Friday, September 8, 2017

ဆရာတော်က ကျောင်းတကာကို သတ်လိုက်ပြီတဲ့

ဆရာတော်က ကျောင်းတကာကို သတ်လိုက်ပြီတဲ့
***********************************
ရွာတစ်ရွာတွင်
ဝိနည်းအလွန်လေးစားသော
ဆရာတော်တစ်ပါးရှိလေ၏။

ဆရာတော်သည် ၀ိနည်းနှင့်ပတ်သက်လာလျှင် မည်သူ့မျက်နှာကိုမျှထောက်လေ့မရှိ။
ဘုရားမျက်နှာကိုသာကြည့်တတ်သော
ဆရာတော်ဖြစ်တစ်ပါးပင်။

ဆရာတော်၏ကျောင်းတကာသည်ကား သာသနာကို ကြည်ညိုလွန်းသောကြောင့် ကျောင်းဆောက်လှူထားသည်မဟုတ်။
မိမိလုပ်ငန်းအတွက်  အကာအကွယ်ယူရန် လှူဒါန်းထားသည့်အတွက် ဆရာတော်၏ သီလတန်ဘိုးကိုနားမလည်။

သူ့လုပ်ငန်းကားတစ်ခြားမဟုတ်။
နိုင်ငံတော်အကြီးအကဲတစ်ဦးနှင့်ပေါင်းပြီး
နိုင်ငံတော်ပိုင်ကျွန်းသစ်များကို ခိုးထုတ်ရောင်းချခြင်းဖြစ်၏။

ဆရာတော်ကား ကျောင်းတကာကိုတွေ့တိုင်းအောက်ပါအတိုင်း ဆုံးမလေ့ရှိ၏။

``ဒကာကြီး ၊ ခင်ဗျားတို့ လုပ်နေတဲ့သစ်တွေက ခင်ဗျားရဲ့ မိဘတွေစိုက်ခဲ့တာ ဟုတ်ရဲ့လား´´

``မဟုတ်ပါဘုရား ၊ ဒါပေမဲ့ဆရာတော် ....´´

``ဒါပေမဲ့ ဘာဖြစ်လဲ ဒကာကြီး ´´

``ဒီ ခေတ်ကလဲ ဒီလိုမလုပ်မစားရင် ထမင်းဝဘို့မလွယ်ဘူးဆရာတော်´´

``အော် ခက်တာဘဲ ဒကာရယ်၊ ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်နေမှပေါ့.... ´´

ဆရာတော်က ဘယ်လောက်ပင်တရားချချ ကျောင်းတကာ ကတော့ အလုပ်မပျက်ပေ။

တစ်နေ့....

ဆရာတော် တစ်ခြားရွာ အလှူတစ်ခုသို့ ညအိပ်ကြွသွားစဉ် ကျောင်းတကာမှာ အခက်ခဲတစ်ခုပေါ်လာလေ၏။
သူ့သစ်တွေကို ထောက်လှမ်းရေးတပ်ဖွဲ့မှ လိုက်ဖမ်းနေခြင်းဖြစ်သဖြင့် ဘယ်လိုမှကြံရာမရသည့်အဆုံး ဆရာတော်ကျောင်းထဲ ၀ှက်ထားလိုက်ရလေ၏။

ဆရာတော်ပြန်လာသောအခါ သိလျှင်သိခြင်းကျောင်းတကာကို ချက်ချင်းခေါ်ခိုင်းလိုက်ပြီး - - -

``ဟေ့ ဒကာ၊ မင်းရဲ့ပစ္စည်း​တွေနဲ့ ငါကရဟန်းသီလအပျက်ခံရမှာလား၊
ခုချက်ချင်း မင်းရဲ့သစ်တွေပြန်​ယူသွား´´

ကျောင်းတကာမှာ
အတော်လေးစိတ်ညစ်သွားပြီး

``ဆရာတော်ဘုရား ၊
တပည့်တော် ကျောင်းလှူထားတဲ့ ကျေးဇူးလေးကိုထောက်ပါဦးဘုရား´´

``ဘာပြောတယ် ၊ အေး ဒို့ကိုမကြည်ညိုရင် တကာတော်ရဲ့ ကျောင်းကို ခုဖျက်ယူသွားလိုက် ၊ ငါကျောင်းတွေကို မမက်မောဘူး´´

``အရှင်ဘုရား စဉ်းစားပါဦးဘုရား ´´

``ဘုန်းကြီးက စဉ်းစားပြီးလို့ပြောတာ ၊ ခုချက်ချင်းပြန်မယူရင် ဘုန်းကြီးကိုယ်တိုင် သက်ဆိုင်ရာကို တိုင်မယ် ၊ အေး အဲလိုတိုင်ပြီးရင် ဘုန်းကြီးလဲ သာသနာ့ဘောင်မနေတော့ဘူး ၊ လူထွက်မယ်´´

``အရှင်ဘုရားတို့က ဒါလေးမှ အားကိုဖော်မရဘူး ၊ အရှင်ဘုရားလက်မခံရင်နေ ၊ လက်ခံတဲ့နေရာကိုဘဲ သွားမယ်ဘုရား´´

ထိုကဲ့သို့ စိတ်ဆိုးဆိုးနဲ့ပြောပြီး ဆရာတော်ကိုတောင် ဦးမချတော့ဘဲ ထပြန်သွားလေတော့၏။

ထိုနောက် ရွာထဲတွင် သတင်းထူးတစ်ခု ထွက်ပေါ်လာလေ၏။

``ဆရာတော်က ကျောင်းတကာကို သတ်လိုက်ပြီတဲ့´´

ထိုသတင်းသည် ဟိုးလေးတကြော်ကြော်ဖြစ်သွားလေ၏ ၊ ထိုကြောင့် ရွာထဲမှ ကျောင်း​ဂေါပကများ ဆရာတော်အထံသို့ရေးကြီးသုတ်ပျာပြေးလာပြီး.....

``ဆရာတော်ဘုရား ´´

``ဘာလဲဒကာတို့´´

ကျောင်း​ဂေါပကများက ပြာယာခပ်နေပေမဲ့ ဆရာတော်မှာတော့ တည်ငြိမ်အေးဆေးလျှက် ။

``ကျောင်းတကာကို သတ်လိုက်တယ်ဆိုဘုရား´´

``အင်း ဘုရားပေးတဲ့သတ်နည်းနဲ့ သတ်လိုက်တာပါ´´

``တပည့်တော်တို့ နားလည်အောင်ရှင်းပြပါဦး ဘုရား´´

``ဘုရားရှင် အစရှိတဲ့သူတော်ကောင်း
တွေက ပြောလို့ဆိုလို့ လက်မခံတဲ့သူတွေကိုသူတော်ကောင်းတို့သတ်နည်းနဲ့သတ်ကြတယ်။
ဘယ်လိုသတ်တာလဲဆိုရင် အဲသလိုဆုံးမရတာခက်တဲ့ လူကို နောက်နောင်ဘယ်သောအခါမှ သူတော်ကောင်းတရားမဟောမပြောဘူး။ သူတော်ကောင်းတရား မနာရတဲ့လူလောက် ဘ၀ဆုံးရှုံးတာမရှိဘူး။ သူတော်ကောင်းတွေရဲ့
အဆုံးမ မရတဲ့သူရဲ့ဘ၀ကလဲ သေနေတာနဲ့ဘာမှမထူးတော့ဘူ။ ဒါ့ကြောင့် တကာတို့လဲ အသတ်မခံရအောင်နေကြ၊´´

``သာဓု သာဓု သာဓုပါဘုရား´´

Posted by Ashin Rsein
Credit: Khin Maung

Saturday, August 19, 2017

Bill Gates ရဲ့ အောင်မြင်ရေးသော့ချက် (၁၀) ချက်

Bill Gates ရဲ့ အောင်မြင်ရေးသော့ချက် (၁၀) ချက်
================================

Bill Gates အကြောင်း တစေ့တစောင်း

Forbes Magazine က ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံး စာရင်း မှာ နံပါတ် ၁ နေရာမှာ ၁၇ ကြိမ် ရှိခဲ့ပါတယ်။
သူဟာ လက်ရှိ ၂၀၁၇ အထိ ကမ္ဘာမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးဖြစ်နေတုန်းပါပဲ။ ၂၀၁၇ ဇန်နဝါရီမှာ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၈၄.၂ ဘီလီယျံရှိပါတယ်။ Computer သုံးသူတိုင်း Bill Gates ကို မသိတဲ့သူ မရှိသလောက်ပါပဲ။
America မှာ နံပါတ်၂ လူမှုအကူအညီဆုံး လူလို့လဲ ဆိုကြပါတယ်။ သူဟာ ဒေါ်လာပေါင်း၂၈ ဘီလီယျံကို လူမှုကူညီရေးတွေမှာ လှူဒါန်းခဲ့ပါတယ်။

ကဲ…Bill Gates ပြောခဲ့တဲ့ သူရဲ့ အောင်မြင်ရေး လျှို့ဝှက်ချက်တွေ ကြည့်ရအောင်…

၁။ ခွန်အား ရှိပါ

ကျွန်တော် Microsoft ကို စထောင်တုန်းက ဘာမှ မကြောက်မရွံ့ခဲ့ပါဘူး။ ကျွန်တော် မွဲသွားနိုင်တယ်ဆိုတာလည်းသိတယ်။ ဒါပေမယ့် ကျွန်တော် အခြားအလုပ်ကို လျှောက်ဖို့ လုံလောက်တဲ့ ပညာလည်းရှိတယ်၊ ပြီးတော့ အမေတို့က ကျောင်းကို ပြန်တက်မယ်ဆိုရင်တောင် ထားပေးမယ်လို့ ပြောထားပါတယ်။ ဒီတော့ ကျွန်တော် Company ထောင်တာကို ဘာမှ မပူခဲ့ပါဘူး။ ပေါ့ပေါ့ပါးပါး ပါပဲ။ (Bill Gates Microsoft ကို စတင်ထောင်ခဲ့တုန်းက အသက် ၂၀ ပဲရှိပါသေးတယ်)
ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော် အရမ်းကို သတိကြီးကြီးထားပြီး လုပ်ဆောင်ခဲ့ရပါတယ်။ ဝင်ငွေမရသေးရင်တောင်မှ ဘဏ်ထဲမှာ နှစ်ကုန်ရင် ဝန်ထမ်းတွေအတွက် လစာပေးဖို့ အပြည့်အဝ ရှိနေဖို့ ကျွန်တော် ပြင်ဆင်ခဲ့ရပါတယ်။ Company တခု စထောင်တော့မယ်ဆိုရင် ခွန်အားတွေ အများကြီးလိုပါတယ်။ ကိုယ့်ရဲ့ ကြောက်စိတ်တွေ၊ စွန့်စားဖို့ရာတွေအတွက် ဒီခွန်အားရှိနေမှဖြစ်မှာပါ။

ပြီးတော့ အလုပ်စ လုပ်ကိုင်စမှာ Company ထောင်ဖို့ မလောသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ Company မှာ လုပ်ရင်းနဲ့ သူတို့တွေ ဘယ်လိုလည်ပတ်နေတယ်ဆိုတာကို အများကြီး သင်ယူနိုင်ပါတယ်။ နောက်ထပ်ရယ်ဖို့ကောင်းတာက ကျွန်တော် စလုပ်တုန်းက အသက်ငယ်သေးတော့ ကားမောင်းလိုင်စင် မရှိပါဘူး။ အစည်းအဝေးတွေရှိတိုင်း Taxi နဲ့ပဲ ပြေးရပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ Bar သွားမယ်ဆိုရင်တော့ အသက်ငယ်လို့ဆိုပြီး ကျွန်တော်ဝင်လို့မရပါဘူး။

ဒါပေမယ့် ဒီအသက်ငယ်တာဟာ ကျွန်တော်အတွက် အဓိက အားသာချက်ဖြစ်ခဲ့ပါတယ်။ လူတွေက ဒီကောင်လေး ဘာမှ မသိပါဘူးလို့ထင်နေချိန်မှာ ကိုယ်က ကောင်းကောင်း ပြနိုင်ခဲ့ရင် အရမ်းအထင်ကြီးသွားပြီး ကျွန်တော်တို့နဲ့ ဆက်လက်လက်တွဲဖို့အထိ စဉ်းစားလာကြပါတယ်။ လုပ်ငန်းစခါစ Company လည်းဖြစ်တော့ အတွေ့အကြုံရှိပြီးသား လူကြီးတွေ ခေါ်လို့မရခဲ့ပါဘူး။ အရဲစွန့်ပြီးလုပ်ကြမယ့် လူငယ်လူရွယ်တွေပဲ ခေါ်ခဲ့ပါတယ်။ ဒါဟာလည်း လုပ်ငန်း စတင်တဲ့ လူတိုင်း သိထားရမယ့် အခက်အခဲတခုပါ။ အခက်အခဲလို့မမြင်ပဲနဲ့ အောင်မြင်ဖို့အတွက် စိန်ခေါ်မှုတခုလို့မြင်ပြီး စိတ်ပါလက်ပါ ဆက်လုပ်ပါ။

၂။ သူများအပေါ် အဆွယ်ကောင်းပါ

(Harvard တက္ကသိုလ်က Bill Gates ကို Honory Doctor of Law ဘွဲ့အပ်နှင်းတဲ့ ၂၀၀၇ ခုနှစ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင်ဖြစ်သည်)
ကျွန်တော် Harvard ကို ဒီ ဘွဲ့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က နောင်နှစ်ဆို အလုပ်ပြောင်းတော့မှာဆိုတော့ အနည်းဆုံး CV မှာ ဘွဲ့လေးတော့ ပါလာပြီပေါ့။ (နောင်နှစ်တွေမှာ Bill Gates ဟာ လူမှုအကျိုးပြု အလုပ်တွေမှာ စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်သွားပါတယ်)။ ဒီနေ့ပွဲမှာ ဘွဲ့တွေရကြတဲ့ မောင်မယ်တွေကိုလည်း ချီးကျူးပါတယ်။ ကျွန်တော်ကတော့ လူတွေသမုတ်ကြတဲ့ “Harvard ရဲ့ အအောင်မြင်ဆုံး ကျောင်းပြေး” ဆိုတာနဲ့တင် ပျော်နေခဲ့တာပါ။ ဒီလို ကျောင်းက ထွက်ခဲ့တာကပဲ ကျွန်တော့်ကို အများကြီးပြောင်းလဲစေခဲ့တယ် ထင်ပါတယ်။ ကျွန်တော် ဒီလို ကျောင်းထွက်တွေ အများကြီးထဲမှာမှ အောင်မြင်အောင် ကြိုးစားခဲ့ပါတယ်။
ဒီလိုပြောလိုက်လို့ ကျွန်တော့်မှာ ရှိတဲ့ အခြား အရည်အချင်းကတော့ သူများအပေါ် အဆွယ်ကောင်းခြင်းပါပဲ။
ကျွန်တော် အဆွယ်ကောင်းခဲ့လို့ Steve Ballmer (Microsoft ၏ ဒုတိယ CEO ဖြစ်လာသူ) လည်း သူ့ရဲ့ စီးပွားရေး ကျောင်းကနေ မပြီးသေးဘဲ ကျောင်းထွက်လိုက်တာပါ။ ဒါ့ကြောင့်ပဲ ထင်ပါတယ်။ ကျွန်တော့်ကို ဘွဲ့နှင်းသဘင်မှာမှ ဒီလို မိန့်ခွန်းတက်ပြောခိုင်းတာပါ။ ကျောင်းစစတက်ချင်း မောင်မယ်တို့ကိုသာ ပြောခွင့်ရခဲ့ရင် ဒီဘွဲ့နှင်းသဘင်မှာ လူနည်းနည်းပဲကျန်တော့မှာပါ (ရယ်သံနှော၍)
၃။ အလုပ်ကြိုးစားပါ

နေ့စဉ် ကျွန်တော့်မှာ Meeting တွေနဲ့ ပြည့်နေပါတယ်။ ညဘက် ကလေးတွေ အိပ်သွားရင်တောင် ကျွန်တော် Email တွေ ပြန်နေတုန်းပါပဲ။ ရုံးပိတ်ရက်တွေလည်း ကျွန်တော် Email တွေနဲ့ပဲ အချိန်ကုန်ဖြစ်တာများပါတယ်။ ဒါပေမယ့် တနှစ်မှာ ၂ပတ်တော့ ကျွန်တော် အပျော်ခရီးထွက်လေ့ရှိပါတယ်။

ဒီလိုထွက်တဲ့အချိန်ဆိုရင်တော့ အလုပ်တွေ၊ အခြား အကြောင်းအရာတွေ နဲ့ အနှောင့်အယှက်မပေးနိုင်အောင် ထားထားတယ်။ အဲ့ဒီ အတောအတွင်းဆိုရင် စာတွေဖတ်တယ်၊ တွေးတယ်။ နောင်အနာဂတ်မှာ ဘာတွေ ဖြစ်နိုင်မယ်ဆိုတာ တွေးခေါ်တဲ့အချိန်တွေပါပဲ။ အတွေးနယ်ချဲ့ချိန်တွေပေါ့ဗျာ။
၂၅ ရာခိုင်နှုန်းသော အချိန်တွေက အခြားနိုင်ငံတွေကို စီးပွားရေးကိစ္စနဲ့ သွားရောက်နေတာနဲ့ ကုန်တာများပါတယ်။
ဒီလို သွားရောက်ရတဲ့အချိန်တွေမှာ ကျွန်တော့်အတွက် အတွေးကောင်းတွေ တွေးဖို့ အချိန်ရစေပါတယ်။ ငါတို့ အလုပ်တွေ မှန်ကန်ရဲ့လား၊ ဝယ်သူတွေ ဘာကိုကြိုက်ကြလဲ၊ လူတွေ ငါတို့ကို ဘယ်လိုအနေအထားနဲ့ ပိုမြင်စေချင်လဲ စသဖြင့် ကျွန်တော် တွေးပါတယ်။

၎။ အနာဂတ်ကို ပုံဖေါ်ပါ

Microsoft က ပထမဦးဆုံး အနာဂတ်ကို ပုံဖေါ်မယ်ဆိုတဲ့ အယူအဆနဲ့ Windows Computer တွေကို ၁၉၈၃ မှာ စတင် ဖြန့်ဖြူးခဲ့တာပါ။ ကျွန်တော်တို့ ထွင်ခဲ့တဲ့ Microsoft Word, Excel နဲ့ PowerPoint Software တွေကို လူတွေ မြန်မြန်ဆန်ဆန်နဲ့ လက်ခံသုံးစွဲခဲ့ကြတာဟာ အင်မတန်မှ အားရစရာပါပဲ။ Windows ကို အခြေခံပြီး အခြား Company တွေဟာ အပတ်စဉ် စိတ်ကူးအသစ်၊ နည်းပညာအသစ်တွေကို ထပ်ဆင့်ထုတ်လာနိုင်တာဟာ ကျွန်တော်တို့ ဟိုးအရင်က မျှော်မှန်းခဲ့တဲ့ အနာဂတ်ကို အခု ပြန်မြင်နေရသလိုပါပဲ။
၅။ ကိုယ်လုပ်တဲ့အလုပ်မှာ ပျော်ပါ

အဓိက အချက်ကတော့ ကိုယ်လုပ်တဲ့အလုပ်မှာ ကိုယ်ပျော်နေဖို့အရေးကြီးပါတယ်။
ကျွန်တော်ကတော့ ကိုယ့်ထက် တော်တဲ့တတ်တဲ့ လူတွေနဲ့ အလုပ်တွဲလုပ်ရတာ၊ ပြဿနာ အသစ်တွေကို ဖြေရှင်းရတာကို ပျော်ပါတယ်။ ကျွန်တော်တို့ “ဟေး…ငါတို့ အောင်မြင်လာပြီလို့” တွေးမိလာတာနဲ့ ဒီအပေါ်မှာ မသာယာမိအောင်၊ ကျွန်တော်တို့ရဲ့ စံနှုန်းကို အမြဲထပ်မြှင့်ပါတယ်။
၆။ ဥာဏ်ရွှင်စေသော ဂိမ်းဆော့ပါ

Bridge ဆိုတဲ့ ဖဲချပ်ကစားနည်းလေးကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ သူက အရမ်းတွေးခေါ်ရတယ်။ သူ့ကို တသက်လုံးဆော့လို့ ရတယ်၊ ဆော့လေ ပိုတော်လာလေပဲ။ ဒီကစားနည်းကို ကျွမ်းတဲ့သူဟာ အခြားနေရာတွေမှာလည်း တော်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါ့ကြောင့် ဒီကစားနည်းကိုတော့ လူတိုင်းကို ဆော့ဖို့ တိုက်တွန်းချင်တယ်။ ရှေးက ဒါကို ထွင်သွားခဲ့တဲ့ လူကြီးသူမတွေကိုလည်း ကျေးဇူးတင်မိတယ်။
၇။ အကြံဥာဏ်တောင်းပါ

ကျွန်တော် အဖေနဲ့လည်း ပြောတယ်၊ Warren (Warren Buffett – နံပါတ်၂ အချမ်းသာဆုံး ပုဂ္ဂိုလ်) နဲ့လည်း ပြောတယ်၊ Melinda (Bill Gates ၏ ဇနီး) နဲ့လည်း ပြောတယ်။ ကျွန်တော့်အကြောင်းကောင်းကောင်းသိတဲ့ လူတွေ ကျွန်တော့်မှာ ရှိတယ်။ သူတို့က ကျွန်တော် ဘယ်နေရာမှာ အားနည်းတယ်၊ လောကြီးလွန်းတယ်၊ တွေးဖို့ လှစ်ဟာသွားတယ် ဆိုတာကို ထောက်ပြနိုင်ကြတယ်။
ဒီတော့ အကြံပေးချင်တာက ခင်ဗျားလည်း ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ အကြံပေးတွေကို အခုလို ပွင့်ပွင့်လင်းလင်း ထောက်ပြပေးဖို့ ပါမစ်ပေးထားသင့်တယ်။ ဥပမာ၊ ကျွန်တော် Party ကိုသွားပြီး လူတွေကို နှုတ်ဆက်ဖို့ မေ့နေတတ်တာမျိုးလေးတွေပါပေါ့။ ဒါ့ကြောင့် ဒီလိုတိုင်ပင်ဖေါ်လူတွေ ရှိထားတာဟာ ကိုယ့်ဘဝအတွက် အကောင်းဆုံး အရင်းအနှီးတခုပဲ။

၈။ လူတော်တွေ ရွေးပါ

ကျွန်တော့်ရဲ့ စီးပွားရေး ဆုံးဖြတ်ချက် အကြီးအမားတွေကို ပြောပါဆိုရင် လူရွေးရတာပါပဲ
Paul Allen (Microsoft ကို Bill Gates နှင့်တွဲထူထောင်ခဲ့သူ) လို ပုဂ္ဂိုလ်မျိုးနဲ့ သွားပြီး ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာကတော့ ဆုံးဖြတ်မှုစာရင်းထဲက ထိပ်ဆုံးမှာပေါ့။ နောက် ကျွန်တော့်သူငယ်ချင်းဖြစ်လာတဲ့ Steve Ballmer ကို ငှားရတာရောပေါ့။
အဓိက ကတော့ ကိုယ်လုံးဝ ယုံရပြီး၊ အလုပ်အပေါ်လည်း လုံးဝအာရုံနှစ်ထားတဲ့၊ ကိုယ်နဲ့လည်း အမြင်ချင်းတူမယ် ဒါပေမယ့် အလုပ်ကျွမ်းကျင်တဲ့အပိုင်းမတူဘဲ၊ ကိုယ့်ကိုလည်း အမြဲလိုလို စောင့်ကြည့်နေမယ့် လူမျိုး အနားမှာ ရှိဖို့ပါပဲ။

ကိုယ်က Idea အသစ်တွေ ပေါ်လာရင် သူတို့နဲ့ စစ်ကြည့်။ သူတို့က “ဟေ့…မင်းဒီအပိုင်းလေးရော တွေးပြီးပြီလား” လို့ ပြန်ပြောမှာကို ကိုယ်က သိနှင့်နေပြီကိုး။ ဒီလို လူမျိုးတွေနဲ့အခုလို ပြောဆိုနေရရင် စိတ်ကျေနပ်ဖို့ကောင်းယုံတင်မကဘဲ၊ ပိုပိုပြီး အောင်မြင်လာလိမ့်မယ်။ ဒီတော့…ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် ရွေးတတ်ဖို့ဟာ အင်မတန် အရေးကြီးတယ်ဗျ။

၉။ အချိန်မဆွဲနဲ့

ကျွန်တော် ကျောင်းတက်တုန်းက အကျင့်တခုရှိခဲ့တယ်။ ဒီအကျင့်က အရမ်းအရမ်းကို ဆိုးတယ်။ အဲ့ဒါက ကျွန်တော်လူတွေကို သူတို့ရှေ့မှာ ကျွန်တော် စာမလုပ်ဘူး၊ အတန်းမတက်ဘူး၊ စာကို ဂရုမစိုက်ဘူးလို့ ပြချင်တဲ့ အကျင့်ပါ။ နောက် အနားနီးပြီဆိုတော့မှ၊ ဥပမာ စာမေးပွဲဖြေဖို့ ၂ရက်အလိုလောက်ကျမှ အသဲအသန် လုပ်တတ်တယ်။ လူတွေကတော့ ဒါကို ရေလည်မိုက်တယ်လို့ ထင်ကြတယ်။ ဒါကျွန်တော့်ရဲ့ ဂုဏ်ပေါ့ဗျာ။ “ဘာမှ မလုပ်ဘဲ အနားနီးမှ လုပ်တတ်တာ သူပေါ့”လို့ ပြောလေ့ရှိကြတယ်။
ဒါပေမယ့် စီးပွားရေး လုပ်ချိန်မှာတော့ ဒါက အရမ်းဆိုးတဲ့ အကျင့်ဖြစ်သွားတယ်။ ကျွန်တော် ဒီအကျင့်ကို ဖျောက်ဖို့ နှစ်အတော်ကြာ ပြန်လုပ်လိုက်ရတယ်။ အလုပ်မှာ ဘယ်သူကမှ အနီးကပ်မှ လုပ်လို့ ချီးကျူးတာ မရှိခဲ့ဘူး။ အခုတော့ အရင်က သိပ်ပြီးအရေးမထားခဲ့တဲ့ အချို့ သေသေသပ်သပ်နဲ့ အချိန်မှီ ကျောင်းစာ လုပ်ကြတဲ့ ကျောင်းသားတွေကိုတောင် ကျွန်တော် ပြန်ပြီး
အမြင်ပြောင်းလာခဲ့တယ်။ ဒီအချိန်မဆွဲတတ်အောင် တော့ အခုထိ ကျွန်တော် ကြိုးစားပြောင်းနေတုန်းပါပဲ။ အချိန်ဆွဲတာဟာ အကျင့်ကောင်းတခုတော့ မဟုတ်ဘူးဗျ။

၁၀။ ရယ်မော ပျော်ရွှင်တတ်ပါစေ

Bill Gates တခါက Social Media တွေမှာ ဟော့ ဖြစ်ခဲ့တဲ့ Ice Bucket Challenge (ရေခဲရေ လောင်းပြိုင်ပွဲ) မှာ အများနဲ့ မတူ ကိုယ်ပိုင် ရေခဲရေ လောင်းစင်ကို ထွင်ပြီး ဆင်နွှဲခဲ့ပါတယ်။ ရယ်ရွှင်ဖွယ်ရာ တင်ဆက်မှုလေးပါ။ ပြီးတော့ သူ့ရဲ့ Microsoft ကြော်ငြာ အများစုမှာ Bill Gates ဟာ ကိုယ်တိုင် ဟာသလေးရောပြီး ပါဝင်သရုပ်ဆောင်လေ့ရှိပါတယ်။
ဒီ ဘဝမှာ ရယ်မောပျော်ရွှင်တတ်တဲ့ အချက်လေးဟာလည်း သူ့ကို အလုပ်ရှုပ်ဆုံး CEO တစ်ယောက်အနေနဲ့ စိတ်ဖိစီးမှုတွေက လျော့ပါးစေတဲ့ အချက်လို့ယူဆပါတယ်။

စုစည်းလို့ရသမျှ အချက်အလက်ကလေးတွေကို မိတ်ဆွေရဲ့ ဘဝ အောင်မြင်ရေးအတွက်ရေးသား ပေးလိုက်ပါတယ်။
စာစုလေးတွေကို သေချာ မှတ်သားပြီး Bill Gates လို အောင်မြင်သူ တဦးဖြစ်အောင် ဆက်လက် ကြိုးစားလိုက်ပါ ခင်ဗျာ။

CRD: : ကိုသူရ
(Saving The Minds)
Founder of Success upsize
Image may contain: 1 person, standing, suit, night and text

Wednesday, August 2, 2017

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ
xxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းက ဟောပြောပွဲတစ်ခုမှာ ဒီလိုပြောသွားပါတယ်။

သင်ဘာလို့ မအောင်မြင်သေးတာလဲ။ သင်ရေစုန်မျောနေတယ်။ အနူတ်လက္ခဏာ ဆောင်တဲ့လူတွေနဲ့ ပေါင်းသင်းနေပါတယ်။ တိုးတက်မူ အတွက် ဦးနောက်အချောက်မခံဘူး၊ လက်ထဲမှာ ပိုက်ဆံမရှိဘူး၊ မျက်နာကျတော့အသေလိုချင်တယ်။ မိဘနဲ့ ခွဲရမှာကိုကြောက်တယ်၊ ဆွေမျိုးတွေရဲ့ စကားကို အမြဲနားယောင်တယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဆုံးဖြတ်ချက်ရဲရဲ မချရဲဘူး၊ ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီး ရှေးရိုးစွဲတယ်။ ဘ၀ကို ကံကြမ္မာပေးတဲ့ အတိုင်းပဲ အသက်ရှင်ချင်တယ်။ ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး။
အရင်းမစိုက်ထုတ်ပဲ အမြတ်များများရတဲ့ အလုပ်ပဲလုပ်ချင်တယ်။ အိမ်မှာအေးအေးဆေးဆေးနေပြီး လဒ်လာပ ကောင်းကင်ပေါ်ကနေ ကျလာမှာကို မျှော်လင့်နေတယ်။ ထီပေါက်ဖို့လောက်ပဲ အိမ်မက်စောင့်နေတတ်တယ်။အခွင့်အရေး မကြုံဘူးလို့ ခဏခဏ ပြစ်တင်ပြောဆိုတယ်။ တကယ်အခွင့် ကြုံလာပြန်တော့လည်း သင်မဖမ်းထားနိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သင်ဖမ်းကို မဖမ်းတတ်လို့ပါ။ဒါတွေကြောင့် သင်ဆင်းရဲနေပါတယ်။ ဆင်းရဲတော့ စိတ်အားငယ်တယ်။ စိတ်သိမ်ငယ်တော့ တွန့်ဆုပ်တွန့်ဆုပ်ဖြစ်တယ်။ ဘာဆိုဘာမှ မလုပ်ရဲတော့ဘူး။ ဘာတစ်ခုခုမှ ကျွမ်းကျင်အောင်လည်း တတ်မြောက်အောင် မသင်ကြားထားဘူး၊ အဆိုးဘ၀သံသရာကြီးထဲမှာ ဒီလိုပဲ တ၀ဲလည်လည် ဖြစ်နေတယ်။ လူတော်တော်များများဟာ အခွင့်ရှိတုန်း တစ်ခုခုတော့ လုပ်ချင်ပါရဲ့ ၊အခက်အခဲ နည်းနည်း တွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့ ဆုပ်လမ်းရှာထားပြန်တယ်။ အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။ အများဆုံးတွေ့တတ်တဲ့ ဥပမာများကတော့...

၁။ ပိုက်ဆံမရှာတတ်ဘူး ။   မှားတယ်။ အမှန်က ပိုက်ဆံရှာတတ်တဲ့ ဦးနောက်မရှိလို့ပါ။ စုလည်းမစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကို လည်း တန်ဖိုးတက်အောင် မလုပ်လို့၊ ဝေးဝေး လည်းမစဉ်းစားတတ်လို့။

၂။ အရည်အချင်းမရှိလို့ ။ မှားတယ်။ ကိုယ့်ကိုယ်ကို မှမလေ့ကျင့် ဘူးဆိုရင် ဘယ်သူက မွေးကတဲက အရည်အချင်းရှိတာလဲ၊ ဘယ်သူမှ ဘွဲ့ရရချင်း အရည်အချင်းမရှိပါဘူး။ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။လူတစ်ယောက် အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရူံးခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက်အချိုးကျတတ်ပါတယ်။ အလုပ်ကို နည်းနည်း လုပ်ရုံနဲ့ ပျင်းသွားတယ်။ စာတစ်အုပ်ကို အရွက်နည်းနည်းလှန်ဖတ်လိုက်ရုံနဲ့ ငြီးငွေ့ သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ။

၃။ စကားမပြောတတ်လို့။ မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြောကောင်းနေလို့လဲ။ စင်ပေါ်မှာ စကားပြောကောင်းတဲ့ လူမှန်သမျှ စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲ ဖြစ်တယ်။

၎။ အချိန်မရှိလို့။ မှားတယ်။ တစ်ရက်တစ်ရက် လက်ကိုင်ဖုန်းဆော့တဲ့ အချိန်ကိုတွက်ကြည့်ပါ။ ဂိမ်းဆော့တဲ့ အချိန် တွေကို တွက် ကြည့်လိုက်ပါ။ စီမံခန့်ခွဲမူ ပညာမှာ အချိန်ကို စီမံခန့်ခွဲမူအတတ်ဟာ ပညာအပါဆုံးဖြစ်တယ်။ မယုံရင် အချိန်မှတ်တမ်းလေးတစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ်လုပ်၊ အချိန်ကို မှတ်ကြည့်၊ နှစ်ပတ်လောက် မှတ်ပြီးရင် ကို်ယ်မှတ်ထားတာကို ပြတ်ဆန်းစစ်ကြည့်၊ အလုပ်အရမ်းများပါတယ်ဆိုတဲ့ လူတွေတောင်မှ အချိန်တစ်ဝက်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုကုန်နေတာကို တွေ့ရတတ်ပါတယ်။

၅။ ၀ါသနာမပါလို့။ မှားတယ်။ စားမယ်၊ သောက်မယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်၊ ဘယ်လူငယ်မဆို ၀ါသနာပါမှာပဲ။ အလုပ်ကို ပင်ပင်ပမ်းပမ်းလုပ်မယ်။ အကြွေးဆပ်မယ်။ ဘတ်စ်ကားတိုးစီးမယ်။ ဘယ်သူဝါသနာပါမှာလဲ။ ၀ါသနာဆိုတာ တစ်ခုခုကို ကြိုးကြိုးစားစား လုပ်လိုက်လို့ ပြီးမြောက်သွားရင် အဲဒီပြီးမြောက်ခြင်းရဲ့ အရသာကို ခံစားရင် ၀ါသနာပါသွားတာပဲ။ ၀ါသနာဆိုတာ ပျိုးထောင်ရင် ရပါတယ်။

၆။ စဉ်းစားကြည့်အုံးမယ်။ ဒါအမှားဆုံးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင်မရိုက်တတ်တဲ့ လူတန်းစားအတွက် ပြောတာပါ။ ဘာပဲလုပ်လုပ်၊ တ၀က်သေချာတယ်လို့ ထင်ရင် စလို့ရပြီ။ ရာနူန်းပြည့်သေချာတဲ့ အထိစောင့်နေရင် အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့်အုံးမယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုသွားတဲ့လူတွေ မနည်းလှတော့ပါ။

Cridit

Wednesday, November 16, 2016

ကြယ်တွေသေတာရှင်းတယ်

ကြယ်တွေသေတာရှင်းတယ်
___________________
ကြယ်တွေသေတာရှင်းတယ် !
သေတမ်းစာ မရေးဘူး
အမွေ မခွဲဘူး
မျက်ရည်မကျပဲ
လင်းကနဲ လက်ကနဲ သေတယ်
ပုပ်စော်မနံဘူး
မြေနေရာ မပေးရဘူး
မီးသဂြိုလ်စရာ မလိုဘူး
မြစ်ရေထဲ ညစ်ထေးသွားစရာ မရှိဘူး
သတင်းစာမှာ မကြေညာဘူး
ဆယ်လူကောတက် မထိုးခဲ့ရဘူး
ပိုက်ဆံ သောက်သောက်လဲ မကုန်ဘူး
ယပ်တောင်တွေ ဝေစရာ မလိုဘူး
မုန့်ဟင်းခါး ကျွေးစရာ မလိုဘူး
ဖဲဝိုင်းထောင်စရာ မလိုဘူး
သရဲကြောက်စရာ မလိုဘူး
ခုနှစ်ရက်လည် အခမ်းအနား မရှိဘူး
ကြယ်တွေဟာ သရဏဂုံ မြဲတယ်
ဘုန်းကြီးတွေ ပင့်စရာမလိုဘူး
သံယောဇဉ် မချန်ခဲ့လို့
အသံဗြဲ နဲ့ အော်ငိုသံတွေ မရှိဘူး
တက်မတတ်ချက်မတက် ဖြစ်လို့
ခြေမ လိမ်ချိုးပေးစရာလည်း မလိုဘူး
ဝမ်းနည်းကျန်ခဲ့မယ့် သူမရှိဘူး
ဒါ့ကြောင့် အလောင်းကောင်ကို
အမင်္ဂလာဆောင် ပေးစရာ မလိုဘူး
ဒါ့ကြောင့် ငွေတစ်မတ် ကုန်စရာ မလိုဘူး
ကြယ်တွေသေတာ ရှင်းတယ်
နာရေး ကားတွေကို အကြောင်းကြားစရာမလိုဘူး
ဘာဆိုဘာမှ မပူလောင်ရဘူး
တစ်ခုတော့ ရှိတယ်
လူတွေဟာ
သူသေရင် လိုရာဆုပြည့်ဖို့
ဆုတောင်းထောပနာပြု တတ်ကြလို့
သူဟာ ဘယ်တော့မှ ကမ္ဘာ ပေါ်ရောက်အောင်
မသေဘူး ............
အဲ့ဒီတစ်ချက်တော့ရှိတယ်
ဒါ့ကြောင့် ကြယ်တွေသေတာ ရှင်းတယ် .....။
လင်းသန့်(ကနောင်)

ဆောင်းဦးအိပ်မက်

ဆောင်းဦးအိပ်မက်

ဆောင်းရာသီရောက်တိုင်း ဆောင်းတွင်းအိပ်မက် မက်လေ့ရှိတာ လူတိုင်းနီးပါးပါပဲ။ ကျနော်လဲ အပါအ၀င်ပေါ့၊ ထူးခြားတာက အိပ်မက်တစ်ခုကို စမက်ပြီဆိုရင် နောက်နေ့ပြန်အိပ်လဲ အဲ့ဒီနေရာက ပြန်စတာတော့ ကျနော့ထူးခြားချက်ပါ…
ဒီညကလည်း အိပ်မက်မက်တယ်ပေါ့..
အိပ်မက်ထဲမှာ ကျနော်က လူကူးမျဉ်းကျားက မကူးလို့ အဖမ်းခံရတာ၊ ကျနော့ကို ဖမ်းတာက ရဲမေလေး…။ မျဉ်းကျားကမကူးလို့ ဖမ်းရင် သူတို့က ကားပြည့်တဲ့အထိစောင့်ရတာထုံးစံ။ ကျနော်ကလည်း ဘယ်ရလိမ့်မလဲ ကားပေါ်က ရဲမေအန်တီကြီးကို ရအောင်ပြောပြီး စာမေးပွဲရှိလို့ပါ မမှီတော့လို့ပါဆိုပြီး သနားအောင်ပြောတာပေါ့။ ဒါနဲ့ အန်တီကြီးက သနားပြီး ဒါဆိုလည်း လွတ်အောင်ပြေးလေဆိုပြီး မသိချင်ယောင်ဆောင်နေပေးရှာတယ်။ ကျနော်ကလည်း ပြေးပြီလေ။ တစ်ခေါက်ပြေးတယ် ပြန်မိတယ်။ နောက်တစ်ခေါက်ပြေးတယ် ထပ်မိတယ်။ အဲဒီရဲမေပဲ။ ပြီးတော့ ပြောသေးတယ် ထွက်ပြေးရင် ဒဏ်ငွေ ၂ ဆတဲ့။ ကျနော့်ဆီမှာ ၁၀၀ ပဲပါတာသူမှမသိတာ။ ဒီလိုနဲ့ လန့်နိုးသွားရော…။ ကျနော်မကျေနပ်ဘူး.. ဘာလို့လွတ်အောင်မပြေးနိုင်ရတာလဲဆိုပြီး… ရေသောက်တယ်… ပြန်အိပ်တယ်..
အဲ့ဒီနေရာကပြန်မက်တယ်…
ဒါပင်မဲ့ ဘယ်လိုဘယ်လိုဖြစ်ပြီး အခန်းတွေကျော်သွားလဲမသိဘူး။ အဲ့ဒီရဲမေလေးနဲ့ ကျနော်အိမ်ထောင်ကျ ပြီးနေပြီတဲ့…ခ်ခ်
အလုပ်သွားခါနီး ရဲမေလေးက တတွတ်တွတ်နေနဲ့မှာနေတာက “လမ်းကူးရင် မျဉ်းကျားကကူးနော်” တဲ့ ခဏနေတော့ နိုးစက်သံကြောင့် တကယ်နိုးသွားတယ်။

အိပ်မက်အစစ်ဖြစ်ပါကြောင်း
#ThurainThit

Tuesday, November 15, 2016

ခေတ်သစ်တက်ကျမ်း

“ခေတ်သစ်တက်ကျမ်း”
(ဖတ်ရန်ကြာချိန် - ၃မိနစ်)
တက်ကျမ်းစာအုပ်တွေဟာ ကျွန်တော်တို့ဆီမှာတင်မကပါဘူး၊ ကမ္ဘာမှာလည်း အရောင်းရဆုံး၊ လူဖတ်အများဆုံးစာရင်းဝင်စာအုပ်တွေ ဖြစ်နေတတ်ကြပါတယ်။ စိတ်ဓါတ်လှုံ့ဆော်ရေး ဟောပြောသူတွေ၊ ဟောပြောပွဲတွေဆိုလည်း မနည်းမနောပါပဲ။ ပရော်ဖက်ရှင်နယ်လိုင်းအနေနဲ့ ရပ်တည်နေသူတွေလည်း ရှိပါတယ်။
တက်ကျမ်းတွေဟာ လူကို အကျိုးရှိစေနိုင်တာ မှန်ပေမယ့် အဲဒီလိုအကျိုးရှိစေဖို့ ဆိုရင် ဖတ်တဲ့သူ၊ နားထောင်တဲ့သူက ကိုယ်တိုင် လိုက်လုပ်မှ ရပါလိမ့်မယ်။ မဟုတ်ရင် အလကားပါပဲ။ တက်ကျမ်းစာအုပ်တွေက ကိုယ့်စာအုပ်စင်ရဲ့ နေရာတော်တော်များများကို ယူထားပြီးတာတောင် ကိုယ့်ဘ၀အခြေအနေက ထူးခြားမလာသေးဘူးဆိုရင် အဲဒီစာအုပ်တွေ ထပ်မ၀ယ်ပါနဲ့တော့။ ၀ယ်လည်း ထူးမှာမဟုတ်တော့ပါဘူး။ ဒါက တက်ကျမ်းရဲ့ ပထမအားနည်းချက်။
နောက်အားနည်းချက်တစ်ခုတော့ ခုလို အပြောင်းအလဲတွေ မြောက်များစွာ ဖြစ်နေတဲ့ ခေတ်ကြီးမှာ တက်ကျမ်းတွေလည်း ပြောင်းလဲဖို့ လိုနေပြီဆိုတာပါပဲ။ သိပ်သမားရိုးကျဆန်တဲ့ “ကြိုးစားကြပါ၊ ၀ီရိယရှိကြပါ၊ ပိုက်ဆံစုကြပါ၊ စာဖတ်ပါ” ဆိုတာတွေက နားထောင်လို့တော့ ကောင်းပေမယ့် ဒီခေတ်မှာ မလုံလောက်တော့ပါဘူး။
ဒါကြောင့် ခေတ်သစ်တက်ကျမ်းတွေ လိုလာပါတယ်။ ခေတ်သစ်တက်ကျမ်းဆိုတာ တခြားမဟုတ်ပါဘူး။ ခေတ်သစ်ရဲ့ လိုအပ်ချက်အသစ်တွေကို ဘယ်လိုဖြည့်ဆည်းကြရမလဲ ပြောပြထားတဲ့ စာတွေကို ဆိုလိုတာပါ။
ဒါဖြင့် ခေတ်သစ်က ဘာလိုအပ်ချက်အသစ်တွေ တောင်းဆိုနေသလဲ
၁။ ပံ့ပိုးပေးတဲ့ ပတ်ဝန်းကျင်
နယ်ကလူငယ်တွေကို ဘီလ်ဂိတ်စ်အကြောင်း သွားပြောမယ်ဆိုပါတော့။ သူက ဘယ်လောက်ကြိုးစားတာ၊ ပညာဘယ်လိုထူးချွန်တာ၊ ခုဆို သူ့ပိုင်ဆိုင်မှုတွေက ဘယ်လောက်ဖြစ်နေပြီ၊ သူ့လိုဖြစ်ချင်ရင် သူ့လိုကြိုးစားကြ ဆိုပြီး ပြောတတ်ကြပါတယ်။ လက်တွေ့ကျပါရဲ့လား။ လူတစ်ယောက် အောင်မြင်ဖို့ဆိုရာမှာ ပတ်ဝန်းကျင်ကလည်း အရေးပါပါတယ်။ စီရော်နယ်ဒို မြန်မာပြည်မှာ လူလာဖြစ်ရင် လူကောင်ခပ်သေးသေးနဲ့ ဘောလုံးသမားလေး ဖြစ်နေမှာပေါ့။ ဘီလ်ဂိတ်စ်ဆိုရင်ရော၊ အောင်မြင်ချင် အောင်မြင်မယ်၊ ဒီနေ့လို အဆင့်အတန်းမျိုး ရှိနေမှာ မဟုတ်တာတော့ သေချာပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ပတ်ဝန်းကျင်ကောင်းကို ရှာနိုင်ဖို့ လိုတယ်။ ရန်ကုန်လို၊ မန္တလေးလို၊ နောက်ဆုံး နိုင်ငံရပ်ခြားအထိ အခွင့်အလမ်းများတဲ့ နေရာတွေကို ရဲရဲဝင့်ဝင့် ပြောင်းရွှေ့ပစ်နိုင်ဖို့ လိုတယ်။ ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာပဲ ပုံမှန်ဝင်ငွေရတဲ့ အလုပ်လေးနဲ့ မိန်းမောမနေကြဘဲ Comfort zone ထဲကနေ ထွက်ခဲ့ကြဖို့ လိုပါမယ်။
၂။ Digital literacy
ဖုန်းဘေလ်တွေအကုန်ခံမယ့်အစား စာအုပ်ဝယ်ဖတ်လိုက်တာ ပိုအကျိုးရှိမတဲ့။ ထပ်မှားပါတယ်။ ဖေ့စ်ဘွတ်ပဲဖွင့်ပြီး အရေးမပါတာတွေ လုပ်နေမယ်၊ Chatting ထိုင်နေမယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် ခုခေတ်မှာ ဖုန်းကိုအသုံးပြုပြီး လေ့လာလို့ရတာတွေ၊ ချိတ်ဆက်လို့ရတာတွေ အများကြီးရှိလာပါပြီ။ ဒါကြောင့် မင်းတို့ ဖုန်းပဲပွတ်မနေနဲ့ ဆိုပြီး တရားသေတားဖို့ ခက်လာပါတယ်။ ပြီးတော့ ဒီနေ့ခေတ်မှာ နည်းပညာတတ်ကျွမ်းမှုက မရှိမဖြစ် အရေးပါလာပါပြီ။ အရင်လို စာအုပ်ချည်းပဲ ထိုင်ဖတ်နေလို့ ရတော့တဲ့ ခေတ် မဟုတ်ပါဘူး။
ကမ္ဘာကြီးမှာရှိတဲ့ အကန့်အသတ်တွေအားလုံးကို အင်တာနက်က ချုံ့ပစ်လိုက်ပါတယ်။ ဘယ်သူနဲ့မဆို ချိတ်ဆက်လို့ရပြီ၊ ဘယ်ပညာမဆို သင်ကြားလို့ရပြီ။ ဒီခေတ်မှာ အင်တာနက် ကောင်းကောင်းမသုံးတတ်ဘူး၊ သုံးမနေဘူးဆိုရင် ကိုယ့်အတွက်တော့ ဒီအကန့်အသတ်တွေက ရှိနေဦးမှာပဲ ဖြစ်ပါတယ်။
၃။ ဆိုင်တဲ့စာပဲ ဖတ်ပါ
စာအစုံဖတ်ပါ တဲ့။ ဒါလည်း မှားလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် လက်တွေ့အသုံးချဖို့တော့ ခက်ပါတယ်။ ဒီလောက်များပြားလှတဲ့ စာအုပ်တွေကြားထဲမှာ ဘယ်လိုလုပ် အကုန်လိုက်ဖတ်မလဲ။ စာဖတ်ရုံသက်သက်နဲ့ကို တစ်ယောက်ယောက်က လစာပေးထားတယ်ဆို ဟုတ်တာပေါ့။ စာအစုံ မဖတ်ပါနဲ့။ ကိုယ့်အလုပ်နဲ့ ဆိုင်တာ၊ ကိုယ့်ရည်မှန်းချက်အတွက် အထောက်အပံ့ဖြစ်မယ့်စာကို ဦးစားပေးဖတ်၊ EQ မြင့်ဖို့ ရသစာပေ များများဖတ်။ ဒီလောက်ဆို လုံလောက်ပါတယ်။
တစ်ခုလေး သတိထားစေချင်တာကတော့ စာဘယ်လောက်ဖတ်ထားတယ် ဆိုတာထက် ဖတ်ထားတဲ့စာတွေကို ဘယ်လောက်ပြန်အသုံးချပြီးပြီ ဆိုတာက ပိုအရေးကြီးပါတယ်။
၎။ Result-oriented age
ဒီနေ့ခေတ်ရဲ့ အပြောင်းအလဲတစ်ရပ်ပါ။ အဖွဲ့အစည်းတော်တော်များများဟာ ဒီပုံစံဖြစ်နေကြပါပြီ။ မနေ့က မင်း ဘာလုပ်ခဲ့တယ်ဆိုတာ ဘယ်သူမှစိတ်မ၀င်စားတော့ဘူး၊ ဒီနေ့ မင်းဘယ်လောက်လုပ်နိုင်သလဲ ဆိုတာပဲ ကြည့်ကြတော့တယ်။ မင်းရခဲ့တဲ့ ဆုတံဆိပ်တွေထက် မင်းရဲ့ လက်ရှိပုံစံ (current form) ကပဲ မင်းအတွက် အာမခံချက်ပေးနိုင်လိမ့်မယ်။ ဒီကုမ္ပဏီမှာ ကိုယ်က လုပ်သက်အရင့်ဆုံးမို့ နောက်ဆုံးမှ အလုပ်ဖြုတ်မယ် မထင်နဲ့၊ First In Last Out မဟုတ်တော့ဘူး အရင်ဆုံးဝင်ပြီး အရင်ဆုံးထွက်သွားရတဲ့သူ First In First Out လည်း ဖြစ်သွားနိုင်တယ်။
၅။ Human skill
အောင်မြင်ချင်ရင် အလုပ်ကြိုးစားပါ၊ အလုပ်မှာ ထူးချွန်အောင် လုပ်ပါ ပြောကြတယ်။ မှန်ပါတယ်။ ဒီခေတ်မှာ ကိုယ့်အလုပ်ကို အောင်မြင်ရင် ရပြီလား။
Skill (၃)မျိုး ရှိပါတယ်။
Technical skill အလုပ်နဲ့ပတ်သက်တဲ့ အရည်အသွေးပါ။
တစ်ဆင့်ထပ်တက်ရင် Human skill လူတွေကို စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဦးဆောင်မှုပေးတာ၊ ပူးပေါင်းဆောင်ရွက်တာ၊ ဒါတွေလုပ်တတ်ဖို့ လိုလာတယ်။
နောက်ဆုံးက Conceptual skill ဆုံးဖြတ်ချက်ပေးရတဲ့ ရာထူးအဆင့်မျိုးတွေ ရှိရမယ့် အရည်အသွေးမျိုး။
လူငယ်အများစုဟာ Technical skill ရှိကြတယ်။ ဒါပေမယ့် Human skill မရှိဘူးဆိုရင်တော့ Managerial role ကို ရဖို့ ခက်ပါလိမ့်မယ်။ အလုပ်ချည်းကြိုးစားမနေဘဲ Human skill တက်ဖို့ကိုလည်း ကြိုးစားကြစေချင်တယ်။
၆။ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှပ်နှံပါ
ရတဲ့ပိုက်ဆံတွေ ဆယ်ပုံတစ်ပုံကို စုထားပါ လို့ ပြောတတ်ကြပါတယ်။ ဒါက မိသားစုအခြေအနေနဲ့တော့ ဆိုင်မှာပေါ့။ အကယ်၍များ ကိုယ်က ကိုယ်ရှာတာ ကိုယ်သုံးခွင့်ရှိတယ်ဆိုရင်တော့ အဲဒီစည်းမျဉ်းကို လိုက်နာစရာ မလိုပါဘူး။ ဘာလို့ဆိုတော့ ငယ်တုန်းမှာ ငွေနောက်မလိုက်ပါနဲ့၊ အတွေ့အကြုံနဲ့ ပညာနောက်သာ လိုက်ပါ။ လုပ်တဲ့အဖွဲ့အစည်းက လစာနည်းရင်တောင် ခေါင်းဆောင်က လေးစားစရာကောင်းမယ်၊ သင်ယူစရာတွေရှိတယ်၊ အတွေ့အကြုံကောင်းကောင်းရမယ်၊ ဒီမှာလုပ်လိုက်တဲ့အတွက် ကိုယ့် CV လေးက သိပ်လှသွားမယ်ဆို လုပ်သာလုပ်လိုက်ပါ။ ရတဲ့ငွေကို မစုနဲ့။ သင်တန်းတွေတက်၊ စာအုပ်တွေဝယ်ဖတ်ပါ။
၇။ ပြောင်းလဲပြင်လွယ် ဖြစ်ဖို့
ကြီးတဲ့ငါးထက် မြန်တဲ့ငါး ဖြစ်ဖို့လိုပါတယ် တဲ့၊ ပြောလာကြပါပြီ။ ဆိုလိုတာက ခေတ်က ဘာဖြစ်လာနိုင်တယ်ရယ်လို့ ကြိုတင်မှန်းဆပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်တဲ့သူတွေပဲ ထိပ်တန်းရောက်နေကြတာကို ပြောတာပါ။
၈။ EQ မြင့်ဖို့
ဒီဘက်ခေတ်မှာ ဥာဏ်ရည်ဘယ်လောက်မြင့်တယ် ဆိုတာထက် EQ ဘယ်လောက်မြင့်တယ်ဆိုတာကို ပိုဇောင်းပေးပြောလာကြပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲ၊ တစ်ဖက်ရဲ့ အခြေအနေကို ထည့်တွေးပြီး ဘယ်လောက်ညှိနှိုင်းဆောင်ရွက်နိုင်သလဲ၊ ပေါင်းသင်းဆက်ဆံရေး ဘယ်လောက် ကောင်းသလဲ ဆိုတာက အောင်မြင်မှုမှာ တော်တော်လေး အရေးပါလာပါတယ်။ Social capital လို့ ပြောရမယ့်၊ ကိုယ့်မှာ Network ဘယ်လောက်ကျယ်သလဲ၊ ကိုယ့်ကို ကူညီမယ့်သူ၊ ထောက်ခံမယ့်သူ၊ ကိုယ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်သူ ဘယ်နှယောက်ရှိလဲ၊ ဘယ်လိုလူတွေလဲ၊ ဒါတွေက အောင်မြင်ဖို့အတွက် အရေးပါလာပါတယ်။ ဒီအတွက် လူတစ်ယောက်ဟာ EQ မမြင့်လို့ မရတော့ပါဘူး။
၉။ Strategic approach
Strategy ဆိုတာ အရိုးရှင်းဆုံးပြောရရင် A set of long term objectives ပါ။ ဒါဟာ စီးပွါးရေးမှာမှ သုံးလို့ရတာ မဟုတ်ပါဘူး။ ကိုယ့်ဘ၀အတွက်လည်း အသုံးချလို့ ရပါတယ်။ ရေရှည်ရည်မှန်းချက်တွေ ချပြီး အလုပ်လုပ်တာဟာ မဟာဗျူဟာပါပဲ။ တစ်နေ့ ငါဘာဖြစ်ရမယ် ဆိုတဲ့ ယေဘုယျဆန်တဲ့ ရည်မှန်းချက်တွေထက် ငါ ဘယ်အသက်အရွယ်မှာ ဘာဖြစ်နေရမယ်၊ ဒီအတွက် ငါ ဘာကျောင်းတက်ရမယ်၊ ဘာပညာတွေ သင်ရမယ်၊ ဘယ်လိုအဖွဲ့အစည်းမျိုးမှာ အလုပ်လုပ်ရမယ်၊ ကိုယ့် Brand ကို ဘယ်လိုတည်ဆောက်မယ်၊ ဘယ်သူတွေနဲ့ Network ချိတ်မယ် စသဖြင့် နှစ်ကာလအလိုက် မဟာဗျူဟာတွေ ချမှတ်ပြီး အလုပ်လုပ်တတ်ဖို့ လိုလာပါတယ်။
၁၀။ Work smart
အလုပ်ကြိုးစားတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ဆိုက္ကားဆရာတစ်ယောက် တစ်နေ့(၁၀)နာရီလောက် ပင်ပင်ပန်းပန်းအလုပ်လုပ်လို့ ရတဲ့ငွေဟာ ဆရာဝန်တစ်ယောက်ရဲ့ တစ်နာရီစာ ၀င်ငွေနဲ့ သွားတူနေပါတယ်။ ဆရာဝန်တစ်ယောက်ရဲ့ ၀င်ငွေတစ်လစာက သူ့ဆေးရုံပိုင်ရှင်ဝင်ငွေရဲ့ အင်မတန်သေးငယ်သော အစိတ်အပိုင်းလေးမျှသာ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် အလုပ်ကြိုးစားတိုင်း ရပြီလားဆိုရင် မရသေးပါဘူး။ ဒါဖြင့် ဘာတွေ ထပ်ဆောင်းဖို့ လိုသေးလဲ။ ပညာ လိုပါတယ်။ အိုင်ဒီယာ လိုပါတယ်။ ရင်းနှီးမြှပ်နှံတတ်ဖို့ လိုပါတယ်။
ဒါတွေကတော့ ခေတ်သစ်က ကျွန်တော်တို့ကို တောင်းဆိုနေတဲ့ လိုအပ်ချက်တွေထဲက စဉ်းစားမိသလောက်ကို ရေးလိုက်တာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သတိပေးရင်းနဲ့ စာဖတ်သူများအတွက်လည်း တစ်စုံတစ်ရာ အကျိုးရှိမယ် ယူဆလို့ပါ။
ဒေါက်တာ ဖြိုးသီဟ
(၂၈.၁၀.၂၀၁၆ Daily Eleven သတင်းစာ)