Monday, November 30, 2015

Cholesterol ကိုလက်စထော

Cholesterol ကိုလက်စထော

Dr. Tint Swe's Writings / 15 hours ago

လွန်ခဲ့တဲ့ ၂ နှစ်ကတင်တာလို့ ဖေ့စ်ဘွတ်ကနေအသိပေးတာပါ။ ၂ နှစ်အတွင်းမှာ ဒီစာဖတ်လို့ ၂ ယောက်လောက် အကျိုးများရင်တောင်မှ ဖေ့စ်ဘွတ်ကျေးဇူးကြီးမားပါတယ်။

အချုပ်
ကိုလက်စထောများနေရင် နှလုံး အတက်ခ်ရစေနိုင်တယ်။ နှလုံးသွေးကြောကျဉ်းလို့ ရင်ပတ်နာတာ ရစေနိုင်တယ်။ အဆီစားများရင် အဲတာကို သွေးလွှတ်ကြောနံရံမှာလာစုနေလို့ အဲလိုရောဂါတွေဖြစ်စေနိုင်တယ်။ ကိုယ်အလေးချိန်များရင် ပိုဖြစ်တယ်။ ကိုယ်လက်လှုတ်ရှားမှုနည်းရင် ပိုဖြစ်တယ်။ မျိုးရိုးအရပါလာတာကိုတော့ ရှောင်မရပါ။ များသူတွေဟာ အရွယ်ရောက်ချိန် ကတည်းက စဖြစ်တယ်။ ယောက်ျားတွေမှာ HDL အမျိုးသမီးတွေထက်နည်းတယ်။ အမျိုးသမီးတွေမှာ အသက်ရလာရင် LDL တက်လာတယ်။ အမျိုးသမီးအသက်မကြီးသူတွေမှာ ရွယ်တူယောက်ျားတွေထက် LDL နည်းတယ်။ ဒါပေမယ့် ၅၅ ကော်ျရင် ရွယ်တူယောက်ျားတွေထက် များလာတယ်။

Low saturated fat အဆီနည်းတဲ့အစားအသောက်နဲ့ low cholesterol diet ကိုလက်စထောနည်းတဲ့ အစားအသောက် + ကိုယ်လက်လှုတ်ရှားမှု + ကိုယ်အလေးချိန် (လိုအပ်ရင်) လျော့ချတာတွေနဲ့ လူကောင်းလို နေနိုင်တယ်။ တချို့ကတော့ ဆေးလိုမယ်။

ဘာမှမခံစားရလို့ အသက် ၂ဝ ကျော်သူ ကျား-မတိုင်း စစ်သင့်တယ်။ ကောင်းနေရင်လည်း ၅ နှစ်တခါစစ်သင့်တယ်။ Lipid profile (lipoprotein profile) လို့ ခေါ်တယ်။ ယောက်ျားဆို ၃၅ နှစ်ကျော်ရင်၊ မိန်းမဆိုရင် ၄၅ နှစ်ကျော်ရင် ပိုပြီးခပ်စိပ်စိပ် စစ်သင့်သေးတယ်။ စစ်ရင် -
1. LDL (low-density lipoprotein cholesterol) = ဆိုးတဲ့ကိုလက်စထော၊
2. HDL (high-density lipoprotein cholesterol) = ကောင်းတဲ့ကိုလက်စထော။
3. Triglycerides ထရွိုင်ဂလစ်စထွိုက် နဲ့
4. Total Cholesterol ကိုလက်စထောစုစုပေါင်းတွေကိုသိရမယ်။

1. LDL Cholesterol (ကိုလက်စထော) အဆိုး၊
• Less than 100 mg/dL = အကောင်းဆုံး၊
• 130 – 159 mg/dL = အကောင်း-အဆိုးကြား၊
• 160 – 189 mg/dL = မြင့်နေ၊
• 190 mg/dL and above = အတော်မြင့်နေ။

2. HDL Cholesterol (ကိုလက်စထော) အကောင်း
• 60 mg/dLနဲ့ အထက် ရှိသင့်တယ်၊
• ယောက်ျားတွေမှာ 40 mg/dLထက်နည်းပြီး၊
• မိန်မတွေမှာ 50 mg/dL ထက်နည်းနေရင် နှလုံးရောဂါဖြစ်လာမှာစိုးရတယ်၊
• 60mg/dL ထက်များရင် နှလုံးရောဂါကိုကာကွယ်ရာကျတယ်။

3.Triglycerides (ထရွိုင်-ဂလစ်စထွိုက်စ်)
• 150 mg/dL ထက်နည်းတာပုံမှန်၊
• 150 – 199 mg/dL နည်းနည်းများတယ်၊
• 200 – 499 mg/dL များတယ်၊
• 500 mg/dL or higher အလွန်များတယ်။

4. Total Cholesterol (ကိုလက်စထော) စုစုပေါင်း
• 200 mg/dL ထက်နည်းနေတာကောင်းတယ်၊
• 200 – 239 mg/dL နည်းနည်းများတယ်၊
• 240 mg/dL နဲ့အထက် များတယ်။

(ကိုလက်စထော) များနေရင် ဘာလုပ်ရမလဲ
တကယ်လို့ နှလုံးရောဂါ၊ သွေးကြောရောဂါရှိနေရင် LDL ကို 70 ထက် နည်းနေအောင် လုပ်သင့်တယ်။ ဆီးချို နဲ့ တခြားရောဂါရှိနေသူတွေက LDL 100 ထက် နည်းနေသင့်တယ်။ နှလုံးရောဂါ၊ (စထုပ်ခ်)၊ အဖျားပိုင်း သွေးကြောရောဂါတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်။ (၁) တသက်လုံးလူနေမှုပုံစံကိုပြောင်းပါ။ (၂) လိုအပ်ရင် ဆေးသောက်ပါ။

လူနေမှုပုံစံကောင်းဆိုတာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန် ထိန်းနေပါ။ ဆေးလိပ်မသောက်ပါနဲ့။

ကျန်းမာရေးနဲ့ ညီညွတ်တာသာစားပါ။
- Unsaturated fats နဲ့ Cholesterol နည်းတာတွေသာစားပါ။
- အသီးအနှံနဲ့သစ်သီးတွေ စားပါ
- ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီရွေးစားသုံးပါ။ နှမ်းဆီ၊ (အောလစ်ဖ်) ဆီ၊ ပန်းနှမ်းဆီ၊ မြေပဲဆီ၊ (ကင်နိုလာ) ဆီတွေ သုံးပါ။
- ဖိုက်ဘာများတဲ့ အစားအစာစားပေးပါ။ (ဘာလီ)၊ အုတ်စပါး၊ ပန်းသီး၊
- အစေ့အဆံတွေစားပါ။ မြေပဲ၊ သစ်ကြားသီး၊ ဗာဒံစေ့၊
- ပဲသီးစားပါ။ ပဲအမျိုးမျိုးစားပါ။
- အသားတွေကရတဲ့အဆီကဆိုးတယ်ဆိုပေမဲ့ အားလုံးတော့ မဟုတ်ဘူး။
- မြင်ရတဲ့အဆီတွေ ဖယ်ထုတ်ထားတာရွေးပါ။ ကျော်မဲ့အစား ပြုတ်ပါ။
- ကြက်သားနဲ့ ကြက်ဆင်သားတွေကငန်းသားနဲ့ ဘဲသားအဆီထက် သက်သာတယ်။ အရေခွံမစားပါနဲ့။
- ပြုပြင်ထားတဲအသားတွေ ဥပမာ Sausage ဝက်အူတောင့်၊ Hot dogs (ဟောဒေါ့ခ်)၊ တွေမှာအဆီနဲ့ ဆားများတယ်။ ရှောင်ပါ။
- Organ meats ကလီစာကို တခါတလေမှသာစားပါ။
- Margarine (မာဂျရင်း) က Butter ထောပတ်ထက် အသင့်စားလို့ရတယ်။

- Statins ကိုအများဆုံးသုံးတယ်။ ဆေးကြောင့် ဗိုက်နာ၊ လေပွ၊ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းချုပ်၊ အသဲထိခိုက်၊ ကြွက်သားတွေ နာ-အားယုတ်တာတွေ ဖြစ်စေနိုင်တယ်။ Atorvastatin (Lipitor) နဲ့ Rosuvastatin (Crestor) တွေက ပိုပြင်းတယ်။ Fluvastatin (Lescol) က သိပ်မပြင်းဘူး။

- Fibrates ဆေးက Triglyceride ကျစေတယ်။ ဒီဆေးကြောင့် ဝမ်းပျက်၊ ဗိုက်နာ၊ သည်းခြေကျောက်တည်၊ သွေးအားနည်း၊ သွေးကျဲဆေးတွေကိုပိုအားပေးတာတွေ ဖြစ်စေနိုင်တယ်။ gemfibrozil, (Lopid) နဲ့ fenofibrate (Tricor, Fibricor) တွေဖြစ်တယ်။

- Resins (bile acid sequestrants) ဆေးကအသည်းကနေ (ကိုလက်စထော) ကိုပိုအသုံးချစေမယ်။ ဒီဆေးကြောင့် ဝမ်းပျက်-ဝမ်းချုပ်၊ ဗိုက်မငြိမ်၊ ခေါင်းမူး၊ လေပွ၊ ရင်ပြည့်၊ ရင်ပူတာတွေ ဖြစ်စေနိုင်တယ်။

- Niacin ဆေးက Triglyceride ကိုနည်းစေပြီး၊ HDL cholesterol ကိုများစေမယ်။ အသဲထိခိုက်၊ ဗိုက်နာ၊ အရေပြားနီမြန်း၊ ယားယံ၊ ဆီးချိုတက်တာတွေ ဖြစ်စေနိုင်တယ်။

(ကိုလက်စထော) ကျဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ အိပ်ချင်၊ အိပ်ရေးပျက်၊ ခေါင်းကိုက်၊ ပျို့၊ အန်တာတွေ ဖြစ်တတ်တယ်။ ဆေးတွေ တမျိုးကနေနောက်တမျိုး ပြောင်းပေးရတာလဲရှိတယ်။

(ကိုလက်စထော) များနေသူတွေကို ဆေးကုရတာ တယောက်နဲ့ တယောက် မတူပါ။ လူတိုင်းက (ကိုလက်စထော) ကို ထုတ်ပေးနေပြီး ဒါကိုအသုံးပြုနေကြတယ်။ နှစ်နေရာလုံးမှာ မတူကြပါ။ ယောက်ျားတွေနဲ့ မိန်းမတွေကို ဆေးကုရတာ မတူဘူး။ (ကိုလက်စထော) များနေလို့ ချက်ချင်းစိတ် မပျက်ပါနဲ့ အမေရိကားမှာကိုယ်လိုလူမျိုးသန်း ၁ဝဝ ရှိနေတယ်။ ဒီလူတွေက Total cholesterol 200 mg/dLထက် များနေကြတယ်။ သူတို့ကိုဆေးကုတဲ့အခါ နှစ်ယောက်ထပ်တူတယ် ဆိုတာတောင် ရှားတယ်။ ဟော်တယ်တွေ၊ အနောက်နိုင်ငံတွေမှာ မနက်စာအဖြစ်စားသုံးလေ့များတဲ့ ဝက်ပေါင်ခြောက်က အဆီတွေများလို့ ဆိုးစေတယ်။ ချောကလက်ကိတ်မုံ့ကလဲ အတူတူဘဲ။ အရက်ထဲမှာလဲ ကလိုရီ နဲ့ သကြားဓါတ် မနည်းလှဘူး။ Triglyceride levels များစေနိုင်တယ်။

ဆီးချိုရောဂါရှိနေရင်လဲ Triglyceride levels များနေနိုင်တယ်။ ကိုယ်အလေးချိန်လျှော့ချပါ၊ ကိုယ်လက်လေ့ကျင့်ခန်း ပိုလုပ်ပါ၊ ဖိုက်ဘာများများပါတဲ့ ပဲသီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ သိပ်ဖြူဆွတ်အောင်ချွတ်မထားတဲ့ အစေ့အဆံတွေ စားသုံးပါ။

(HDL) ကောင်းတဲ့ (ကိုလက်စထော) က 60 နဲ့အထက်ရှိနေရင် နှလုံးရောဂါကို ကာကွယ်ရာကျတယ်။ ဒီအမျိုးအစား နည်းနေတာဟာ မကောင်းပါ။ ယောက်ျားတွေဆိုရင် 40 mg/dL ထက်နည်းနေရင်၊ မိန်းမတွေဆိုရင် 50 mg/dL ထက် နည်းနေရင် မကောင်းပါ။ အုံးသီးဆံ၊ အုံးရည်တွေမှာ ဆိုးတဲ့ (ကိုလက်စထော) ပါနေမဲ့ Saturated fat တွေပါတယ်။ သစ်ကြားသီးကို အသင့်အတင့်စားပေးပါ။ သူ့ထဲမှာ (ဖိုင်ဘာ) နဲ့ (အိုမီဂါ ၃) တွေပါလို့ဖြစ်တယ်။ Junk-food snack ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ ခေတ်ပေါ်အစားအစာ၊ သွားရည်စာတွေမှာ ဆားနဲ့ ကိုလက်စထော များတယ်။

ဖတ်ရန်စာများ
Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော)
Cholesterol and food ကိုလက်စထောနဲ့ အစားအစာ
Natural foods for Cholesterol (ကိုလက်စထော) နည်းစေမဲ့ အစားအစာများ
Trans Fats ကျန်းမာရေးနှင့် မသင့်သော စားသုံးဆီ
Trans Fats အညာသားများဆီစားကြသည်

Dr. တင့်ဆွေ

Visit website

Wednesday, November 25, 2015

အိုင်ကျူတိုးတက်စေဖို့ နည်းလမ်း(၇)ခု

အိုင်ကျူတိုးတက်စေဖို့ နည်းလမ်း(၇)ခု #Knowledge
-----------------------------------------------------------

သင့်ရဲ့ဉာဏ်ရည်ညွှန်းကိန်း (Intelligence Quotient IQ) ဟာ သင့်ရဲ့ဉာဏ်စွမ်းနဲ့ နားလည်သိမြင်နိုင်သည့် နှုန်းကို တိုင်းတာမှုတစ်ခုပဲဖြစ်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်း(၇)ခုကတော့ (၇)ရက်တစ်ပတ်အတွင်းမှာပဲ ဉာဏ်ရည်ညွှန်းကိန်း IQ အမှတ် ၁၇ မှတ်အထိတိုးတက်လာစေနိုင်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

၁။ စဉ်းစားရသည့် ဂိမ်းများကစားပါ

Fluid Intelligence လို့ခေါ်တဲ့ ဉာဏ်ရည်ဟာ အိုင်ကျူစစ်ဆေးမှုတိုင်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပြီး အလုပ်လုပ်တဲ့မှတ်ဉာဏ်နဲ့ ဆက်စပ်နေပါတယ်။ ဒီလိုမှတ်ဉာဏ်တိုးတက်လာဖို့အတွက် တစ်နေ့ကို (၂၅)မိနစ်လောက် စဉ်းစားရတဲ့ ဂိမ်းတွေဖြစ်တဲ့ puzzle game တွေလိုမျိုးကစားပေးရင် IQ ရမှတ် (၄)မှတ် တိုးတက်လာနိုင်ပါတယ်။

၂။ ဖြည့်စွက်ဆေးတွေ သောက်သုံးပါ။

တစ်နေ့ကို creatine ဓာတ် (၅)ဂရမ်လောက်မှီဝဲပေးမယ်ဆိုရင် သီတင်းပတ်(၆)ပတ်မှာ သင့် IQ အနည်းဆုံး (၁၅)မှတ် တိုးတက်လာနိုင်ပါတယ်။ Creatine ဓာတ်ဟာ ဦးနှောက်စွမ်းရည်ကို သိသိသာသာတိုးမြှင့်ပေးနိုင်ပြီး ဦးနှောက်ရဲ့တွက်ချက်မှုတွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို တိုးပွားစေပါတယ်။ နေ့စဉ်မှီဝဲမယ်ဆိုရင် တစ်နေ့ကို IQ ရမှတ် (၂)မှတ် တိုးလာမှာဖြစ်ပါတယ်။

၃။ လူတွေနဲ့ဆက်ဆံပြောဆိုရတဲ့ ဂိမ်းတွေလည်း ကစားပါ။

သင့်ရဲ့ဦးနှောက်စွမ်းရည်မြင့်တာလာဖို့အတွက် အရည်အချင်းတွေအသုံးချရပြီး လူတွေနဲ့လည်း ပြောဆိုဆက်ဆက်ရတဲ့ ဂိမ်းတွေလည်း ကစားပေးဖို့လိုပါတယ်။ ဥပမာ - အင်္ဂလိပ်စာလုံးတွေ ဆက်ရတဲ့ Scrabble ကစားနည်းလိုမျိုးကို တစ်နေ့ကို မိနစ်(၅၀)၊ တစ်နာရီလောက်ကစားပေးတာမျိုးဖြစ်ပါတယ်။ ဒီလိုကစားပေးမယ်ဆိုရင် သင့်ရဲ့ IQ ကို (၁)မှတ်တိုးတက်စေမှာဖြစ်ပါတယ်။

၎။ လူဆိုးတွေကို ရှင်းထုတ်ပါ။

ရန်ဖြစ်ဖို့ပြောတာမဟုတ်ပါဘူး။ သုတေသနရလဒ်တွေအရ Counter-strike လိုမျိုး first-person ဂိမ်းတွေက အပြင်လောကမှာ အမြင်ပိုင်းဆိုင်ရာသတိထားမှုကို တိုးမြှင့်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒီလို့ ဂိမ်းတွေကစားမယ် ဆိုရင် IQ စစ်ဆေးချိန်မှာ အမြင်ပိုင်းဆိုင်ရာစစ်ဆေးချက်တွေကို တိတိကျကျလုပ်ဆောင်နိုင်ပါမှာဖြစ်ပါတယ်။ ညွှန်းဆိုပေးပါဆိုရင်တော့ Call of Duty ဂိမ်းတွေက အကောင်းဆုံးပါ။ ဒီဂိမ်းတွေကို တစ်နေ့ကို တစ်နာရီလောက် ကစားပေးမယ်ဆိုရင်လည်း သင့် IQ အမှတ်ကို (၂)မှတ်တိုးတက်စေမှာဖြစ်ပါတယ်။

၅။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

ပိုတော်တဲ့လူတစ်ယောက်ဖြစ်ချင်ရင် ကိုယ်အလေးချိန်လျှော့ချပြီး လမ်းလျှောက်စက်ကို အသုံးပြုဖို့လည်း လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်ဆောင်ပြီး နှလုံးသွေးကြောကျန်းမာမှုဟာ သင့်ရဲ့ အပြောအဆိုနဲ့ဆိုင်တဲ့ ဉာဏ်ရည်ကို (၅၀)ရာခိုင်နှုန်းတိုးတက်စေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို မိနစ် (၂၀)လောက် လေ့ကျင့်ခန်းလုပ်ပေးရုံနဲ့ IQ အမှတ် (၅)မှတ်တိုးလာနိုင်မှာ ဖြစ်ပါတယ်။

၆။ IQ test တွေ ထပ်လေ့ကျင့်ပါ။

IQ Test တွေကို ပြန်ဖြေ၊ ပြန်လေ့ကျင့်တာကလည်း သင့်ရဲ့ဉာဏ်ရည်ကို တိုးတက်လာစေနိုင်ပါတယ်။ လေ့ကျင့်မှုကြောင့် နောက်တစ်ကြိမ် IQ Test ဖြေတဲ့အခါမှာ ပိုမိုနားလည်လွယ်စေမှာလည်း ဖြစ်ပါတယ်။ တစ်နေ့ကို မိနစ်(၃၀)လောက် IQ Test ဖြေကြည့်ပါ။ ဉာဏ်ရည်ညွှန်းကိန်း (၂)မှတ်တိုးလာနိုင်ပါတယ်။

၇။ အသီးအရွက်များများစားပါ။

အသီးအရွက်များများစားတဲ့သူတွေက အသားစားတဲ့လူတွေထက် ဉာဏ်ပိုကောင်းတယ်လို့ ဆိုပါတယ်။ အသီးအရွယ်စားခြင်းက ဉာဏ်ရည်ရဲ့လုပ်ငန်းဆောင်တာတွေကို ထက်မြက်စေပြီး အသိဉာဏ်ချို့ယွင်းမှုကို လည်း နှေးကွေးစေပါတယ်။ အခုပဲစားသောက်ပုံကို ပြင်လိုက်မယ်ဆိုရင် လွန်ခဲ့တဲ့(၁၀)နှစ်လောက်က သွက်လက်ထက်မြက်တဲ့ ဉာဏ်ရည်မျိုးကို ပြန်ရနိုင်ပါတယ်။ အသီးအရွက်တွေများများစားရုံနဲ့ တစ်နေ့ကို IQ ရမှတ် (၁)မှတ်တိုးနေမှာဖြစ်ပါတယ်။

GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

===========

Wednesday, November 18, 2015

အီတလီပညာရေးစနစ်မှ အတုယူစရာများ

အီတလီပညာရေးစနစ်မှ အတုယူစရာများ
― Dr. သိန်းလွင်

အကျဉ်းချုပ်

ကလေးတစ်ဦးချင်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျောင်းသားများ စုပေါင်းသင်ယူမှုကို တပြိုင်နက် ဆောင်ရွက်ခြင်း၊ မတူကွဲပြားသော လူမှုရေးနောက်ခံရှိသူများ၊ ခန္ဓာကိုယ်မသန်စွမ်းသူများ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုကွဲပြားသူများ အတူတကွ သင်ယူခွင့်ရှိခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို တန်ဖိုးထားခြင်း၊ အနုပညာရသခံစားမှုနှင့် တီထွင်ဖန်တီးမှုကို အားပေးခြင်း၊ ပညာရေးလွတ်လပ်ခွင့်ရှိခြင်း၊ တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခြင်းနှင့် ပညာရေးအသုံးစရိတ် မြင့်မားခြင်းတို့သည် အတုယူစရာများဖြစ်ပါသည်။

နိဒါန်း

အီတလီ-မြန်မာအသင်းမှ Senator Albertini နှင့် Prof. Giuseppe Malpeli တို့၏ ဖိတ်ကြားချက်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - ပညာရေးကော်မတီမှ ဒေါက်တာသန့်လွင်မောင် (ကိုတာ) နှင့် ကျွန်တော်တို့သည် အီတလီနိုင်ငံရှိကျောင်းများ၊ တက္ကသိုလ်များနှင့် အီတလီလွှတ်တော်သို့ ၂၀၁၃ နိုဝင်ဘာလ (၁၇) မှ (၂၃) အထိ တစ်ပတ်ကြာ လေ့လာခွင့်ရရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးအပေါ်တန်ဖိုးထားမှုနှင့် မြန်မာနိုင်ငံ၏ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေမှုများအတွက် တတ်နိုင်သည့်ဘက်မှ ကူညီရန် ရည်ရွယ်၍ ဖိတ်ကြားခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ လေ့လာတွေ့ရှိမှုသည် အချိန်တိုအတွင်းသာဖြစ်၍ အပေါ်ယံအမြင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ရာတွင် လေ့လာရေးခရီးအတွင်း မျက်မြင်တွေ့ရှိခဲ့သော ကျောင်းသားများ၊ ဆရာများ၊ သင်ကြားသင်ယူမှုများ၊ တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားချက်များနှင့် ဖတ်ရှုလေ့လာရသော စာရွက်စာတမ်းများကို အခြေခံလျက် ကျွန်တော်၏ အမြင်ကို ထင်ဟပ်ဖော်ပြခြင်းဖြစ်ပါသည်။

နောက်ခံသမိုင်းအကျဉ်း

ဂျူးလီယက်ဆီဇာ၏ ရောမအင်ပါယာခေတ်အခါက အီတလီ၏ ယဉ်ကျေးမှု၊ အနုပညာ၊ သိပ္ပံပညာနှင့် အနောက်တိုင်း အတွေးအခေါ်များသည် မြေထဲပင်လယ်နှင့် ထိစပ်သည့်နိုင်ငံများနှင့် အနောက်ဥရောပသို့ ပျံ့နှံ့ခဲ့သည်။ အေဒီ ၄၇၆ ရောမအင်ပါယာပြိုကွဲပြီးနောက် အီတလီသည် မြို့ပြနိုင်ငံငယ်များအဖြစ် ကွဲပြားသွားပြီး စပိန်၊ သြစတြီးယားနှင့် ပြင်သစ်လက်အောက်ခံနယ်ပယ်များဖြစ်သွားခဲ့သည်။ အေဒီ ၁၈၆၁ တွင် အီတလီထီးနန်းကို ပြန်လည်ထူထောင်နိုင်ပြီး ပထမကမ္ဘာစစ်အတွင်း အောင်ပွဲရကာ သြစတြီးယား၏ လက်အောက်မှ လွတ်မြောက်ခဲ့သည်။ မူဆိုလီနီလက်ထက်တွင် အာဏာရှင်စံနစ်ကျင့်သုံးပြီး ဒုတိယကမ္ဘာစစ်တွင် ဝင်ရိုးတန်းနိုင်ငံများဘက်မှ ပါဝင်ပြီး စစ်ရှုံးခဲ့သည်။ ၁၉၄၆ တွင် အခြေခံ ဥပဒေဆန္ဒခံယူပွဲဖြင့် ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့သည်။ ၁၉၅၀ မှ ၁၉၆၀ ခုနှစ် များအတွင်း အီတလီနိုင်ငံ၏ စီးပွားရေးမှာ တဟုန်ထိုးတိုးတက်ခဲ့သည်။ အီတလီသည် နိုင်ငံရေးအရ ကမ္ဘာ့အနောက်ခြမ်း ဒီမိုကရေစီနိုင်ငံများနှင့် ပြန်လည်ပေါင်းစည်း ခဲ့ပြီး ဥရောပယူနီယံတွင် ပါဝင်လာခဲ့သည်။

အခြေခံဥပဒေနှင့် ပညာရေးဥပဒေ

အီတလီနိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၂၀ (20 Autonomous Territorial Areas) ကို အုပ်ချုပ်ရေးအရ ပိုင်းခြားသည်။ ဒေသအသီးသီးသည် တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးကိစ္စများတွင် သီးခြား လုပ်ပိုင်ခွင့် ရှိသည်။ ဒေသတစ်ခုစီကို ဒေသငယ်များ (Provinces) များ ထပ်မံပိုင်းခြားပြီး ဒေသငယ်တစ်ခုစီတွင်လည်း အုပ်ချုပ်ရေး အဖွဲ့များ (Municipalities) ရှိသည်။ ဒေသအသီးသီးရှိ အုပ်ချုပ်ရေးအဖွဲ့များကို ရွေးကောက်ပွဲဖြင့် ရွေးချယ်သည်။

၁၉၄၈ အခြေခံ ဥပဒေတွင် ပညာရေးလွတ်လပ်ခွင့်၊ ကွဲပြားမှုအမျိုးမျိုးအတွက် ခွဲခြားမှုမရှိသောပညာရေး၊ ပညာသင်ယူပိုင်ခွင့်နှင့် အသက်မွေးဝမ်းကျောင်း ပညာများသင်ယူခွင့်တို့ကို အတိအလင်းပြဌာန်းထားသည် (အခြေခံဥပဒေ ပုဒ်မ ၃၃ နှင့် ၃၄)။ အီတလီဘာသာစကားသည် တစ်နိုင်ငံလုံးအတွက် တရားဝင်ရုံးသုံး ဘာသာစကားဖြစ်သော်လည်း တိုင်းရင်းသားများ နေထိုင်သည့် ဒေသအချို့တွင် ဒေသသုံး ဘာသာစကားများကို ရုံးသုံးနှင့် ကျောင်းသုံးဘာသာစကားများအဖြစ် ပြဌာန်းသည်။

ရှေးဦးသင်ပညာရေး

Reggio Emilia Children School ဟုခေါ်သော ရှေးဦးသင်ပညာရေးကျောင်းသို့ သွားရောက်လေ့လာခွင့် ရပါသည်။ မွေးစမှ ၆ နှစ်အထိ ဖွင့်လှစ်သော ကျောင်းဖြစ်ပြီး၊ မွေးစမှ အသက် ၂ နှစ်ကို ကဏ္ဍတစ်ခု၊ ၃ နှစ်မှ ၆ နှစ်ကို ကဏ္ဍတစ်ခု နှစ်ပိုင်းခွဲထားပါသည်။ ကျွန်တော်တို့ လေ့လာခွင့်ရသော ကျောင်းမှာ အသက် ၃ နှစ်မှ ၆ နှစ်အထိ ကလေးများ အတွက် ကျောင်းဖြစ်ပါသည်။ ကျွန်တော်တို့ ရောက်သည့်အချိန်တွင် ကလေးများ လေးယောက်၊ ငါးယောက်စီ စားပွဲတစ်ခုစီတွင် အုပ်စုဖွဲ့၍ သစ်ပင်အကြောင်း လေ့လာသင်ယူနေကြပါသည်။ တစ်ဖွဲ့က ပန်းချီဆေး၊ စုတ်တံနှင့် စက္ကူကားချပ်များ ပေါ်တွင် သစ်ပင်ပုံရေးဆွဲနေကြပါသည်။ ကလေးတစ်ဦးစီ မိမိနှစ်သက်ရာ သစ်ပင်အမျိုးအစားနှင့် အရောင်ကို နှစ်သက်သလို ရေးခြယ်နေကြပါသည်။ တစ်ဖွဲ့က ရွှံ့ဖြင့် သစ်ပင်ပုံကို ပန်းပုလုပ်ကြပါသည်။ တစ်ဖွဲ့က ကွန်ပျူတာပေါ်တွင် သစ်ပင်ပုံ ဆွဲကြပါသည်။ စာဖတ်ခြင်း၊ စာရေးခြင်းများ မပါဝင်ဘဲ ပတ်ဝန်းကျင်ရှိသစ်ပင်များကို လက်တွေ့သရုပ်ဖော်ခြင်းဖြင့် လေ့လာခြင်းဖြစ်ပါသည်။ ကလေးများကိုယ်တိုင် လွတ်လပ်စွာ ဖော်ပြခွင့်ရှိပါသည်။ ဤနည်းအတိုင်း ကုန်းနေသတ္တဝါ၊ ရေနေသတ္တဝါ၊ လေတွင် ပျံဝဲသော သတ္တဝါများအကြောင်း လေ့လာနိုင်ပါသည်။ လူများ၊ အဆောက်အဦများ၊ စက်ပစ္စည်းများ၊ အိမ်သုံး ကျောင်းသုံး ပစ္စည်းများအကြောင်းကိုလည်း သင်ကြားပေးနိုင်ပါသည်။

ကလေးများသည် မြင်ခြင်း၊ ကြားခြင်း၊ လက်ဖြင့်ထိကိုင်ကြည့်ခြင်း၊ ရွေ့လျားခြင်း စသည့် ကိုယ်တိုင် ရရှိသည့် အတွေ့အကြုံပေါ်အခြေခံသော သင်ကြားနည်းဖြစ်ပါသည်။ ဤသင်ကြားမှုသည် ကလေးများ အချင်းချင်းနှင့် ဆရာ၊ ဆရာမများ အကြား၊ အပြန်အလှန်လေးစားခြင်း၊ တာဝန်ယူခြင်းနှင့် လေ့လာသင်ယူသည့် ပတ်ဝန်းကျင် ဖန်တီးခြင်းတို့အပေါ် အခြေခံပါသည်။

ဤကျောင်းကို ဒုတိယ ကမ္ဘာစစ်အပြီးတွင် Loris Malaguzzi (1920-1994) ဟုခေါ်သော ကျောင်းဆရာ တစ်ဦးက ဦးဆောင်ကာ ကျောင်းသားမိဘများနှင့် ရွာသူရွာသားများ ပါဝင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ဤကျောင်းကို အစိုးရမှ ငွေကြေးထောက်ပံ့သော်လည်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့၏ စီမံခန့်ခွဲခွင့်ရှိသော ကျောင်းဖြစ်ပါသည်။ ဤကျောင်းသည် အီတလီနိုင်ငံ တစ်လွှားထင်ရှားကျော်ကြားပြီး နိုင်ငံတကာမှလည်း လာရောက်လေ့လာမှုကို ခံယူနေရသည့် ကျောင်းလည်း ဖြစ်ပါသည်။

ယဉ်ကျေးမှုမျိုးစုံ ဖွံ့ဖြိုးသော မူလတန်းကျောင်း

ရောမမြို့ရှိနိုင်ငံခြားသားကလေးများအများစု တက်ရောက်သော မူလတန်းကျောင်းကိုလည်း ရောက်ခဲ့ ပါသည်။ Dr.Vinicio Ongini ကဦးဆောင်ခေါ်သွားပြီး၊ ကျောင်းအုပ်ဆရာမကြီး Ms. Carlo Pisacane က လက်ခံ ကြိုဆိုပါသည်။ အာရှ၊ အာဖရိကနှင့် အခြားဥရောပနိုင်ငံများမှ ကလေးများစွာတွေ့ရပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အီတလီ နိုင်ငံတွင် ရောက်ရှိနေသည့် ကလေးများ ပညာသင်ကြားခွင့်ရှိရန်နှင့် ကလေးများ၏ ယဉ်ကျေးမှုများကိုလည်း ဖွံ့ဖြိုးခွင့်ရှိရန် ရည်ရွယ်ဖွင့်လှစ်ထားသော ကျောင်းဖြစ်ပါသည်။ အစိုးရက ထောက်ပံ့ပြီး လွတ်လပ်စွာစီမံခန့်ခွဲခွင့် ရှိသည့်ကျောင်းဖြစ်ပါ သည်။ နိုင်ငံခြားသားကလေးများကို ဦးစားပေးလက်ခံသဖြင့် အစပိုင်းတွင် အီတလီလူမျိုးများက သူတို့၏ကလေးများကို အခြားကျောင်းများသို့ ပြောင်းရွှေ့သွားကြပါသည်။ တဖြည်းဖြည်း ကျောင်းနှင့် ကျောင်းသားများ၏ အောင်မြင်မှုသတင်းများ မွှေးပျံ့လာပြီးနောက် အီတလီကလေးများလည်း တဖြည်းဖြည်း များလာကြောင်း မိဘတစ်ဦးက ရှင်းပြပါသည်။

ကလေးများ၏ မူရင်းဒေသယဉ်ကျေးမှုများကို ထင်ဟပ်သော၊ ကလေးများကိုယ်တိုင်ရေးဆွဲထားသော ပန်းချီကားချပ်များ၊ ကျောင်းနံရံများတွင် ချိတ်ဆွဲထားသည်မှာ ကြည်နူးစရာဖြစ်ပါသည်။ ကလေးများ၏ အနုပညာဖန်တီးမှု ကိုလည်း တအံ့တသြတွေ့ရပါသည်။ ကျွန်တော်တို့အား ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများက ခန်းမကြီး အတွင်းကြိုဆိုကြပါသည်။ ဂီတဆရာက ကလေးတစ်အုပ်နှင့် သီချင်းသီဆို ကြိုဆိုကြပါသည်။

ကျောင်းအုပ်ဆရာမကြီး ကလည်း ကျောင်း၏ဂုဏ်သတင်းများကို ရှင်းပြပါသည်။ Dr. Vinicio Ongini သည် အီတလီနိုင်ငံတဝှမ်းရှိ ယဉ်ကျေးမှု မျိုးစုံဖွံ့ဖြိုးသောကျောင်း (Multicultural Schools) များအတွက် တာဝန်ရှိသူဖြစ်ပါသည်။ အီတလီတွင် နေထိုင်သည့် နိုင်ငံခြားသားကလေးများ၏ မူရင်းနိုင်ငံများသို့သွားရောက်ပြီး ထိုနိုင်ငံများ၏ ယဉ်ကျေးမှုနှင့် ပညာရေးအခြေအနေများကို လေ့လာ၍ ဆွေးနွေးပွဲ (Seminar) များ ကျင်းပကာ ဆရာ၊ ဆရာမများကို အသိပညာဖြန့်ဝေသူဖြစ်ပါသည်။ အီတလီရောက် နိုင်ငံခြားသားကလေးများ၏ ပညာရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်မှုသည် လေးစားစရာဖြစ်ပါသည်။

ကလေးအားလုံး တန်းတူသင်ယူခွင့်ရသော ပညာရေး (Inclusive Education)

အီတလီနိုင်ငံသည် ကလေးအားလုံး တန်းတူအခွင့်အရေးရှိသော ပညာရေးကို အကောင်အထည်ဖော်ရာတွင် နာမည်ကျော်ပါသည်။ ဆင်းရဲ၊ ချမ်းသာမရွေးမည်သည့် ကျောင်းမဆို တက်ရောက်နိုင်ပါသည်။ ကျောင်း၏ ကုန်ကျစရိတ် အချို့ (ဥပမာ - နေ့လည်စာ) အတွက် မိဘဝင်ငွေကြောင့် ပေးရန် မတတ်နိုင်ပါက မြို့အုပ်ချုပ်ရေးမှ ထိုကလေးအတွက် တာဝန်ယူပါသည်။ ယဉ်ကျေးမှုအမျိုးမျိုး၊ မိခင်ဘာသာစကားအမျိုးမျိုး၊ အတွေးအခေါ် စိတ်ကူးစိတ်သန်းအမျိုးမျိုးရှိသော ကျောင်းသားများကို လက်ခံသင်ကြားပါသည်။ ဘာသာစကားရာချီ (hundred languages) ရှိသော ကျောင်းများဟု တင်စားကြပါသည်။

ခန္ဓာကိုယ်ချို့ယွင်းသူကလေးများလည်း အခြားကလေးများနှင့်အတူတကွ သင်ယူနိုင်ပါသည်။ ကျွန်တော်တို့ ရောက်ခဲ့သည့် မူကြိုကျောင်း၊ မူလတန်းကျောင်း၊ အသက်မွေးပညာကျောင်းနှင့် တက္ကသိုလ်အသီးသီးတွင် မသန်စွမ်းသူ ကျောင်းသားများကို တွေ့ရပါသည်။ ကျောင်းအဆောက်အဦများတွင်လည်း လမ်းမလျှောက်နိုင်သူများ အတွက် ဘီးတပ်ခုံ (Wheel chair) သွားနိုင်သည့်လမ်းများ ဆောက်လုပ်ပေးထားပါသည်။ ကျောင်းအသီးသီးတွင် အထူးစောင့်ရှောက်ရန် လိုအပ်သည့်ကလေးများအတွက် အထူးဆရာ၊ ဆရာမများ (Special needs teachers) ခန့်အပ်ပေးထားပါသည်။

ရန်ကုန်တွင် ကျင်းပခဲ့သည့် မသန်စွမ်းသူများ၏ပညာရေးဆိုင်ရာ ဆွေးနွေးပွဲကို ကျွန်တော်တက်ရောက် ဖူးပါသည်။ အီတလီနိုင်ငံရှိကျောင်းများတွင် “မသန်စွမ်းသူ ကလေးများနှင့်အတူတကွ စာသင်ရသဖြင့် အနှောင့်အယှက် ဖြစ်ပါသလား။” ဟူ၍ ကျောင်းသားများကို စစ်တမ်းကောက်ယူရာတွင် ၉၃ % က အနှောင့်အယှက်မဖြစ်ကြောင်း၊ ၇% ကသာ အနှောင့်အယှက်ဖြစ်သည်ဟု ဖြေကြောင်း ဖင်လန်နိုင်ငံသူ ဆရာမတစ်ဦးပြောပြသည်ကို လေ့လာဖူးပါသည်။ အီတလီနိုင်ငံရှိ ကျောင်းများကို ကိုယ်တိုင်မြင်တွေ့ရသောအခါ အထက်ပါ ဆရာမ၏ပြောကြားချက်ကို ဝမ်းမြောက် ဝမ်းသာ လက်ခံပါသည်။

မူလတန်းကျောင်းတစ်ကျောင်းတွင် ကလေးများက ကြမ်းပြင်ပေါ်တွင် ရေးဆွဲထားသည့် စက်ဝိုင်းများ တစ်ခုပြီးတစ်ခု ခုန်၍ အင်္ဂလိပ်စာလုံးများကို ရွတ်ဆိုရသော သင်ခန်းစာတစ်ခုတွင် အမြင်အာရုံချို့တဲ့သော ကလေးတစ်ဦးကို အခြားကလေးတစ်ဦးက လက်တွဲ၍ နှစ်ဦးတပြိုင်နက် ပျော်ပျော်ရွှင်ရွှင်ခုန်နေကြသည်ကို တွေ့ရပါသည်။

အခြားမူလတန်း ကျောင်းတစ်ကျောင်းတွင်လည်း သွားရည်များကျနေသည့် ရောဂါတစ်မျိုးရရှိနေသူ ကျောင်းသူတစ်ဦးကို တွေ့ခဲ့ရပါသည်။ ဆရာမများကရော၊ အခြားကျောင်းသူကျောင်းသားများကပါ အဆိုပါ ကျောင်းသူလေးကို ဂရုစိုက်ကူညီကြသည်ကို တွေ့ရပါသည်။ ကျောင်းသူလေး၏မျက်ဝန်းများပေါ်တွင် ရွှင်လန်းသည့်အပြုံးကို တွေ့ရပါသည်။ ကျွန်တော်သွားနှုတ်ဆက်သောအခါ ပြုံး၍ လက်ကမ်းပါသည်။ အဆိုပါ ကျောင်းသူမှာ ဘင်္ဂလားဒေ့ရှ်မှ လာသူဖြစ်ကြောင်းသိရပါသည်။ စိုက်ပျိုးရေးကျောင်း တစ်ခုတွင်လည်း Wheel chair ဖြင့် ကျောင်းတက်နေသော ကျောင်းသားတစ်ဦးကို တွေ့ခဲ့ရပါသည်။

အသက်မွေးဝမ်းကျောင်းပညာရေး

အီတလီနိုင်ငံတစ်ဝှမ်းတွင် အသက်မွေးဝမ်းကျောင်းပညာသင်သော ကျောင်းပေါင်းတစ်သောင်းကျော် ရှိသည်ဟု သိရပါသည်။ လူဦးရေမှာ မြန်မာနိုင်ငံနှင့် အလားတူ သန်း ၆ဝ ရှိပါသည်။ ကျွန်တော်တို့ သွားရောက်လေ့လာသည့် Parma ဟု ခေါ်သည့် မြို့ငယ်ကလေးတွင် အသက်မွေးဝမ်းကျောင်းသင် ကျောင်းလေးကျောင်းရှိပါသည်။ ကျွန်တော်တို့ ကျောင်းနှစ်ကျောင်းသို့ သွားရောက်လေ့လာခွင့်ရပါသည်။ တစ်ကျောင်းမှာ စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်ရေး ကျောင်း ဖြစ်ပါသည်။ အခြားကျောင်းတစ်ခုမှာ စက်မှုပညာသင်တန်း၊ ဆောက်လုပ်ရေးပညာသင်တန်းနှင့် အဝတ်အထည် ချုပ်လုပ်သည့် သင်တန်းကျောင်းဖြစ်ပါသည်။ အခြေခံပညာအလယ်တန်း (Junior Secondary) ပြီးသော ကျောင်းသား များတက်ရောက်ခွင့်ရှိပါသည်။ လက်တွေ့လုပ်ဆောင်ချိန် ၅၀% နှင့် စာတွေ့ ၅၀% သင်ကြားပါသည်။ စာကြည့်တိုက်များ၊ ဓာတ်ခွဲခန်းများ၊ အလုပ်ရုံများ၊ စိုက်ခင်းများလည်း တွေ့ခဲ့ရပါသည်။

ဤကျောင်းများတွင် သုံးနှစ်သင်ကြားပြီးပါက အလုပ်အကိုင်လျှောက်ထားနိုင်သည့် လက်မှတ်ရရှိပါသည်။ တက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးလိုပါကလည်း တက်ရောက်ခွင့်ရှိပါသည်။ အသက်မွေးဝမ်းကျောင်း ကျောင်းများသည် သက်ဆိုင်ရာဒေသအတွင်းရှိ စက်ရုံများ၊ ကုမ္ပဏီများနှင့် ဆက်သွယ်ထားပြီး၊ ကျောင်းသားများ အဆိုပါ စက်ရုံနှင့် ကုမ္ပဏီများတွင် အလုပ်သင်အဖြစ် သွားရောက်သင်ကြားနိုင်ပါသည်။ ကျောင်းပြီးလျှင်လည်း အဆိုပါ စက်ရုံနှင့် ကုမ္ပဏီ များတွင် အလုပ်ရရှိကြပါသည်။ စာတွေ့ရော၊ လက်တွေ့ပါ ကျွမ်းကျင်သူများကို မွေးထုတ်နိုင်သည့် ကျောင်းများ ဖြစ်ပါသည်။ ဤကျောင်းများကို ဗဟိုအစိုးရနှင့် ဒေသအစိုးရတို့မှ အချိုးကျထောက်ပံ့ပြီး လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရှိသည့်ကျောင်းများ ဖြစ်ပါသည်။

တက္ကသိုလ်ဆရာအတတ်သင်ပညာဌာန

Reggio Emilia တက္ကသိုလ်၏ ဆရာအတတ်ပညာဌာနသို့ သွားရောက်ပြီး လေ့လာမှုလည်းလုပ်၊ ဟော ပြောမှုလည်း လုပ်ရပါသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ ကျောင်းသား ၃၀၀ ကျော်ခန့် တက်ရောက် ပါသည်။

ဆရာ၊ ဆရာမများနှင့် ပွဲတွင် ဆရာတာက မြန်မာနိုင်ငံ၏ ပညာရေးမဏ္ဍိုင်တစ်ခုဖြစ်သော ဘုန်းတော်ကြီးကျောင်း အခြေစိုက်ပညာရေး (monastery-based schools) အကြောင်းဟောပြောပါသည်။ လူထုအခြေပြု ပညာရေးပြုပြင် ပြောင်းလဲရန် ကြိုးပမ်းနေမှုအကြောင်းကို ကျွန်တော်က ကျောင်းသူကျောင်းသားများကို ဟောပါသည်။ စိတ်ဝင်စားကြ ပါသည်။ မေးခွန်းများလည်း မေးပါသည်။ Dr. Laura Cerrocchi ၏ Social Pedagogy အချိန်တွင် ဟောပြောခွင့် ရခြင်းဖြစ်ပါသည်။ ဘရာဇီးပညာရှင် Paulo Fraire ၏ အဖိနှိပ်ခံများ၏ ပညာရေး Pedagogy of the Oppressed သည် အီတလီကျောင်းသားများနှင့် ကျွန်တော်တို့အကြား တူညီသောအမြင်ကို ရရှိပါသည်။

ဆရာအတတ်သင်တက္ကသိုလ်၏ သင်္ချာဌာနကိုလည်း လေ့လာခွင့်ရပါသည်။ Dr. Bartolini Bussi နှင့် အဖွဲ့က ရှင်းပြကြပါသည်။ အီတလီ၏ သင်္ချာသင်နည်းသည် ယဉ်ကျေးမှုနှင့် သမိုင်း ဆက်နွယ်သင်ကြားသော နည်းစနစ် ဖြစ်ပါသည်။ အီတလီတွင် ရှေးနှစ်ပေါင်းများစွာက အသုံးပြုခဲ့သည့် ပင်နီယံများလှည့်၍ တွက်ရသော သင်္ချာနည်းကို အသုံးပြု သင်ကြားပါသည်။ ဆရာအတတ်သင်ပညာ သင်ယူကြသော ကျောင်းသားများသည် အဆိုပါ သင်္ချာတွက်စက်၏ အလုပ်လုပ်ပုံနှင့် အကျိုးသက်ရောက်မှုရှိပုံကို အုပ်စုများခွဲ၍ ကိုယ်တိုင် လေ့လာ သင်ယူနေကြသည်ကို တွေ့ရပါသည်။ အဆိုပါ သင်္ချာတွက်စက်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည်အတွက် လက်ဆောင်ပေးလိုက်ပါသည်။

အီတလီကျောင်းများသည် ကျောင်းသားတစ်ဦးစီနှင့် ဆက်နွယ်သော ယဉ်ကျေးမှုများကို တန်ဖိုးထားသဖြင့် သင်္ချာသင်ရာတွင်လည်း ကျောင်းသားများ၏ ဓလေ့ထုံးစံ ယဉ်ကျေးမှုများကို လွှမ်းမိုးခြင်း၊ ထိခိုက်ခြင်း မရှိရအောင် သင်ကြားကြောင်း၊ Dr. Bussi က ရှင်းပြပါသည်။ မူကြိုကျောင်းတစ်ကျောင်းတွင် အသက် ၃ နှစ်အရွယ် အီတလီကလေး တစ်ဦးအား ‘အသက်ဘယ်လောက်လဲ’ မေးလျှင် လက်မ၊ လက်ညှိုး လက်ခလယ် သုံးချောင်းထောင်၍ ပြကြောင်း ပြောပါသည်။ အာရှကလေးတစ်ဦးအား မေးလျှင် လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်သုံးချောင်းထောင်၍ ပြကြောင်း၊ သုတေသနအရ သိရှိရကြောင်း ပြောပါသည်။ သင်္ချာသင်ကြားရာတွင် ကျောင်းသားများ၏ ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက် များကို မထိခိုက်အောင် အထူးသတိထားကြောင်း ရှင်းပြပါသည်။

သင်္ချာပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံကိုလည်း ကျွန်တော်တို့ကို ခေါ်သွားပါသည်။ Perspective ဟု ခေါ်သည့် အနီးအဝေးနှင့် ကြည့်ရှုသည့်နေရာ ကွာခြားမှုကြောင့် အမြင်အာရုံတွင် အရာဝတ္တုတို့၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်ပြောင်းလဲမှုကို သင်္ချာနည်းဖြင့် တွက်ယူနိုင်သည့် ကိရိယာအမျိုးမျိုးကို လက်တွေ့ပြသပါသည်။ အဆိုပါ ကိရိယာ များသည် ကျောင်းများတွင် သင်ထောက်ကူပစ္စည်းအဖြစ် ထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။

ထို့ပြင် တက္ကသိုလ်ကျောင်း၏ ဆရာအတတ်ပညာဌာနသည် Reggio Emilia ဒေသ (Municipality) အတွင်းရှိ ကျောင်းများနှင့် ဆက်သွယ်ထားကြောင်း၊ ကျောင်းများသို့ တက္ကသိုလ်မှဆရာများသွားရောက်၍ လုပ်ငန်းခွင် ဆရာအတတ်သင်တန်းများနှင့် သုတေသနလေ့လာမှုများ ပြုလုပ်ကြကြောင်း၊ ဆရာအတတ်သင်တန်း တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများက အဆိုပါ ကျောင်းများသို့ သွားရောက်၍ လက်တွေ့သင်ကြားမှု အတွေ့အကြုံယူကြ ကြောင်း၊ ကျောင်းများမှ ဆရာ၊ ဆရာမများကလည်း တက္ကသိုလ်တွင် ဆွေးနွေးပွဲနှင့် သင်တန်းများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

Dr. Bussi နှင့် အဖွဲ့သည် သင်္ချာသင်ကြားနည်းစနစ်ဖွံ့ဖြိုးရေး နိုင်ငံတကာအသင်းတွင်လည်း ပါဝင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ အသင်းတွင် ပါဝင်ရန်လည်း ဖိတ်ခေါ်ပါသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ

တက္ကသိုလ်များ ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စအတွက် ရောမလွှတ်တော်တွင် Senator Luciano Modica နှင့် လည်းကောင်း၊ Bologna မြို့တွင် ‘ပညာရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်း၊ တက္ကသိုလ်၊ သုတေသနနှင့် အလုပ် အကိုင်’ ဌာနဝန်ကြီး Dr. Patrizio Bianchi နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခွင့်ရပါသည်။ အီတလီတက္ကသိုလ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များဖြစ်ပါသည်။ အစိုးရမှ ငွေကြေးထောက်ပံ့ပြီး စီမံခန့်ခွဲခွင့်ကို တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့မှ ဆောင်ရွက်ခွင့်ရပါသည်။ တက္ကသိုလ်ဖွံ့ဖြိုးရေးနှင့် သုတေသနအတွက် ထပ်မံလိုအပ်သော ငွေကြေးများရရှိရန် တက္ကသိုလ်က ရံပုံငွေရှာဖွေခွင့် ရှိပါသည်။ တက္ကသိုလ်များ၏ အရည်အသွေးမြင့်မားရေးအတွက် လွတ်လပ်သော အရည်အသွေး မြှင့်တင်ရေးအဖွဲ့ (Quality Assurance) က ဆောင်ရွက်ပါသည်။

မြန်မာနိုင်ငံတက္ကသိုလ်များ၏ လက်ရှိအခြေအနေနှင့် ဝန်ကြီးဌာန (၁၃) ခုမှ တက္ကသိုလ်ပေါင်း ၁၆၈ ကျောင်းကို တိုက်ရိုက်စီမံခန့်ခွဲကြောင်း ရှင်းပြရာ Dr. Patrizio Bianchi က မြန်မာနိုင်ငံတက္ကသိုလ်များကို အစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုမှ ကင်းလွတ်စေပြီး University Federation များထူထောင်ရန် အကြံပေးပါသည်။ (ဥပမာ - Rangoon University Federation, Mandalay University Federation - ရန်ကုန်တက္ကသိုလ် Federation တွင် ရန်ကုန်ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ ပြည် တက္ကသိုလ် စသည်တို့ ပါဝင်နိုင်ပါသည်။) အဆိုပါ တက္ကသိုလ် Federation များကို တက္ကသိုလ်ပါမောက္ခများပါဝင်သည့် အုပ်ချုပ်ရေးအဖွဲ့ (Senate) မှ အုပ်ချုပ်သင့်ကြောင်းကိုလည်း အကြံပေးပါသည်။

ထို့ပြင်မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်း လဲရာတွင် ပညာရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန နှစ်ခုရှိသင့်ကြောင်းပြောပါသည်။ အခြေခံပညာနှင့် အသက်မွေးဝမ်း ကျောင်းပညာအတွက် ‘Ministry of Education and Training’, တက္ကသိုလ်ပညာနှင့် သုတေသနအတွက် ‘Ministry of Higher Education and Research’ ရှိသင့်ကြောင်း အကြံပေးပါသည်။

ရောမမြို့ရှိ အဝေးသင်တက္ကသိုလ်သို့လည်း ကျွန်တော်တို့ လေ့လာခွင့်ရပါသည်။ အီတလီနိုင်ငံအတွင်းရှိ ကျောင်းသားများသာမက အာရပ်နိုင်ငံများမှ ကျောင်းသားများပါ တက်ရောက်နေသော တက္ကသိုလ်ဖြစ်ပါသည်။

ပို့ချချက်များကို အင်တာနက်မှ ပေးပို့ပါသည်။ အင်တာနက်ဆက်သွယ်ရေးမကောင်းသောနိုင်ငံများအတွက် ပို့ချချက်များကို စာအုပ်စာတမ်းနှင့် CD များဖြင့် ပေးပို့ပါသည်။ ထို့ပြင် ကျောင်းသားများတည်ရှိရာ ဒေသမှ တက္ကသိုလ် တစ်ခုခုနှင့် ချိတ်ဆက်၍ အဆိုပါ တက္ကသိုလ်များမှ ဆရာများက အဝေးသင်ကျောင်းသားများနှင့် တွေ့ဆုံခြင်း၊ လမ်းညွှန်ခြင်း စသည် တို့ကို ပြုလုပ်ပါသည်။ အဆိုပါ အဝေးသင်တက္ကသိုလ်မှ တာဝန်ခံဆရာမတစ်ဦးဖြစ်သော Ms. Marisa Garitu က မြန်မာနိုင်ငံမှ ကျောင်းသားများကိုလည်း လက်ခံကြောင်းနှင့် စိတ်ပညာသာသာရပ် သင်ယူနေသော မြန်မာနိုင်ငံမှ ကျောင်းသားတစ်ဦးရှိကြောင်း ပြောပြပါသည်။

နိဂုံး

အီတလီနိုင်ငံတွင် အောင်မြင်မှုရရှိသည့် အထက်ဖော်ပြပါ အစီအစဉ်များကို မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ထည့်သွင်း စဉ်းစားသင့်ကြောင်း အကြံပြုလိုပါသည်။ အဆိုပါ အစီအစဉ်များမှာ -

(၁) ကလေးများ၏ ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ တီထွင်ဖန်တီးမှု၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှု၊ မတူကွဲပြားမှုများကို လေးစားမှုတို့ကို အားပေးသည့် ရှေးဦးသင်ပညာရေး (Early Childhood Education)

(၂) ယဉ်ကျေးမှုအမျိုးမျိုး ဖွံ့ဖြိုးခွင့်ရှိသော ပညာရေး (Multicultural Education)

(၃) မသန်စွမ်းသူကလေးများနှင့် လူမှုရေးနောက်ခံကွဲပြားသော ကလေးများကို အခြားကလေးများနှင့် တန်းတူသင်ယူခွင့် ရှိသောပညာရေး (Inclusive Education)

(၄) ပညာရပ်အသီးသီး၏တန်ဖိုးနှင့် အသုံးဝင်မှုကို တန်ဖိုးထားသည့် အသက်မွေးဝမ်းကျောင်းပညာရေး (Vocational Education)

(၅) ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော တက္ကသိုလ်များ (Autonomous Universities) [မှတ်ချက်။ ဤကဏ္ဍတွင် တက္ကသိုလ်များ ပူးပေါင်းခြင်း (University Federation) ကို စဉ်းစားသင့်ပါသည်။]

(၆) တက္ကသိုလ်ကောလိပ် ဆရာအတတ်သင်ဌာနများနှင့် ကျောင်းများဆက်သွယ်မှုရှိသောစနစ် (Teacher Education)

တန်ဖိုးရှိသော အထက်ပါလေ့လာမှုကို ပြုလုပ်နိုင်ရန်အတွက် ဖိတ်ကြားသော အီတလီ-မြန်မာ အသင်းကို လည်းကောင်း၊ အီတလီသို့ သွားရောက်ခွင့်ပြုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို လည်းကောင်း၊ ခရီးစဉ်တစ်လျှောက်နှင့် လေ့လာမှုပြုခဲ့သည့် နေရာအသီးသီးမှ ပုဂ္ဂိုလ်များကိုလည်းကောင်း၊ အထူးကျေးဇူးတင်ကြောင်းကို ဖော်ပြလိုပါသည်။ တက္ကသိုလ်၊ ကျောင်းနှင့် ဌာနအသီးသီးမှ သက်ဆိုင်ရာပုဂ္ဂိုလ်အချို့၏ အမည်များကို အထက်စာပိုဒ်များတွင် ဖော်ပြထားပါသည်။

အချို့ပုဂ္ဂိုလ်များအား မှတ်တမ်းရေးသွင်းရာတွင် အမည်များ ကျန်နေသဖြင့် ဤစာတမ်းတွင် ဖော်ပြနိုင်ခြင်းမရှိသော်လည်း ထပ်တူထပ်မျှ ကျေးဇူးတင်ရှိပါသည်။