည့် ရင် ကျနော်တို့  စဉ်းစားတွေးခေါ်ပုံ၊ လုပ်ပုံတွေက မိကျောင်းဦးဏှောက်နဲ့ ထူးခတ်ထားတဲ့ ဆင်လို ဖြစ်နေတယ်ဆိုတာ သတိထားမိလိမ့် မယ်..အဲဒီတော့ အားလုံးကို ခြုံပြောရရင် ကျနော် တို့ လူအများစု စဉ်းစားတွေးခေါ်တာက..အရင်တွေးခဲ့အတိုင်း တွေးနေ၊အရင်လုပ်ခဲ့ တဲ့ ပုံစံအတိုင်း လုပ်နေတဲ့ ပုံစံပေါ့ ..ဒါကို “reproductive thinking” လို့ ခေါ်တယ်.. “A matter of repeating the past”.. “အတိတ်အတိုင်း တွေးခေါ် ခြင်း” ပေါ့၊ အဲဒီတော့  အသစ်တွေ၊ တီထွင်ဖန်တီးတဲ့ အတွေးတွေ ပေါ်လာမှာမဟုတ်ဘူး..နဲနဲစဉ်းစားကြည့် ပေါ့”
လူငယ်။ “အခုမှ ပြန်စဉ်းစားမိတယ်ဆရာ...တကယ်တော့  ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့် ပတ်ဝန်းကျင်က လူအများစုရော ဒီလိုအသားကျနေတဲ့ တွေးခေါ် လုပ်ကိုင်ပုံတွေ နဲ့ လုပ်နေကြတာ အခုမှ သတိထားမိတယ်”
ကျနော်။ “ဟုတ်တယ်..ကျနော်တို့ တော်တော်များများက ဒီ “reproductive thinking” နဲ့ တော်တော် အသားကျ နေကြတယ်..တကယ်တော့ ကျောင်းတွေကလဲ ဒီလိုပဲ သင်ပေးလိုက်တာ..ဘာလို့ လဲဆိုတော့ ဒီလို တွေးနည်းဟာ အမှားအယွင်းနဲလို့ ၊ အပြစ်နဲလို့ ..တဲ့ ။ တကယ်တော့  ဒီလို “reproductive thinking” လို့ ခေါ်တဲ့  “အတိတ်ကလို တွေးခေါ်ကြ၊လုပ်ကြတာ” မှာတောင် အဆင့် ၃ ဆင့် ရှိတယ်..တဲ့”
လူငယ်။ “ စိတ်ဝင်စားစရာကောင်းသားပဲ ဆရာ..ဘယ်လို အဆင့် တွေ ရှိတာတဲ့ လဲ”
ကျနော်။ “အခြေခံ အကျဆုံး ပုံစံက “mindless repetition” (အတွေးမပါပဲ ထပ်ခါတလဲလဲ လုပ်တဲ့ ပုံစံ) တဲ့ ။ ဥပမာပြောရရင်..ကျနော်တို့ မနက်လင်းလို့  မျက်နှာသစ်ရင် သွားတိုက် တာမျိုးပေါ့ ..သွားတိုက်ဆေးကို ညှစ်တာကအစ... သွားတိုက်တာ.. ပါးလုပ်ကျင်းတာ အဆုံး.. ကျနော်တို့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ကျတာပဲ၊ဒါ့ အတွက် သွားတိုက်ရင်း ရပ်စဉ်းစားလေ့ မှ မရှိပဲ..ခပ်မြန်မြန် တမိနစ်လောက်ပဲ သွားတိုက်တတ်တဲ့ သူဆိုလဲ တသက်လုံး တမိနစ်ပဲ၊ခပ်ကြာကြာ သွားတိုက်တတ်သူလဲ ခပ်ကြာကြာပေါ့ ”
လူငယ်။ “ဟုတ်တယ်ဆရာ..သွားတိုက်တဲ့ ကိစ္စကို ကျနော်တို့  သိပ်မှတွေးမနေပဲ.. Reproductive thinking ရဲ့ နောက်တဆင့် ကျတော့ အတွေးပါလာရပြီထင်တယ်..အဲဒါက ဘယ်လိုဟာမျိုးလဲ..ဆရာ”
ကျနော်။ “နဲနဲအဆင့် မြင့် လာတဲ့ စဉ်းစားတွေးခေါ်တဲ့ပုံစံကတော့  “conscious systemization” လို့ ခေါ်တယ်..တဲ့ ၊ “အသိတရားပါလာတဲ့ စနစ်တကျ တွေးတဲ့ ပုံစံ”ပေါ့ .. ကျနော်တို့ အနေနဲ့  စနစ်တကျသင်ယူထားတာတွေကနေ ရတဲ့ အသိတရားတွေ၊ ကျွမ်းကျင်မှုတွေကိုသုံးပြီး ရလာဒ်ကောင်းတွေ ရအောင်လုပ်ကြတဲ့ ပုံစံပေါ့ .. ကျနော်တို့  လို အသိပညာရှင်၊အတတ်ပညာရှင်တွေကို ဒီအတိုင်း လေ့ကျင်သင်ကြားပေးခဲ့တာ.. ဥပမာ..ဆရာဝန်တစ်ယောက်ဆိုရင်လဲ လူနာတစ်ယောက်ကို ဘာတွေမေးရမယ်၊ ဘာတွေစမ်းသပ်ရမယ်..ဒီတွေ့ ရှိမှုတွေကနေ ဘယ်လို ကောက်ချက်ဆွဲရမယ်. လူနာအတွက် ဘယ်ကုထုံးကသင့် တော်တယ်ဆိုတာကို အစီအစဉ်တကျ program နဲ့ သင်ကြားပေးလိုက်တာ။ဥပမာ လေယာဉ်မောင်းတဲ့ ပိုင်းလော့ တစ်ယောက်ဆိုရင်လဲ.. လေယာဉ် အဆင်းအတက်၊မောင်းနှင်ပုံ၊ရာသီဥတု ခန့် မှန်းတာ..စတာတွေကို သေချာလေ့ကျင့် သင်ကြားပေးလိုက်တာပေါ့ ..ဒီသင်ကြားမှုတွေကနေ ရလာဒ် ကောင်းတွေရအောင် တွေးတွေးခေါ်ခေါ်၊ အသိရှိရှိ လုပ်ကြတာပေါ့ ”
လူငယ်။ “သိပြီဆရာ..ဒါကြောင့် ဆရာ ခုနကပြောခဲ့တာ ထင်တယ်..ဒီလို တွေးနည်း ဟာ အမှားအယွင်းနဲတာ၊အပြစ်နဲတယ်လို့ .”
ကျနော်။ “ဟုတ်တယ်..ဒီထက် အဆင့် မြင့်တဲ့ .. “Reproductive thinking” ရဲ့  အဆင့် အမြင့် ဆုံး စဉ်းစားတွေးခေါ်တဲ့ ပုံစံကတော့  “Incremental Improvement” လို့ ခေါ်တယ်တဲ့.. ထပ်မံဖြည့် စွက်ပြီး အဆင့်ဆင့် တိုးတက်အောင် လုပ်တာပေါ့ .. “Kaizen Thinking” လို့ လဲခေါ်ကြတယ်.. Kaizen ဆိုတာ ဂျပန်စကား.. “Good change” “အပြောင်းအလဲ ကောင်း” လို့  အဓိပ္ဗါယ်ရတယ်.. အဲဒီပုံစံမှာကျတော့ ရှိပြီးသား စနစ်တွေ၊ဘောင်တွေအထဲက ပိုကောင်းအောင်၊ ပိုတိုးတက်အောင် လုပ်ကြတာပေါ့ ”
လူငယ်။ “ကျနော် တွေးမိတာကို ပြောကြည့် မယ် ဆရာ..ဒီနည်းကတော့ အခုကမ္ဘာမှာ ကျယ်ကျယ်ပြန့် ပြန့် လုပ်လာကြတဲ့ နည်းဖြစ်မယ် ထင်တယ်.. ဥပမာ..မော်တော်ကား တွေ၊ဖုန်းတွေကို ပိုကောင်းလာအောင် လုပ်တာမျိုး၊အဖွဲ့ အစည်းတွေ ရဲ့ စနစ်တွေ၊ အရည်အသွေးတွေ ပိုကောင်းအောင်လုပ်တာမျိုး နေမှာပေါ့ နော်”
ကျနော်။ “အမှန်ပေါ့ ခင်ဗျာ...ဒါပေမယ့် ဒါတွေ အားလုံး ဟာ “Reproductive thinking” လို့ ခေါ်တဲ့  “အတိတ်က အတိုင်းတွေးခေါ်တာ၊အရင်ကလိုပဲ တွေး၊အရင်ကလိုပဲ လုပ်တာ” ဆိုတဲ့  ဘောင်ထဲမှာ ရှိသေးတယ်..ဒါပေမယ့် ဒီတွေးတဲ့ ပုံစံဟာ မကောင်းတာ၊ အကျိုးမရှိတာတော့ မဟုတ်ဘူး..ခုနကပြောခဲ့ သလို ဆရာဝန်တစ်ယောက်၊ ပိုင်းလော့ တစ်ယောက်ဟာ လေ့ကျင့် သင်ကြားထားတဲ့အတိုင်း မလုပ်ရင် အမှားအယွင်းတွေ ဖြစ်လာနိုင်တယ်၊အမှားအယွင်းရဲ့ အကျိုးဆက် ကြီးမယ်ဆိုရင် ဒီလိုတွေးခေါ်လုပ်ကိုင်ပုံက အသုံးဝင်တယ်.. ဒါပေမယ့် ..ဒီလိုတွေးတဲ့ ပုံစံကနေ အတွေးသစ်တွေပေါ်လာမှာတော့  မဟုတ်ဘူး”
လူငယ်။ “အခုလို အပြိုင်အဆိုင်တွေများတဲ့ ခေတ်မှာတော့  တွေးခေါ်လုပ်ကိုင်ပုံ အသစ်တွေ လိုမှာပေါ့ နော် ဆရာ..ဘာလို့ လဲ ဆိုတော့ အရင်တွေးပုံ အတိုင်းဆိုရင် အားလုံးက သိနေကြ၊လုပ်တတ်နေကြတာကိုး”
ကျနော်။ “ဟုတ်တယ်.. အခုလို ပြိုင်ဆိုင်မှုတွေ ပြင်းထန်တဲ့ ခေတ်မှာ အတွေးသစ်၊ လုပ်ကိုင်ပုံ အသစ်တွေ၊တီထွင်ဖန်တီးမှုတွေ လိုတယ်..မဟုတ်ရင် တခြားသူတွေကို ယှဉ်ပြိုင် ဖို့ ခက်မယ်..တစ်ဦးချင်းဖြစ်ဖြစ်၊အဖွဲ့ အစည်းလိုက် ဖြစ်ဖြစ်ပေါ့ ။မယှဉ် ပြိုင်နိုင်လို့ ဆုံးရှုံးသွားတဲ့ ဥပမာတွေ အများကြီးပဲ၊ မကြာသေးခင်ကတောင် Nokia ကို Microsoft ဆီမှာရောင်းလိုက်ရလို့  Nokia CEO မျက်ရည်ကျခဲ့တာ ကမ္ဘာကျော်သတင်း တစ်ခု ဖြစ်ခဲ့သေးတယ် မဟုတ်လား.. တစ်ဦးချင်းအနေနဲ့  စဉ်းစားကြည့်ရင်လဲ အလုပ် လျှောက်တာက အစ အလုပ်ထဲ မှာ ရာထူးတိုးတာ အားလုံး ယှဉ်ပြိုင်နေကြရတာပဲ မဟုတ်လား။ သူများထက်သာချင်ရင် ကိုယ်တွေးတာ၊လုပ်တာဟာ သူများထက် သာနေ၊ကောင်းနေရမှာပေါ့ ”
လူငယ်။ “ ဟုတ်တယ် ဆရာ..ကျနော်တို့ က အပြိုင်အဆိုင်များတဲ့ ကာလမှာ လှုပ်ရှား ရုန်းကန်ရတော့ ဆိုတော့ ပိုကောင်းအောင်တွေးတတ်ဖို့ ၊လုပ်တတ်ဖို့ လိုတာပေါ့ ..ဒါကြောင့်  “Reproductive thinking” မဟုတ်တဲ့ ..တီထွင်ဖန်တီးမှုတွေ၊အတွေးအခါ် အသစ် တွေရအောင် ဘယ်လို စဉ်းစားတွေးခေါ်ရမလဲ ဆရာ.. ကျနော် အစက မေးခဲ့သလို.. အောင်မြင်ဖို့ အတွက် အတွေးအခေါ် ကောင်းအောင်..တွေးပုံခေါ်ပုံ၊လုပ်ပုံကိုင်ပုံ အသစ် တွေ ဖြစ်အောင်..ဘယ်လို တွေးခေါ်စဉ်းစားလေ့ကျင့် ရမလဲ ဆိုတာ ဆက်ပြောပေးပါ ဆရာ”
ကျနော်။ “တကယ်တော့..ကျနော် ပြောရင်း စကားရှည်သွားတာ..အခုမှ မေးခွန်းကို ပြန်ရောက်မှာ။အခုလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အချိန်ကာလမှာ တီထွင်ဖန်တီးမှုတွေ၊ တွေးခေါ်စဉ်းစားမှု အသစ်တွေ၊ အကြံသစ်ဥာဏ်သစ် တွေ ဖြစ်စေတဲ့ စဉ်းစားတွေးခေါ် တဲ့ နည်းကို “Productive thinking” တဲ့။ဥပမာအနေနဲ့ ပြောရရင် မော်တော်ကားတွေ မပေါ်ခင်ခေတ်က တနေရာကတစ်နေရာသွားဖို့  မြင်းရထားတွေ သုံးခဲ့ ရတယ် မဟုတ်လား.. “Reproductive thining” က မြင်းကို ထိန်းကျောင်းဖို့  အလွန်လှပပြီး အသုံးဝင်တဲ့ ကြာပွတ်တစ်ချောင်းကို တည်ထွင်တာမျိုးဆိုရင် “Productive thinking” က မော်တော်ကားတစ်စင်းတည်ထွင်တာမျိုးပါ..တဲ့၊အတိတ်အပေါ် ပိုကောင်းအောင် လုပ်တာထက်.. အတိတ်ကနဲ့ လုံးဝမတူတဲ့ အသစ်တခု ကို တည်ထွင်တာမျိုး၊ စဉ်းစားတာမျိုးပေါ့ ”
လူငယ်။ “ဒီလို တီထွင်တဲ့ ၊ပိုကောင်းတဲ့ အတွေးတွေကို ဖြစ်စေတဲ့ productive thinking ဖြစ်အောင် ဘယ်လို တွေးခေါ် စဉ်းစားရမလဲ ဆရာ”
ကျနော်။ “ကျနော်ကလဲ ဒါကို ပြောချင်တာ..လက်တွေ့ မှာ သုံးလို့ ရအောင်လို့ ။ ပထမစပြောရမှာက “Productive thinking” မှာ အပိုင်း၂ပို်င်း ရှိတယ် ဆိုတာ ကျနော်တို့ နားလည်ထားရမယ်။ ပထမအပိုင်းအနေနဲ့ ကျနော်တို့ လုပ်ရမှာက “creative thinking” လို့ ခေါ်တဲ့ တီထွင်ဖန်တီးတဲ့ အတွေး နဲ့  စရမှာ၊ ဥပမာ..ကိုယ့် မှာ ပြသနာတခု ဖြစ်လို့ ဒီအတွက် ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်..ဆိုကြပါစို့ ၊ဒီ့အတွက် ဖြစ်နိုင်သမျှ အဖြေတွေ၊နည်းလမ်းတွေ တတ်နိုင်သမျှ များများ ပေါ်လာအောင် စဉ်းစားတာပါ... generate idea ပေါ့ ။ ဒုတိယအပိုင်းအနေနဲ့ က ဒီအဖြေတွေ အပေါ်မှာ “critical thinking” လို့ ခေါ်တဲ့ ဝေဖန်ပိုင်းခြားရမှာ။ ခုနကတွေးထားတဲ့ အဖြေတွေအားလုံးရဲ့ အကောင်းအဆိုးကို စဉ်းစားပြီး အကောင်းဆုံးအဖြေ ကို ရွေးချယ်တာပါ..Judge idea ပေါ့ ”
လူငယ်။ “ဆရာပြောမှ ကျနော်စဉ်းစားမိတာတစ်ခုရှိတယ်..ကျနော်တို့ က ဒုတိယလုပ်ရမဲ့ ဝေဖန်ပိုင်းခြားတာကို စလုပ်မိသလိုများ ဖြစ်နေသလားလို့ ..တခါတလေ ပြသနာတခုကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကို စဉ်းစားရင်း..စစဉ်းစားမိတဲ့ အဖြေတစ်ခု၊၂ခုလောက်ပေါ်မှာပဲ ဝေဖန်ပို်င်းခြားပြီး လုပ်မိသလားလို့ ..အဲဒီတော့ တခြားဖြစ်နိင်ခြေရှိတာတွေ မစဉ်းစား မိတော့ ဘူး”
ကျနော်။ “အမှန်ပေါ့ ဗျာ..ကျနော်တို့ တော်တော်များများက ဒီလိုပဲ ဖြစ်နေတာ.. ဒါကြောင့် အကောင်းဆုံး အဖြေကို မစဉ်းစားမိတော့ ဘူး..ဒါကြောင့် လဲ ဒီစာအုပ်ထဲမှာ စာရေးသူ အလေးထားပြောတာက..ပထမစဉ်းစားရမဲ့  “တီထွင်ဖန်တီးတဲ့ အတွေး” နဲ့ ဒုတိယ လုပ်ရမယ့်  “ဝေဖန်ပိုင်းခြားတာ” ကို ရော မသုံးပါနဲ့ ..တဲ့ ။ တီထွင်ဖန်တီးတဲ့ အတွေးနဲ့ တွေးနေတဲ့ အချိန်မှာ ဝေဖန်ပိုင်းခြားတာ မလုပ်မိပါစေနဲ့ .တဲ့။ ဘာလို့ လဲဆိုတော့ ..အဲဒီလို ရောတွေးမိရင် အတွေးနဲနဲ၊ အဖြေနဲနဲ နဲ့ ရပ်သွားပြီး တကယ်ဖြစ်နိုင်တာတွေ တော်တော်များများ ဆက်မတွေးဖြစ်တော့ မှာ စိုးရိမ်လို့ ပါ.တဲ့ ”
လူငယ်။ “ ဒီလိုထင်တယ်ဆရာ.. ကားတစ်စီးကိုမောင်းရင်း လီဗာရော၊ဘရိတ်ရော တပြိုင်နက် နင်းထားသလိုပေါ့ ..အဲဒီလုပ်ထားရင် ကားက ရှေ့ ဆက် ရွေ့ မှာ မဟုတ်ဘူး..ကြာရင် အင်ဂျင်ပူလာတာပဲ ရှိမှာ..ဟုတ်တယ် မဟုတ်လားဆရာ”
ကျနော်။ “သိပ်ကောင်းတဲ့ ဥပမာပါ..ဟုတ်တာပေါ့ ..ကျနော်တို့ ဘ၀မှာ အဲဒီလို တော်တော်များများ ဖြစ်တတ်တယ်..တခုခုကို စဉ်းစားရင် ချက်ချင်းဝေဖန်သုံးသပ်မှုတွေပါ တွဲလာပြီး သိသလောက်နဲ့ လုပ်ဖြစ်ကြတာ..အကောင်းဆုံး အဖြေတော့ ဟုတ်မှာ မဟုတ်ဘူး..အဲဒီတော့ creative thinking လို့ ခေါ်တဲ့ တီထွင်ဖန်တီးတဲ့ အတွေးနဲ့ တွေးချိန်မှာ စိတ်ကို လွှတ်ထားလိုက်..ရသမျှ အတွေးတွေ၊အဖြေ အသစ်ကို ဒီအတိုင်းဆက်တွေးနေလိုက်..ပါတဲ့”
လူငယ်။ “ကျနော် နဲနဲ သဘောပေါက်ပြီ ဆရာ..ကျနော်တို့  ပြသနာတခုရဲ့ အဖြေကို စဉ်းစားရင်၊ကျနော်တို့ လူငယ်တွေဆိုရင်လဲ အခက်အခဲ တခုကို ဖြေရှင်းဖို့ နည်းလမ်းကို စဉ်းစားရင် “creative thinking” လို့ ခေါ်တဲ့ တီထွင်ဖန်တီးတဲ့ အတွေး နဲ့  စရမယ်.. အဲဒါက ဘယ်လို စရမှာလဲ ဆရာ..”
ကျနော်။ “ပထမလုပ်ရမယ့် creative thinking မှာ ပါဝင်ရမယ့် အချက် ၃ချက် ရှိတယ်.. အဲဒါတွေက.. ဖြစ်နိုင်တဲ့ နည်းလမ်းတွေအားလုံးကို တွေးရမယ် (generative) ၊ ဝေဖန်ပိုင်းခြားမှု မလုပ်ရဘူး (nonjudgemental) ၊ နည်းလမ်းတွေ၊ အဖြေတွေကို များသထက်များအောင် စဉ်းစားရမယ် (expansive)တွေပါ။တကယ်တော့ အဲဒီ ပထမ အတွေးမျိုး ရဲ့ အဓိက ရည်ရွယ်ချက်က ပြသနာတစ်ခုရဲ့ အဖြေတွေ၊ဖြေရှင်းနိုင်မယ့်  နည်းလမ်းတွေကို တတ်နိုင်သမျှ များများ စဉ်းစားမိအောင် လုပ်တာပါ၊ အဲဒီတော့  စာရွက်တရွက်ပေါ်မှာ ကိုယ့် အခက်အခဲ၊ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ချရေးပါ.. ဖြစ်နိုင်ခြေဘယ်လောက်ပဲ ရှိရှိ..ကိုယ်တွေးမိသလောက်များများ ချရေးပေါ့ ..အဲဒီအချိန်မှာ လုံးဝ မဝေဖန်၊မဆန်းစစ်ပါနဲ့ .နောက်ဆုံးတော့ နည်းလမ်းတွေ၊အဖြေတွေ အမျိုးမျိုး ပါတဲ့ list စာရင်းရှည် ကြီးတစ်ခု ရလာလိမ့် မယ်”
လူငယ်။ “ဟုတ်ကဲ့ပါ..ဆရာ..ဒီလို ဖြေရှင်းဖို့ နည်းလမ်းတွေပါတဲ့ စာရင်းရှည်ကြီးရပြီးမှ ဒုတိယအဆင့်  critical thinking လို့ ခေါ်တဲ့ ဝေဖန်ပိုင်းခြားတာ လုပ်ရမှာပေါ့ ”
ကျနော်။ “မှန်ပါတယ်..အဲဒီ အဖြေတွေ၊နည်းလမ်းတွေ အမျိုးမျိုးပါတဲ့ list တစ်ခု ထွက်လာပြီဆိုမှ..တခုချင်းပေါ်မှာ အကောင်းအဆိုး၊ဖြစ်နိုင်ချေတွေကို critical thinking ဝေဖန်ပို်င်းခြားနဲ့ မှု နဲ့ စဉ်းစားပြီး အကောင်းဆုံး အဖြေကို ရွေးချယ်တာပါ..ဒီ Critical thinking မှာ လဲ ပါဝင်ရမယ့် အချက်၃ချက် ရှိတယ်လို့ ဆိုပါတယ်..ခွဲခြမ်းစိတ်ဖြာရမယ် (analytic)၊ ဝေဖန်ပိုင်းခြားရမယ်(judgemental) နဲ့  နောက်ဆုံးရွေးချယ်ရမယ်(selective) ဆိုတာတွေပါ။ နောက်ဆုံးတော့ ..နည်းလမ်းတွေ၊အဖြေတွေအားလုံးထဲက အကောင်းဆုံး ကို ရွေးချယ်တာပါ”
လူငယ်။ “အခုတော့ တော်တော် နားလည်သွားပါပြီ ဆရာ..ကျနော် နားလည်သလို ပြန်ပြောကြည့် မယ် ဆရာ.. တကယ်တော့  စဉ်းစားတွေးခေါ်တာကောင်းဖို့ ၊ အဖြေကောင်းတစ်ခုရဖို့ အဆင့် ၂ ဆင့်  ရှိတယ်၊ပထမက ပြသနာတစ်ခု၊အခက်အခဲ တစ်ခုကို ဖြေရှင်းဖို့ နည်းလမ်းတွေ၊အဖြေတွေကို ထွက်နိုင်သမျှ ထွက်အောင် creative thinking နဲ့ စဉ်းစား၊ အဲဒီနောက် ဒုတိယအနေနဲ့  ဒီစဉ်းစားထားတဲ့ နည်းလမ်းတွေ၊ အဖြေတွေထဲက အကောင်းဆုံးကို critical thinking နဲ့ ရွေးချယ်။ ဒီ အတွေးပုံစံ၂ခု ကို မရောယှက်မိဖို့  နဲ့ ..ဒုတိယက ပထမနေရာရောက်မနေဖို့ က တော်တော် အရေးကြီးတယ် ဆိုတာလဲ နားလည်သွားပါပြီဆရာ..အခုလို သေချာရှင်းပြပေးလို့ ဆရာ့ကို ကျေးဇူးတင်ပါတယ် ဆရာ..
ကျနော်။ ။ ကျနော်ကလဲ အခုလို လူငယ်တွေကို ပြောပြခွင့် ရလို့ ဝမ်းသာပါတယ်.. ပိုကောင်းတဲ့  အတွေးတွေ၊အလုပ်တွေနဲ့ ဘ၀မှာ အောင်မြင်ပျော်ရွှင်ပါစေ...
ဒေါက်တာအောင်မျိုး
(စက်တင်ဘာ ၁၇၊၂၀၁၆)
Ref: “Think Better” by Tim Hurson