Friday, September 8, 2017

ဆရာတော်က ကျောင်းတကာကို သတ်လိုက်ပြီတဲ့

ဆရာတော်က ကျောင်းတကာကို သတ်လိုက်ပြီတဲ့
***********************************
ရွာတစ်ရွာတွင်
ဝိနည်းအလွန်လေးစားသော
ဆရာတော်တစ်ပါးရှိလေ၏။

ဆရာတော်သည် ၀ိနည်းနှင့်ပတ်သက်လာလျှင် မည်သူ့မျက်နှာကိုမျှထောက်လေ့မရှိ။
ဘုရားမျက်နှာကိုသာကြည့်တတ်သော
ဆရာတော်ဖြစ်တစ်ပါးပင်။

ဆရာတော်၏ကျောင်းတကာသည်ကား သာသနာကို ကြည်ညိုလွန်းသောကြောင့် ကျောင်းဆောက်လှူထားသည်မဟုတ်။
မိမိလုပ်ငန်းအတွက်  အကာအကွယ်ယူရန် လှူဒါန်းထားသည့်အတွက် ဆရာတော်၏ သီလတန်ဘိုးကိုနားမလည်။

သူ့လုပ်ငန်းကားတစ်ခြားမဟုတ်။
နိုင်ငံတော်အကြီးအကဲတစ်ဦးနှင့်ပေါင်းပြီး
နိုင်ငံတော်ပိုင်ကျွန်းသစ်များကို ခိုးထုတ်ရောင်းချခြင်းဖြစ်၏။

ဆရာတော်ကား ကျောင်းတကာကိုတွေ့တိုင်းအောက်ပါအတိုင်း ဆုံးမလေ့ရှိ၏။

``ဒကာကြီး ၊ ခင်ဗျားတို့ လုပ်နေတဲ့သစ်တွေက ခင်ဗျားရဲ့ မိဘတွေစိုက်ခဲ့တာ ဟုတ်ရဲ့လား´´

``မဟုတ်ပါဘုရား ၊ ဒါပေမဲ့ဆရာတော် ....´´

``ဒါပေမဲ့ ဘာဖြစ်လဲ ဒကာကြီး ´´

``ဒီ ခေတ်ကလဲ ဒီလိုမလုပ်မစားရင် ထမင်းဝဘို့မလွယ်ဘူးဆရာတော်´´

``အော် ခက်တာဘဲ ဒကာရယ်၊ ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်နေမှပေါ့.... ´´

ဆရာတော်က ဘယ်လောက်ပင်တရားချချ ကျောင်းတကာ ကတော့ အလုပ်မပျက်ပေ။

တစ်နေ့....

ဆရာတော် တစ်ခြားရွာ အလှူတစ်ခုသို့ ညအိပ်ကြွသွားစဉ် ကျောင်းတကာမှာ အခက်ခဲတစ်ခုပေါ်လာလေ၏။
သူ့သစ်တွေကို ထောက်လှမ်းရေးတပ်ဖွဲ့မှ လိုက်ဖမ်းနေခြင်းဖြစ်သဖြင့် ဘယ်လိုမှကြံရာမရသည့်အဆုံး ဆရာတော်ကျောင်းထဲ ၀ှက်ထားလိုက်ရလေ၏။

ဆရာတော်ပြန်လာသောအခါ သိလျှင်သိခြင်းကျောင်းတကာကို ချက်ချင်းခေါ်ခိုင်းလိုက်ပြီး - - -

``ဟေ့ ဒကာ၊ မင်းရဲ့ပစ္စည်း​တွေနဲ့ ငါကရဟန်းသီလအပျက်ခံရမှာလား၊
ခုချက်ချင်း မင်းရဲ့သစ်တွေပြန်​ယူသွား´´

ကျောင်းတကာမှာ
အတော်လေးစိတ်ညစ်သွားပြီး

``ဆရာတော်ဘုရား ၊
တပည့်တော် ကျောင်းလှူထားတဲ့ ကျေးဇူးလေးကိုထောက်ပါဦးဘုရား´´

``ဘာပြောတယ် ၊ အေး ဒို့ကိုမကြည်ညိုရင် တကာတော်ရဲ့ ကျောင်းကို ခုဖျက်ယူသွားလိုက် ၊ ငါကျောင်းတွေကို မမက်မောဘူး´´

``အရှင်ဘုရား စဉ်းစားပါဦးဘုရား ´´

``ဘုန်းကြီးက စဉ်းစားပြီးလို့ပြောတာ ၊ ခုချက်ချင်းပြန်မယူရင် ဘုန်းကြီးကိုယ်တိုင် သက်ဆိုင်ရာကို တိုင်မယ် ၊ အေး အဲလိုတိုင်ပြီးရင် ဘုန်းကြီးလဲ သာသနာ့ဘောင်မနေတော့ဘူး ၊ လူထွက်မယ်´´

``အရှင်ဘုရားတို့က ဒါလေးမှ အားကိုဖော်မရဘူး ၊ အရှင်ဘုရားလက်မခံရင်နေ ၊ လက်ခံတဲ့နေရာကိုဘဲ သွားမယ်ဘုရား´´

ထိုကဲ့သို့ စိတ်ဆိုးဆိုးနဲ့ပြောပြီး ဆရာတော်ကိုတောင် ဦးမချတော့ဘဲ ထပြန်သွားလေတော့၏။

ထိုနောက် ရွာထဲတွင် သတင်းထူးတစ်ခု ထွက်ပေါ်လာလေ၏။

``ဆရာတော်က ကျောင်းတကာကို သတ်လိုက်ပြီတဲ့´´

ထိုသတင်းသည် ဟိုးလေးတကြော်ကြော်ဖြစ်သွားလေ၏ ၊ ထိုကြောင့် ရွာထဲမှ ကျောင်း​ဂေါပကများ ဆရာတော်အထံသို့ရေးကြီးသုတ်ပျာပြေးလာပြီး.....

``ဆရာတော်ဘုရား ´´

``ဘာလဲဒကာတို့´´

ကျောင်း​ဂေါပကများက ပြာယာခပ်နေပေမဲ့ ဆရာတော်မှာတော့ တည်ငြိမ်အေးဆေးလျှက် ။

``ကျောင်းတကာကို သတ်လိုက်တယ်ဆိုဘုရား´´

``အင်း ဘုရားပေးတဲ့သတ်နည်းနဲ့ သတ်လိုက်တာပါ´´

``တပည့်တော်တို့ နားလည်အောင်ရှင်းပြပါဦး ဘုရား´´

``ဘုရားရှင် အစရှိတဲ့သူတော်ကောင်း
တွေက ပြောလို့ဆိုလို့ လက်မခံတဲ့သူတွေကိုသူတော်ကောင်းတို့သတ်နည်းနဲ့သတ်ကြတယ်။
ဘယ်လိုသတ်တာလဲဆိုရင် အဲသလိုဆုံးမရတာခက်တဲ့ လူကို နောက်နောင်ဘယ်သောအခါမှ သူတော်ကောင်းတရားမဟောမပြောဘူး။ သူတော်ကောင်းတရား မနာရတဲ့လူလောက် ဘ၀ဆုံးရှုံးတာမရှိဘူး။ သူတော်ကောင်းတွေရဲ့
အဆုံးမ မရတဲ့သူရဲ့ဘ၀ကလဲ သေနေတာနဲ့ဘာမှမထူးတော့ဘူ။ ဒါ့ကြောင့် တကာတို့လဲ အသတ်မခံရအောင်နေကြ၊´´

``သာဓု သာဓု သာဓုပါဘုရား´´

Posted by Ashin Rsein
Credit: Khin Maung